စားဝတ်နေရေး ဘေးကျပ်နံကျပ်

စားဝတ်နေရေး ဘေးကျပ်နံကျပ်
Published 3 December 2017

တစ်နေ့လုပ်ခ ကျပ် ၅၆၀၀ သတ်မှတ်ရေး စက်ရုံပေါင်းစုံမှ အလုပ်သမားများ လှိုင်သာယာမြို့နယ်အတွင်း ဒီဇင်ဘာ ၃ ရက်က ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ကြည်နိုင်)

အစိုးရသစ် တက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်လာရန် မျှော်မှန်းထားသော်လည်း ကဏ္ဍပေါင်းစုံတွင် ယခင်ကထက် စီးပွားရေးပိုမိုကျပ်တည်းမှုတွေ ရင်ဆိုင်နေရတယ်လို့ နယ်ပယ်အသီးသီးက လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေဆီက အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်မှာ NLD အစိုးရသစ် တက်လာပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ကိုပါ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။

အစိုးရသစ်ရဲ့ စီးပွားရေးမူဝါဒ ၁၂ ရပ် ချမှတ်ခဲ့သလို ပြည်တွင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့အတွက် ယခင်က ဥပဒေနှစ်ခုဖြစ်တာကို တစ်ခုတည်းဖြစ်အောင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်မှာ အခွန်ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်တွေ ရရှိနိုင်မယ့် ဦးစားပေးမြှင့်တင်မယ့် ရင်းနှီးမြှုပ်နှံမှုမူဝါဒကိုပါ အစိုးရသစ် လက်ထက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ဟာ မြန်မာ့စီးပွားရေး စတင်တိုးတက်လာတော့မယ့် နှစ်ဖြစ်မယ်လို့ အစိုးရသစ်ရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးက တရားဝင် ပြောကြားထားပါတယ်။ ပညာရှင်တွေကလည်း ၂၀၁၅ မှာအစိုးရ သစ်တက်လာပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ်မှာတော့ မြန်မာ့စီးပွားရေးတိုးတက်ဖို့ အရှိန်ရလာတော့မယ်လို့  ခန့်မှန်းထားခဲ့ပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့  စီးပွားရေးဟာ တိုးတက်လာတဲ့ အနေအထားထက် ကဏ္ဍအသီးသီးမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ကိုယ့်လုပ်ငန်းရပ်ဆိုင်း မသွားအောင်ပင် ရုန်းကန်နေရတယ်လို့  လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

 

လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေအပေါ် လုပ်ငန်းရှင်တွေရဲ့ အမြင်

“လက်ရှိစီးပွားရေး အခြေအနေကိုပြောရရင် ဘယ်သူမှမကောင်းကြဘူး။ အခြေအနေက ဆန်ကောင်းလားဆိုရင် မကောင်းဘူး။ ပဲကောင်း လားဆိုရင် မကောင်းဘူး။ ဆောက်လုပ်ရေး ကောင်းလားဆိုရင်လည်း မကောင်းဘူး။ ကားသမားတွေ အရောင်းအဝယ်ကောင်းလားဆိုရင်လည်း မကောင်းဘူး။ အဲဒီတော့ ကုန်ထုတ်လုပ်မှုလုပ်ပါလား ပြောရင်လည်း ကုန်ထုတ်လုပ်မှုက မကောင်းပြန်ဘူး။ ဘာလို့မကောင်းလဲဆိုရင် ကုန်ထုတ်လုပ်မှုက တကယ်တမ်း ကုန်ထုတ်တော့မယ်ဆိုရင် စပြီး မီးရဖို့ ကျန်တဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းစဉ်တွေ ငွေဈေးမတည်ငြိမ်မှုတွေ၊ အလုပ်သမားပြဿနာနဲ့ဆိုတော့ ကုန်ထုတ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း စသဖြင့်ပေါ့” လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

“အထည်ချုပ်လုပ်ငန်းဟာ နိုင်ငံခြားကနေ အော်ဒါတွေတော့ရှိမယ်။ သို့သော်လည်း အလုပ်သမားတွေ ပြဿနာရှိတော့ တကယ်တမ်း တာဝန်ယူတာဝန်ခံပြီး ဖြေရှင်းပေးမယ့်ဟာလည်း သိပ်မရှိဘူး။ ဖြေရှင်းပေးပြန်ရင်လည်း အလုပ်ရှင် မှန်တယ်လို့ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနက ပြောပြန်ရင်လည်း သူဌေးကို ဘက်လိုက်တယ် ဖြစ်မယ်။ အလုပ်သမားဘက်က လိုက်ပြန်ရင်လည်း  အလုပ်ရှင်တွေက နောက်ပိုင်းမှာ အလုပ်လုပ်ဖို့ ခက်တယ်။ နောက်ပိုင်းမှာ အဲဒီလိုတွေ ဖြစ်နေတာပေါ့” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

