ကော့သောင်း - ရနောင်း နယ်စပ်ဂိတ်ရှိ ရနောင်းဘက်မှ စဖန်ဖလားဆိပ်ကမ်းကို လူဝင်၊ လူထွက် ထပ်မံပိတ်လိုက်ပြီဖြစ်ပြီး ကုန်စည်အဝင်အထွက်တစ်ခုတည်းသာ လက်ခံကြောင်းသိရ

ကော့သောင်း - ရနောင်း နယ်စပ်ဂိတ်ရှိ ရနောင်းဘက်မှ စဖန်ဖလားဆိပ်ကမ်းကို လူဝင်၊ လူထွက် ထပ်မံပိတ်လိုက်ပြီဖြစ်ပြီး ကုန်စည်အဝင်အထွက်တစ်ခုတည်းသာ လက်ခံကြောင်းသိရ
 ကော့သောင်းမြို့နယ်နှင့် နယ်ချင်းထိစပ်နေသော ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ စဖန်ဖလားဆိပ်ကမ်းကို တွေ့ရစဉ်
ကော့သောင်းမြို့နယ်နှင့် နယ်ချင်းထိစပ်နေသော ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ စဖန်ဖလားဆိပ်ကမ်းကို တွေ့ရစဉ်
Published 24 March 2020
ဇော်မိုးဦး (မြိတ်)

ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ရှိ ထိုင်းနိုင်ငံဘက်မှ စဖန်ဖလားဆိပ်ကမ်းကို လူဝင်၊ ထွက် ထပ်မံပိတ်လိုက်ပြီဖြစ်ပြီး ကုန်စည်အဝင်အထွက်တစ်ခုတည်းသာ လက်ခံတော့ကြောင်း တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များက ပြောကြားသည်။

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်နှင့် နယ်ချင်းထိစပ်နေသော ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ စဖန်ဖလားဆိပ်ကမ်းကို မတ် ၂၂ ရက်အထိ ဖွင့်လှစ်ပေးထားသော အဆိုပါဆိပ်ကမ်းကို မတ် ၂၃ ရက်မှစတင်ပြီး လူဝင်၊ လူထွက်ကိုပါ ထပ်မံပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ စဖန်ဖလားဆိပ်ကမ်းကို လူဝင်၊ လူထွက် ပိတ်လိုက်သလို မြန်မာနိုင်ငံမှ ကော့သောင်းဆိပ်ကမ်းကိုလည်း လူဝင် ထွက် ပိတ်လိုက်သည့်အတွက် ကော့သောင်းဆိပ်ကမ်းတစ်လျှောက် အသွားအလာ တိတ်ဆိတ်နေခဲ့ကြောင်း သိရသည်။

“စဖန်ဖလားဘက်က ပိတ်လိုက်ပြီ။ လူဝင်/ လူထွက် လုံးဝမရတော့ဘူး။ ကျွန်တော်တို့ဘက်ကလည်း ထွက်တာမရှိတော့ဘူး။ ကျွန်တော်တို့ဘက်ကလှေတွေလည်း ရပ်နားထားတယ်။ သူတို့ဘက်ကလှေတွေလည်း ရပ်နားထားလိုက်ပြီ။ သူတို့ဆီက ထုတ်ပြန်ထားတာရှိတယ်။ တရားဝင်လက်မှတ်နဲ့ တင်သွင်းမယ့်ကုန်စည်တွေရှိရင် စိစစ်ပြီးမှလက်ခံပေးမယ်။ ကုန်စည်လာတင်တဲ့ လှေသားတွေ၊ အလုပ်သမားတွေကို စဖန်ဖလားမှာ စစ်ဆေးခံရမယ်။ အဲဒါပြီးမှ ကုန်တင်ချတာ ခွင့်ပြုမယ်လို့ပြောထားတယ်။ ဒီဘက်မှာလည်း ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး စစ်ဆေးနေတယ်။ သူတို့ဘက်က ပိတ်လိုက်သလို ကျွန်တော်တို့ဘက်ကလည်း ပိတ်လိုက်ပါပြီ” ဟု ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။