“လူတွေ စီးပွားရေးကျပ်တည်းနေတယ်ဆိုတာ အမှန်ပါပဲ။ လက်ရှိဘဝတွေမှာ ကန်စွန်းရွက်တစ်စည်းကို ၂၀၀ ကနေ ၃၀၀ ဖြစ်သွားပါပြီ။ ဆန်ဈေးတွေတက်လာပြီ။ အခြေခံစားကုန်တွေ တက်လာတဲ့အခါကျတော့ အလုပ်သမားတွေက လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး ၅၆၀၀ ရရှိရေး အပြင်ထွက်ဖို့အတွက်ကို စက်မှုဇုန်တွေ လှုံ့ဆော်စာတွေ ထွက်ပေးနေပါပြီ။ ကျွန်တော်ပြောချင်တာက အခြေအနေကို ပြောင်းသွားတာကိုလည်း အလုပ်သမားတွေ မြင်ဖို့လိုပါတယ်။ အရင်တုန်းက နိုင်ငံတော်က စက်မှုလုပ်ငန်းရှင်တွေနဲ့ ခေါ်ယူညှိနှိုင်းလို့ အဖြေတစ်ခုရခဲ့ပြီးပြီ။ အခုဟာက ပြောင်းလဲသွားပြီ။ လွှတ်တော်တို့ဘာတို့က ပါလာပြီဆိုတော့ ဒီကိစ္စက လုပ်ငန်းရှင်နဲ့မဆိုင်တော့ဘူး။ လုပ်ငန်းရှင်ကပေးနိုင်တာ အကုန်ပေးထားပြီးပြီ။ သူတို့ဘက်ကလည်း မှန်ပါတယ်၊ စားဝတ်နေရေး ကျပ်တည်းလာတယ်၊ အလုပ်အကိုင်တွေ တော်တော်များများ ကျပ်လာတယ်။ အပြင်က ရင်းနှီးမြှုပ်နှံမှုတွေကလည်း သိပ်ပြီးကောင်းတယ်လို့ ပြောလို့မရဘူး။ တကယ်အင်မတန် ကောင်းတယ်ဆိုတဲ့ အထည်ချုပ်တွေတောင် အော်ဒါတွေ နည်းကုန်ကြပြီ။ ဒီအချိန်က အော်ဒါနဲတဲ့အချိန်ဆိုတော့ လူကို စိစစ်နေတဲ့အခါကျတော့ ကဏ္ဍတွေသွားဆုံတာပေါ့” ဟု ရွှေလင်ပန်း စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းတွေမှာပဲ လုပ်ငန်းတွေက နိုင်ငံခြားက မဝယ်လို့အရှုံးပေါ်ကြတယ်။ တောင်သူတွေနဲ့ ပတ်သက်တဲ့ဆန်စပါးကျတော့ စပါးပေါ်ချိန်မှာ ကြိုရောင်းထားတဲ့အခါ စပါးဈေးတက်လာတော့ ရှုံးကြတယ်။ မလုပ်တဲ့လူက ရှုံးသလိုလုပ်တဲ့သူက ရှုံးနေတဲ့အခါကျတော့ ဈေးကွက်ထဲမှာ ကြားရတဲ့ သတင်းတွေကတော့ မင်္ဂလာသတင်းကို မတွေ့ရဘူးလို့လည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

“သူဌေးစားတဲ့ ဆန်တစ်အိတ် ကို ၅၀၀၀၀၊ ၆၀၀၀၀ ကျော်ဖြစ်သွားတာက အရေးမကြီးဘူး။ အလုပ်သမားစားတဲ့ ဆန်ကြမ်း ၁၈၀၀၀၊ ၂၀၀၀၀ ကနေ ၂၃၀၀၀ လောက်ဖြစ်သွားတာက မကောင်းဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုတရုတ်ပြည်ကလည်း ခိုးကြောင်ခိုးဝှက်နဲ့ အကြီးအကျယ်ဝယ်နေတယ်။ ပို့တဲ့သူတွေက အကြီးအကျယ်ဝယ်နေတယ်။ တစ်နေ့ကို ဆန်အိတ်နှစ်သိန်းသွင်းတဲ့ ကုန်စည်ဒိုင်က ဘယ်လောက်လာလာ မလောက်တော့ဘူး။ မလောက်တော့ ရပ်ကွက်တွေထဲမှာ ရောင်းတဲ့သူတွေက ဆန်မရနိုင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ Export ပို့မယ့်သူတွေက သင်္ဘောလေးစင်းက ဆိုက်နေပြီ။ ဆန်တင်ဖို့။ စာချုပ်ပါ စည်းကမ်းအရ မတင်ရင်သူတို့က လျော်ရတော့မယ်။ လျော်ကြေးတွေ ပေးရတော့မယ်။ အဲဒီတော့ မရရတဲ့နည်းနဲ့  ကြုံတဲ့နေရာကနေ ကုန်စည်ဒိုင်တောင်မရောက်ဘူး၊ လမ်းကနေ ဖြတ်ဝယ်နေတော့ ကုန်စည်ဒိုင်မှာ ဆန်ပြတ်ကုန်တယ်။ ဒီကြားထဲ ရာသီဥတုက ကိုယ့်ဘက် မပါဘူး၊ မိုးကရွာလိုက်တော့ စပါးရိတ်ရမယ့်အချိန်မှာ မိုးကရွာ၊ ရေတွေစိုတော့ ကြိတ်လို့ကမရ။ စပါးဈေးတက်တော့ တောင်သူတွေအတွက်ကောင်းတယ်။ ဒါပေမဲ့ စပါးဈေးတက်ရင် ဆန်ဈေးတက်လာတော့ မကောင်းပြန်ဘူး။ တစ်ခါတလေကျတော့ မရောင်းရသေးတဲ့ တောင်သူတွေကျတော့ ပြဿနာမရှိဘူးပေါ့။ ကြိုရောင်းထားတဲ့ လယ်သမားတွေကတော့ ဒုက္ခရောက်တာပေါ့။ အဲဒါကြောင့်မို့ ဒါကိုလည်း ပစ်ထားလို့မရဘူး။ နိုင်ငံတော်အနေနဲ့ ဝင်ထိန်းကြောင်း ပေးဖို့တော့လိုတယ်။ မတရားတက်သွားရင် သူဌေးစားတဲ့ဆန်ဈေး တက်တာက အရေးမကြီးဘူး၊ အလုပ်သမားစားတဲ့ဆန်ဈေး တအားတက်ရင် မကောင်းဘူး” ဟု ဥက္ကဋ္ဌ ဦးအေးသောင်းက သုံးသပ်ပြောကြားပါတယ်။

ပြည်တွင်းမှာ လုပ်ငန်းရှင်တွေလည်း ရုန်းကန်နေရချိန်မှာ အခွန်ကိစ္စမျိုးစုံ ဖြစ်လာတာကလည်း လူတွေကို တော်တော်ခေါင်းကိုက်စေတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။ အာဆီယံစံနှုန်း၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ အခွန်တွေကောက်တာ ကောင်းပါတယ်။ နိုင်ငံတော်မှာ ပိုက်ဆံမရှိတော့ ဒီအခွန်ကောက်မှပဲ ပိုက်ဆံရမယ်ဆိုတာ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ လက်ခံပါတယ်။ ကောက်သင့်ပါတယ်။ ဒါပေမဲ့ သူများနိုင်ငံတွေလို ကိုယ့်နိုင်ငံက ဖွံ့ဖြိုးပြီလားဆိုတာ ကြည့်ပေးဖို့လိုတယ်။ အကြောင်းကြောင်းကြောင့် ပြည်သူတွေရဲ့ အကျိုးစီးပွားအလို့ငှာ ထောက်ရှုပေးဖို့ လိုတယ်လို့လည်း စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိအစိုးရသစ်ရဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှု ပြောင်းလဲမှုတွေက ရေရှည်အတွက် ကောင်းမွန်တဲ့ အလားအလာကောင်းများ ရှိနေသော်လည်း ပြောင်းလဲမှုကို စတင်လုပ်ဆောင်တဲ့ အစိုးရသစ်ရဲ့ ပထမနှစ်နှစ်အတွင်းမှာတော့ စီးပွားရေးကျပ်တည်းမှုကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

“စီးပွားရေးကတော့ အစိုးရ အပြောင်းအလဲမှာ စည်းကမ်းတကျ လုပ်လိုက်တော့ နဂိုတုန်းကနဲ့မတူတော့ စီးပွားရေး ကျဆင်းသွားတာပေါ့။ လူတွေက လွှတ်ပြီးတော့ ဥပဒေဘောင်ထဲက မလုပ်တဲ့သဘောတွေ များတာပေါ့လေ။ ဆောက်လုပ်ရေးတွေ ရပ်ဆိုင်းလိုက်တော့ ကျသွားတယ်။ အရောင်းအဝယ်တွေလည်း ကျသွားတယ်။ Chamber မှာလည်းလုပ်ငန်းတွေ တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးပြီးတော့ အဖြေရှာပြီး တိုင်းပြည်တိုးတက်အောင် လုပ်ဖို့ပေါ့လေ။ စက်မှုဇုန်တွေနဲ့ပတ်သက်ပြီး နည်းနည်း သက်ရောက်တာက အခုက အလုပ်သမားတည်ငြိမ်မှုက အားနည်းတယ်လေ။ အားနည်းတော့ လုပ်ငန်းတွေက ထိန်းထိန်းသိမ်းသိမ်း လုပ်ရတာပေါ့။ အရင်က ကိုယ်တိုးချဲ့ချင်တယ်ဆိုရင် အလုပ်သမားခန့်လိုက်၊ အခုဟာက အလုပ်သမား ပြဿနာတွေရှိတယ်။ လုပ်ခလစာတွေရှိတယ်ဆိုတော့ အဲဒါက အခက်အခဲရှိတာပေါ့။ အရင်တုန်းက ကိုယ်ကထုတ်လုပ်ပြီးတော့ ကိုယ့်လုပ်ငန်းက Season လျော့သွားတယ်ဆိုရင် အလုပ်သမားလျှော့လို့ ရတယ်လေ။ အခုက အဲဒီလိုလျှော့လို့ မရဘူး။ အလုပ်သမားက သူတို့လိုချင်တဲ့ လျော်ကြေးရမှ ကျေနပ်မယ်ဆိုတဲ့ သဘောတွေရှိတယ်။ ဆိုတော့ ကိုယ်လုပ်နိုင်သလောက် ဈေးကွက်ရှိသလောက် တကယ်တမ်း ပွင့်လင်းရာသီဖြစ်လာရင် ထုတ်နိုင်သလောက်  အရမ်းမထုတ်ကြဘူး။ ဘာဖြစ်လို့လဲဆိုရင် အလုပ်သမား လျှော့လို့မရလို့။ ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြတယ်” ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးမြတ်သင်းအောင်က သုံးသပ်ပြောကြားခဲ့ပါတယ်။

 

၂၀၁၇ နှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူထုစစ်တမ်း ကောက်နုတ်ချက်

ဦးသိန်းစိန်လက်ထက် မြန်မာ့စီးပွားရေး အခြေအနေအပေါ် စစ်တမ်းကောက်ယူချိန်မှာ ကောင်းတယ်လို့ မတင်မကျဖြေဆိုသူဟာ ၇၃ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာတော့ ၅၃ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ညံ့တယ်လို့ ထင်တဲ့သူတွေကတော့ ဦးသိန်းစိန် လက်ထက်မှာ ၁၁ ရာခိုင်နှုန်းပဲရှိခဲ့ရာက လက်ရှိမှာ ၂၂ ရာခိုင်နှုန်းအထိ ခုန်တက်သွားပါတယ်။ တော်တော့်ကို ညံ့တယ်လို့ ထင်မြင်ကြတာက ဦးသိန်းစိန် အစိုးရလက်ထက်မှာ ၁ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဦးထင်ကျော်အစိုးရ လက်ထက်မှာတော့ တော်တော်ညံ့တယ်လို့ ထင်မြင်မှုက ကိုးရာခိုင်နှုန်းအထိ မြင့်တက်လာတာကို မြင်ရပါတယ်။ ဒါ့အပြင် ဦးသိန်းစိန် အစိုးရလက်ထက် စီးပွားရေးဟာ အရမ်းကောင်းတယ်လို့ ထင်မြင်သူ ၁၂ ရာခိုင်နှုန်းရှိရာကနေ လက်ရှိအစိုးရလက်ထက်မှာတော့ ၁၀ ရာခိုင်နှုန်းပဲ ရှိတော့တဲ့အထိ ကျဆင်းသွားပါတယ်။