ကုန်စည်စီးဆင်းမှုတစ်ခုတည်းသာ ကျန်တော့သော်လည်း ရေထွက်ကုန်များမှာ ရာခိုင်နှုန်း ၅၀ အထိ စျေးနှုန်းထိုးကျသွားကြောင်း သိရသည်။

“တစ်ဖက်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတယ်ဆိုတဲ့သတင်းတွေလည်း ကြားနေရတဲ့အတွက် ကျွန်တော်တို့ဆီကလည်း ရောဂါကာကွယ်ရေးစနစ်တွေ၊ ကိုယ်အပူချိန် တိုင်းတာတွေ လုပ်ပေးပြီးမှ လွှတ်ပေးပါတယ်။ Export သွားတဲ့လှေတွေက လှေသားတွေကိုလည်း မလိုအပ်ရင် ကမ်းပေါ်မတက်ဖို့ ကြိုတင်မှာကြားထားပါတယ်။ တစ်ဖက်ကမ်းမှာ ရေထွက်ပစ္စည်းသွားပို့ပြီး ပြန်လာတဲ့လှေတွေကိုလည်း ကမ်းနီးကမ်းဝေးချက် ပွိုင့်မှာ ကိုယ်အပူချိန်တိုင်းတာတွေ၊ စစ်ဆေးတာတွေလုပ်ပြီးမှ သက်ဆိုင်ရာငါးဖမ်းကွက်ကို ပြန်လည်ထွက်ခွာစေတဲ့အစီအစဉ်တွေ  လုပ်ထားပါတယ်။ စျေးနှုန်းတွေက ရာခိုင်နှုန်း ၅၀ အထိ ကျဆင်သွားပါတယ်။ သူတို့မှာလည်း ရှိတဲ့အရင်းအနှီးနဲ့ ထိန်းထားရတယ်ဆိုတော့ ရေရှည်မှာ မထိန်းထားနိုင်တော့ဘူး။ ပြန်ဖြန့်ရမယ့်စျေးကွက်မရှိတော့ အခုဆိုရင် ပစ္စည်းတချို့က ရာခိုင်နှုန်း ၅၀ အောက်ကို လျော့ကျသွားပြီ။ ကျွန်တော်တို့ငါးစျေးကွက် အဲဒီမှာပဲရှိတယ်။ အခုက စျေးကျတဲ့ အနေထားပဲရှိသေးတယ်။ လုံးဝပိတ်လိုက်ရတဲ့အနေထားမျိုး မဖြစ်လာဘူးလို့ မပြောနိုင်ဘူး။ အဲဒီအနေထားရောက်သွားရင် စျေးကွက်လုံးဝပျောက်သွားရလိမ့်မယ်။ လောလောဆယ်က ဒီထွက်ပေါက်တစ်ခုပဲရှိပါတယ်” ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောကြားသည်။

စဖန်ဖလားဂိတ်မပိတ်မီ ကော့သောင်းမြို့သို့ မြန်မာရွှေ့ပြောင်းလုပ်သားထောင်ချီ ဝင်ရောက်လာခဲ့ပြီး ယခုလူဝင်/ ထွက်ပါ ပိတ်လိုက်သည့်အတွက် ရနောင်းမြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သားများစွာ သောင်တင်နေကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နယ်စပ်ဂိတ်အသီးသီးတွင် လူဝင်/ လူထွက်နှင့် ကုန်စည်အဝင်အထွက် အားလုံးပိတ်လိုက်ပြီဖြစ်ပြီး လက်ရှိအနေထားတွင် စဖန်ပလားဆိပ်ကမ်းတစ်ခုတည်းသာ ကုန်စည်တစ်မျိုးတည်းကိုသာ အဝင်/ အထွက် ခွင့်ပြုပေးထားကြောင်း သိရသည်။

                                   

 

 

Most Read

Most Recent