မနှစ်ကထက်စာရင် စီးပွားရေးအခြေအနေ ပိုကောင်းလာသလား၊ အရင်အတိုင်းပဲလား၊ ပိုဆိုးသွားသလားလို့ မေးရာမှာတော့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပိုကောင်းတယ်လို့ဖြေသူ ရာခိုင်နှုန်း ၄၀၊ အတူတူပဲလို့ဖြေသူ ၄၅ ရာခိုင်နှုန်း၊ ပိုဆိုးသွားတယ်လို့ ဖြေဆိုသူ ၁၆ ရာခိုင်နှုန်းပါ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာတော့ ပိုကောင်းတယ်လို့ဖြေသူ ၃၉ ရာခိုင်နှုန်း၊ အတူတူပဲလို့ ဖြေသူ ၃၇ ရာခိုင်နှုန်းနဲ့ ပိုဆိုးသွားတယ်လို့ ဖြေဆိုသူ ၂၃ ရာ ခိုင်နှုန်းအထိ ဖြစ်လာပြီး ဦးသိန်းစိန် အစိုးရလက်ထက်ကထက် ရလဒ်ကောင်းတွေ လျော့ကျတာကို စစ်တမ်းက ဖော်ပြပါတယ်။

နောက်ဆက်တွဲ မေးခွန်းအဖြစ်လာမယ့်နှစ်မှာ အစ်ကို၊ အစ်မတို့ရဲ့ စီးပွားရေးအခြေအနေ ပိုကောင်းလာမယ်လို့ထင်လား။ အတူတူပဲ ဖြစ်မယ်လို့ထင်လား။ ဒါမှမဟုတ် ပိုဆိုးသွားမယ်ထင်လားလို့ မေးရာမှာတော့ ပိုကောင်းလာမယ်လို့ထင်သူ ဦးသိန်းစိန်လက်ထက်မှာ ၅၇ ရာခိုင်နှုန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ၅၅ ရာခိုင်နှုန်းရှိပါတယ်။ အတူတူပဲ ဖြစ်မယ်လို့ထင်မြင်မှုက ဦးသိန်းစိန်လက်ထက်မှာ ၂၄ ရာခိုင်နှုန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ၂၆ ရာခိုင်နှုန်း ဖြစ်ပြီးတော့  ပိုဆိုးသွားမယ် ထင်နေကြတာက ဦးသိန်းစိန်လက်ထက်မှာ နှစ်ရာခိုင်နှုန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ကိုးရာခိုင်နှုန်းပါ။ စစ်တမ်းတွေအရဆိုရင်တော့ ပြည်သူတွေဟာ စီးပွားရေးတိုးတက်လာဖို့ မျှော်လင့်နေတာကို တွေ့ရမှာ ဖြစ်တယ်လို့  စစ်တမ်းကောက်ခံခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Global Strategic Partners က Rob Varsalon ဆိုပါတယ်။

အိမ်ထောင်စုရဲ့ စီးပွားရေး အခြေအနေအပေါ် မေးမြန်းခဲ့တဲ့ စစ်တမ်းမှာဆိုရင်လည်း အရမ်းကောင်းတယ်လို့ ထင်တဲ့အိမ်ထောင်စု ငါးရာခိုင်နှုန်းပဲရှိပြီး ကောင်းပါတယ်လို့ မတင်မကျဖြေတာက ၆၁ ရာခိုင်နှုန်းပါ။ ဆိုးတယ်လို့ ဖြေသူက ၂၃ ရာခိုင်နှုန်းနဲ့  အရမ်းဆိုးတယ်လို့ ဖြေတဲ့သူက ရှစ်ရာခိုင်နှုန်းအထိ ရှိနေပြန်ပါတယ်။ ဒါ့အပြင် အိမ်ထောင် စုဝင်ငွေဟာ ချောင်ချောင်လည်လည် နေနိုင်မှုရှိမရှိ အခြေအနေကို မေးမြန်းရာမှာလည်း လက်ရှိ ဝင်ငွေနဲ့ ချောင်ချောင်လည်လည် နေနိုင်တယ်လို့ဖြေတာက ၁၄ ရာခိုင်နှုန်းသာရှိပြီး လက်ရှိဝင်ငွေနဲ့ စားနိုင်နေနိုင်အဆင့်ပဲ ရှိနေတာက ၅၆ ရာခိုင် နှုန်းအထိ ရှိနေပါတယ်။ လက်ရှိ ဝင်ငွေနဲ့ ရပ်တည်မှုအပေါ်မှာ ဆိုးတယ်လို့ ဖြေတဲ့သူက ရာခိုင်နှုန်း ၂၀ နဲ့ အရမ်းဆိုးနေတယ်လို့ ဖြေတာက ကိုးရာခိုင်နှုန်းရှိတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ပိုဆိုးတာတစ်ခုကတော့ တစ်ပတ်ဝင်ငွေကို စားဝတ်နေရေးအတွက် ဘယ်လောက်အထိ သုံးနေလဲဆိုတာကို စစ်တမ်းကောက်ယူမှုပါ။ ဒီနေရာမှာ တစ်ပတ်ဝင်ငွေရဲ့ ရာခိုင်နှုန်း ၅၀ အောက်ကို စားဝတ်နေရေးအတွက် သုံးတာက ကိုးရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၅၀ လောက်ကို စားဝတ်နေရေးအတွက် သုံးနေတာက ၁၃ ရာခိုင်နှုန်း၊ တစ်ပတ်ဝင်ငွေရဲ့ ရာခိုင်နှုန်း ၅၀ ကနေ ၇၀ အကြားကို စားဝတ်နေရေးအတွက် သုံးနေတာက ၁၀ ရာခိုင်နှုန်းနဲ့ ရာခိုင်နှုန်း ၇၀ က နေ ၉၀ အထိကို စားဝတ်နေရေးအတွက် သုံးနေတာက ၂၁ ရာခိုင်နှုန်းပါ။ ရရစားစားသဘောမျိုးဖြစ်တဲ့ တစ်ပတ်ဝင်ငွေရဲ့ ရာခိုင်နှုန်း ၉၀ ကနေ ၁၀၀ ကို စားဝတ်နေရေးအတွက် သုံးနေတာက ၄၄ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဒါဟာ ပြည်သူ့ကျပ်တည်းမှု အမှန်တရားဖြစ်ပြီး မလွဲနိုင်ဘူးလို့ ယူဆရမယ့်အချက်ဖြစ်လို့ အခွန် Base ချဲ့မယ်ဆိုပြီး တွေ့သမျှတိုးကောက်ချင်တဲ့ မူဝါဒချသူတွေ သတိပြုဖို့ လိုအပ်ပါမယ်။

အခြေခံလူတန်းစားတွေရဲ့ စကားသံတွေ

“အရင်ဆို တစ်နေ့ကို ၂၀၀၀၀ ကျော်လောက်ရတယ်။ အခုဆို တစ်သောင်းခွဲကို မနည်းရှာရတယ်။ ဒီကြားထဲ ဓာတ်ဆီဈေးနှုန်းကလည်း ဈေးတက်လာတော့ ဓာတ်ဆီဆိုလည်း ၉၅ ကတော့ ကားသက်သာတယ် သိပေမယ့်လည်း  ၉၂ ပဲ ထည့်မောင်းရတယ်။ တစ်လီတာကို ၅၀ ကွာတယ်ဆိုပေမယ့် အများကြီးကျရင်တော့ ငွေပမာဏက အများကြီး ကွာသွားရော။ ဖြစ်နိုင်ရင်  ၉၂ ထက်နိမ့်တာ ရှိရင်ထည့်ချင်သေးတယ်။ အရင်ကဆို ၁၈၀၀၀ ပေးပြီး မောင်းတယ်။ ကိုယ့်အတွက် လေးငါးသောင်းကျန်တယ် အဲဒါက မနက် ၈ နာရီထွက်တယ်။ ညနေ ၅ နာရီ သိမ်းတယ်။ အဲဒီအချိန်ပိုင်းလေး အတွင်းမှာပဲ အဲဒီငွေပမာဏရ အောင်မောင်းလို့ ရတယ်။ အဲဒါက ၂၀၁၃ က ကိုယ်နဲ့ ယှဉ်တဲ့ကားတွေက အစုတ်တွေလေ ပြီးတော့တစ်ခုရှိတာက ကိုယ်ကဘယ်နေရာကို သွားသွားအော်တာရတယ်။ အရင်တုန်းက တက္ကစီရှားတဲ့ခေတ်လေ ကားကလဲ အင်ဂျင်ပါဝါကြီးတယ်။ တစ်နေရာနဲ့ တစ်နေရာကို လမ်းကချောင်တော့ ခဏလေးနဲ့ ပို့လို့ရတယ်။ အဲဒီတုန်းက စီးပွားရေးက တကယ်ကောင်းတယ်။ အဲဒီနောက်ပိုင်း နှစ်တွေတိုးတိုးလာတော့ ဝင်ငွေဆုတ်ဆုတ်လာတယ်။ အခုဆိုပိုတောင် ဆိုးသေးတယ်။ နောက်ကလေးတစ်ယောက်မွေးလာတော့ ပိုတောင်အိမ်စရိတ်က တိုးလာသေးတယ်။ အရင်က ရှာပေးတဲ့ ပမာဏထက် နှစ်ယောက်စာပိုပြီး ရှာပေးရတယ်။ ဒီကြားထဲ မနက်ဖြန်ကို Owner ကြေးသွားပေးရ မယ်။ Owner က ကားအင်ဂျင်ကိုင်မှာမို့ နှစ်ရက်နားရမယ်။ အဲဒီနှစ် ရက်စာက တိုင်ပတ်ဦးမယ်။ အိမ်မှာ နားငြီးဦးမယ်” ဟု ရန်ကုန်မြို့တွင် တက္ကစီမောင်းနေသူတစ်ဦးက ပြောပြခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ရင်ဆိုင်နေတဲ့ ပြဿနာတွေထဲမှာ နေရေးကလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ ကျောတစ်ခင်းစာနေရာရဖို့အရေး ရုန်းကန်နေရသူတွေ၊ စားဖို့ထက်နေဖို့ကိုသာ ဦးစားပေးရှာဖွေနေရသူတွေဟာ အများကြီးပါပဲ။

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဆိုက်ကားနင်းနေတဲ့ ဦးအောင်မင်းကလည်း “ကျွန်တော်တို့က အညာသားတွေ။ အညာမှာ လယ်တွေရှိပါတယ်။ ရန်ကုန်မှာ ကျွန်တော်တို့အရပ်က လူတွေစုပြီး အိမ်ငှားနေကြတယ်။ ကျွန်တော်က ဆိုက်ကားနင်းတယ်။ တခြားသူတွေက ရွှေရင်အေး၊ မုန့်လက်ဆောင်းရောင်းတဲ့သူတွေ ရှိတယ်။ အရင်က တစ်နေ့ကို ၇၀၀၀ ကနေ ၁၀၀၀၀ အထိ ရတယ်။ တချို့ရက်တွေပါ ဆင်ဂျာရတဲ့ရက်တွေဆိုရင်တော့ ပိုရတယ်။ ဒါပေမဲ့ ဆိုက်ကားသမား ဝင်ငွေပဲဗျာ၊ ဘယ်လောက်ရရ၊ ရသလောက်က စားတာနဲ့တင် ကုန်တာပါပဲ။ ဒါတောင် အိမ်ငှားခက စုနေတော့ အရမ်းမကုန်လို့ တော်နေသေးတယ်။ မစုမိပါဘူးဗျာ။ ဒီကြားထဲ ကုန်ဈေးနှုန်းကလည်း သိတဲ့အတိုင်းပဲလေ” ဟု ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အသား၊ ငါးရောင်းနေကြသူကလည်း သူတို့ဝယ်ပြီး ရောင်းနေတဲ့ကုန်တွေ ဈေးတက်နေတဲ့အတွက် တစ်ခါတစ်ရံအရင်းရအောင် မနည်းရောင်းနေရတယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ ကြက်ဒိုင်ဆင်းရင် ဒိုင်ဈေးက တက်တယ်။ ကျွန်မတို့က ဈေးတင်ရောင်းရင် ဝယ်သူက ဝယ်မစားဘူး။ ဒါကကျွန်မတို့ ဈေးတင်ရောင်းတာ မဟုတ်ဘူး။ ဒိုင်ဈေးကို ကတက်လို့ တက်ရောင်းရတာ။ ဒါပေမဲ့ စားသုံးသူက မဝယ်တော့တစ်ခါ ဒိုင်ဆိုင်းထားရင် မကုန်လို့ နှစ်ရက်လောက်ရောင်းလိုက်ရတာ ရှိတယ်။ ရောင်းမကုန်ဘူးလေ။ အမြတ်အစွန်းဆိုတာထက် ကိုယ့်အရင်းမပြုတ်အောင် မနည်းရောင်းနေရတယ်။ ကိုယ်ဈေးမထွက်ရင် ကိုယ့်နေရာမှာသူများ လာရောင်းသွားမှာပဲ။ အဲဒါကြောင့်မို့ရယ် တစ်နေ့ကို  ၅၀၀၀ လောက်မြတ်ရင်ပဲ စားဖို့လေးတော့ ရပါတယ်လေဆိုပြီး ဈေးထွက်နေရတာပါ” ဟု တာမွေဈေးအတွင်း ကြက်သားရောင်းနေသူတစ်ဦးက ပြောပြပါတယ်။

စီးပွားရေးကျပ်တည်းနေ တယ်ဆိုတာ ရန်ကုန်မြို့က ပြည်သူတွေတင်မဟုတ်ပါဘူး။ စိုက်ပျိုးထုတ်လုပ်နေတဲ့ တောင်သူတွေ ကိုယ်တိုင် အကြွေးသံသရာထဲမှာ တဝဲလည်လည် ဖြစ်နေတာပါ။

မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ ရာသီဥတုပြောင်းလဲမှုတွေ၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေနဲ့ သဘာဝဘေးတွေကြောင့် လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်နေတဲ့ တောင်သူအများစုရဲ့ ဘဝအဆင်မပြေကြပါဘူး။ အစိုးရက စိုက်ပျိုးစရိတ်ချေးငွေတွေနဲ့  တခြားချေးငွေ ထုတ်ချေးပေးနေတယ်ဆိုပေမယ့် တကယ်တမ်းမှာ အဲဒီချေးငွေတွေကပဲ တောင်သူတွေကို အကြွေးသံသရာထဲက ရုန်းမထွက်နိုင်ဖြစ်နေကြပါတယ်။

တကယ်တမ်း တောင်သူတွေရဲ့ ဘဝတိုးတက်လာဖို့ဆိုရင်တော့ သီးနှံတွေဈေးကောင်းရဖို့နဲ့ ပြည်ပဈေးကွက်ဝင်သီးနှံတွေ ထုတ်လုပ်နိုင်ဖို့ပါ။ အဲဒီအတွက် နည်းပညာ  အရင်းအနှီးတွေလိုအပ်ပါတယ်လို့ တောင်သူတွေက ဆိုပါတယ်။

“ဒီနှစ်ဆိုရင် စပါးရိတ်သိမ်းတဲ့ အချိန်မှာ အချိန်အခါမဟုတ် မိုးရွာတော့ သီးနှံတွေ ပျက်စီးဆုံးရှုံးတယ်။ ဒီသီးနှံတွေစားရဖို့အတွက် နှစ်လခွဲလောက် အရင်းအနှီးစိုက်ပြီး စိုက်ပျိုးထားရတာ။ အလုပ်သမားစရိတ်ကလည်းကြီး၊ လူနဲ့နွားနဲ့ချည်း ရိတ်သယ်နေရင် အချိန်ကြာ၊ မိုးကြောင့် မစောင့်နိုင်တော့ စက်တွေငှားပြီး ရိတ်ရတော့ စရိတ်ကထောင်းပြန်ရော။ တစ်ဧကကို စက်ကြီးနဲ့ရိတ်တာ  ၇၀၀၀၀ ပေးရတယ်၊ ဒီဈေးက တော်ရုံလယ်သမား ဘယ်ရိတ်နိုင်မလဲ။ ဒါပေမဲ့ ဒီနှစ်စပါးဈေးလေးကောင်းလို့ တော်နေသေးတယ်။ အရင်နှစ်ကဆို စပါးဈေးက မကောင်း၊ စိုက်စရိတ်ပျိုးစရိတ်၊ အလုပ်သမား စရိတ်တွေနဲ့၊ အချိန်တန်တော့ ဘဏ်ချေးငွေ ပြန်ဆပ်ဖို့ စပါးကိုရတဲ့ဈေးနဲ့ ရောင်းလိုက်ရတော့ ကုန်ပြန်ရော။  နောက်ရာသီစပါး ပြန်စိုက်မယ်ဆိုတော့ ချေးရငှားရပြန်ရာပေါ။ ဝမ်းတစ်ထွာမို့လို့သာပေါ့ဗျာ” ဟု ပဲခူးတိုင်းဒေသကြီးအတွင်း တောင်သူ ကိုအောင်ထူးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဓိကပို့ကုန်ဖြစ်တဲ့ မတ်ပဲဆိုရင် အိန္ဒိယက အဝယ်ရပ်ဆိုင်းလိုက်တဲ့အတွက် ပဲစိုက်ပျိုး ထုတ်လုပ်သူတွေပဲ လုပ်ငန်းရှင်တွေအပေါ် သက်ရောက်ခဲ့ပါတယ်။ ယခင်နှစ်များက မိုးစပါးရိတ်သိမ်းပြီးရင် ပဲစိုက်ဖို့ အပြေးအလွှားပြင်ဆင်ကြတဲ့ ပဲစိုက်တောင်သူတွေ ဒီနှစ်မှာပဲအစား အခြားသီးနှံပြောင်းလဲစိုက်ပျိုးဖို့ ပြင်ဆင်ခဲ့ကြရပါတယ်။

မိုးမိထားသော စပါးများကို တလင်းသို့ သယ်ယူနေသော တောင်သူတစ်ဦးအား ဧရာဝတီတိုင်းကျေးလက်တစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

ဘာတွေ ဆက်လုပ်သင့်ပါသလဲ

ပြောရရင် နယ်ပယ်အားလုံး နီးနီးပေါ့။ ရွှေဆိုရင် ရွှေဈေးတက်တယ်။ စီးပွားရေးတစ်ခုက ငွေဈေးတည်ငြိမ်မယ်၊ ကျန်တဲ့လုပ်ရကိုင်ရ အဆင်ပြေချောမွေ့တဲ့အပိုင်းတွေ ရှိလာမယ်ဆိုရင် စီးပွားရေးလုပ်လို့ ပိုကောင်းလာမယ်လို့ သုံးသပ်ကြပါတယ်။

ပြည်သူတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကျပ်တည်းလာကြသလို ဘယ်သူ့လက်ထဲမှာမှ ငွေမရှိတဲ့ အခြေအနေ ဖြစ်နေပါတယ်။ လုပ်ငန်းရှင်တွေရဲ့လက်ထဲမှာ ငွေရှိနေသလားဆိုတော့လည်း မရှိဘူး။ ဝန်ထမ်းတွေကျတော့ ကိုယ်ရတဲ့ လစာနဲ့စားလောက်တဲ့ အဆင့်ပဲရှိတယ်။ အပိုအလျှံနည်းတယ်။ ဈေးသည်တွေကလည်း ဈေးရောင်းမကောင်းဘူး၊ စားသုံးသူကလည်း ဝယ်မစားနိုင်တဲ့အခြေအနေမှာ ရှိနေကြပါတယ်။ ဈေးဝယ်စင်တာတွေမှာဆိုရင် လူတွေက အိမ်မှာပူလို့ အိုက်လို့ ဈေးဝယ်စင်တာထဲလာပြီး လျှောက်ကြည့်နေတာမျိုးပဲရှိပြီး အများစုက မဝယ်နိုင်ကြပါဘူး။ ဒါဆိုရင် ငွေတွေ ဘယ်သူ့လက်ထဲမှာ ရှိနေမလဲဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။

“အချို့အလုပ်တွေက လုပ်ရင်ရှုံးမယ်၊ လုပ်ရင်အဆင်မပြေဘူး။ အဲဒီလိုလူမျိုးလည်းရှိမယ်။ ခုနက ပြောသလို ငွေကရှိမယ်၊ ဒါပေမဲ့ တကယ့်အင်အားကြီးတဲ့ သူတွေကျတော့လည်း ခေတ်ကာလအခြေအနေကို စောင့်ကြည့်နေတဲ့သဘောမျိုးလည်း ဖြစ်နိုင်တယ်။ ထိုင်နေရင် အကောင်းသား၊ ထသွားမှကျိုးမှန်း သိဆိုသလိုပေါ့နော်။  ငါတို့လုပ်ရင်ဘာမှလည်း အကျိုးအမြတ်မရှိနိုင်ဘူးဆိုပြီး ယူဆပြီး မလုပ်တာမျိုးလည်း ရှိနိုင်ပါတယ်။ တစ်ဖက်ကလည်း လုပ်ရကိုင်ရတာ ခက်ခဲလို့ မလုပ်တာလည်းရှိတယ်။ နှစ်ပိုင်းပေါ့နော်။ လုပ်လို့လွယ်တယ်၊ အကျိုးလည်းရှိနိုင်တယ်၊ လုပ်ရကိုင်ရလွယ်ရင်တော့ လုပ်ကြမှာပေါ့ဗျာ။ ပိုက်ဆံလိုချင်တယ်ဆိုတာ စီးပွားရေးသမားမှ မဟုတ်ဘူး။ အားလုံးက လိုအပ်မှုအရ လိုချင်တာပဲ။ ပိုက်ဆံမရှိရင် ထမင်းတောင် စားလို့မရတော့ လူတိုင်းကတော့ လိုချင်တာပဲ။ ငွေကြေးရင်းနှီးသလောက်တော့ အကျိုးအမြတ်ကလိုချင်တာပဲ။ လုပ်သမျှ အမြဲရှုံးနေရင်လည်း ကိုယ်ပဲလုံးပါးပါးမှာ။ အဲဒီသဘောပေါ့နော်။ အဲဒီတော့ ခုနကပြောသလို ပထမတစ်ချက်က လုပ်လို့အကျိုးအမြတ် မရှိနိုင်ဘူးယူဆလို့ မလုပ်တာရှိမယ်၊ နောက်တစ်ခုက လုပ်လို့ကိုင်လို့မလွယ်လို့ မလုပ်တာရှိမယ်၊         စီးပွားရေးအခွင့်အလမ်းမရှိလို့ မလုပ်တာလည်းရှိမယ်၊ အဲဒါကြောင့်မို့ ငွေကြေးက သေနေတဲ့သဘောရှိတယ်၊ လည်ပတ်မှုမရှိဘူး၊ မဟုတ်ရင်တော့လည်း ငွေကြေးက အားလုံးပေါ့၊ မရှိတဲ့သူမှာ လုံးဝမရှိဘူး၊ ရှိတဲ့သူက သူ့ဟာသူရှိတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

“အခု Passport ဌာနမှာ တန်းစီနေတာ လူပေါင်းမြောက်မြားစွာရှိနေတာ စဉ်းစားသာကြည့်ပေတော့။ အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လိုဖြစ်နေလဲဆိုတာ လက်တွေ့ပြလိုက်တာပဲလေ။ အလုပ်အကိုင်အခွင့် အလမ်းသာများနေရင် ဟိုမှာရတဲ့ဈေးနဲ့ မတိမ်းမယိမ်းပဲ ရနေမယ်ဆိုရင် အလုပ်ရှုပ်ခံပြီး ဘယ်သူမှသွားမနေတော့ဘူး။ ဒုက္ခရောက်လို့သာ သွားကြရတာလေ။ ဒါကိုလည်း လူကြီးတွေအနေနဲ့ အမြင်တစ်ခုအနေနဲ့ကြည့်တတ်ဖို့ လိုပါပြီ” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြည်တွင်းလုပ်ငန်းရှင်တွေ ဘယ်လောက် ဒုက္ခရောက်နေပြီဆိုတာ အမှန်ကိုကြည့်တတ်ဖို့လိုပြီ။ စက်ရုံတစ်ခုဆိုတာ တစ်နှစ်နှစ်နှစ်နဲ့ အဆင်မပြေနိုင်ပါဘူး။ ချက်ချင်းလုပ်လို့ ဘယ်သူမှ အဆင်မပြေနိုင်ဘူး။ အရှုံးခံပြီး တစ်နှစ်နှစ်နှစ်လုပ်မှ သုံး၊ လေးနှစ်ကြာမှ Stable ဖြစ်တာ။ ငါးနှစ်လောက်ကြာမှ အမြတ်ရတာပါ။ အခွန်ဆိုတာလည်း ဒီလုပ်ငန်းရှင်တွေပဲ ဆောင်နေကြတာ။ အဲဒီတော့ ဒီလူတွေအသက်ဆက်နိုင်ဖို့လိုတယ်။ ဒီလူတွေ နိုင်ငံတကာနဲ့ မယှဉ်နိုင်တာလည်း နိုင်ငံတော်က သိပြီးသားလေ။ သိလျက်သားနဲ့  မျက်စိမှိတ်ပြီး အခွန် အခွန်ဆိုပြီး လုပ်နေတော့ တမျိုးကြီးပေါ့ဗျာ” ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

“အခွန်က မကောက်နဲ့မပြောပါဘူး။ အခွန်ကိုနေရာတိုင်းမှာ အခွန်ရှောင်လို့ အခွန်ချည်းပဲ အကုန်ကောက်ရမယ်ဆိုတဲ့ နည်းစနစ်ကလည်း မမှန်ဘူး။ စီးပွားရေးအရ ပြောမယ်ဆိုရင် အမြတ်များများတင်ရောင်းရင် မြတ်တယ်ဆိုတာ လူတိုင်းသိတာပေါ့နော်။ ဒါပေမဲ့ အမြတ်ကြီးစွတ်တင်ပြီး ဝယ်တဲ့သူ  မရှိရင် မြတ်ပါ့မလား။ အဲဒီလိုပဲပေါ့ အခွန်တွေ အရမ်းတင်ပြီး ဆောင်တဲ့သူဘက်က မဆောင်နိုင်လို့ ဆောင်တာနည်းရင်ရော အခွန်က ရသင့်သလောက်မရဘူးပေါ့။ စီးပွားရေးဘက်ကလည်း အခွန်ကို ကြောက်ပြီးတော့ မဝယ်နဲ့ဆိုရင် ငွေကြေးလည်ပတ်မှုက မကောင်းပြန်ဘူး။ နိုင်ငံတော်အခွန်ရသင့်သလောက် မရဘူးပေါ့။ အဲဒီလိုရှိတဲ့အတွက် ဂျာအေးသူ့အမေရိုက်ဆိုသလို ဖြစ်နေတယ်။ ကျွန်တော်တို့က အခွန်ကိုမပေးချင်တာ မဟုတ်ဘူး။ ပေးချင်တယ်၊ ဖြစ်သင့်ဖြစ် ထိုက်တဲ့နှုန်းနဲ့ပေ့ါ။ ဒီလိုစီးပွားရေးမကောင်းတဲ့ အချိန်မှာ ထိုက်သင့်တဲ့ အခွန်နှုန်းထားတွေ လျှော့ပေးရင်  စီးပွားရေးက ငွေကြေးလည်ပတ်မှု ပိုကောင်းလာမယ်။ ငွေကြေးလည်ပတ်မှု ကောင်းရင် စီးပွားရေးက အဆင့်တစ်ဆင့်ရောက်သွားပြီဆိုရင် လိုအပ်တဲ့ ထိုက်သင့်တဲ့ အခွန်ကို ကောက်လိုက်မယ်ဆိုရင် အားလုံးအဆင်ပြေသွားတာပေါ့” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

အာဆီယံစံနှုန်းနဲ့အညီဆိုရင် အာဆီယံစံနှုန်းနဲ့အညီ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး အကုန်လုပ်ပေးနိုင်ပြီလား။ ဒါလေးတွေလည်း ထည့်တွက်ပေးဖို့လိုပါတယ်။ ထည့်တွက်ဖို့လည်း အချိန်တန်ပါပြီဟုလည်း လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“စက်ရုံတွေဖြစ်နေတဲ့ အခြေအနေတွေကို တကယ်ကွင်းဆင်းပြီး ကြည့်ကြပါဦးလို့ ကျွန်တော်ကတော့ မေတ္တာရပ်ခံချင်တယ်။ မကြည့်ရင် ရှေ့လျှောက်အလားအလာတော့  မကောင်းဘူးပေါ့ဗျာ။ စက်ရုံပိတ်လိုက်တာကတော့ မြန်တာပေါ့ဗျာ။ ရှုံးတာမခံနိုင်လို့ သုံးလစာပေးပြီး ပိတ်လိုက်တာကတော့ လွယ်တာပေါ့။ အဲဒါကြောင့်မို့ အခုစာဆိုတောင်ဖြစ်လာပါပြီ။ ဘီလျံနာကနေ ပြုတ်ချင်ရင် စက်ရုံထောင်ဆိုသလို ဖြစ်နေပြီ။ ထိုင်စားရင် မကုန်ဘဲ စက်ရုံထောင်စားရင် ကုန်သွားတဲ့ လူတွေအများကြီး ဖြစ်လာပြီ။ ဒါကလည်း အဖြစ်မှန်ပဲ။ အဲဒါကြောင့်မို့ တိုင်းပြည်ကလည်း ငွေလိုတယ်၊ လုပ်ငန်းရှင်ကလည်း ငွေလိုတယ်၊ အားလုံးကလိုတဲ့ လူတွေချည်းပဲ။ ခေါင်းစဉ်ကတော့ အတူတူပဲ။ ဒါပေမဲ့ ရှုပုံချင်းမတူတဲ့အခါကျတော့ တစ်ယောက်ကိုတစ်ယောက် ရန်သူလို သဘောထားရင်တော့ တိုင်းပြည်က ရေရှည်မကောင်းပါဘူး” ဟု ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဦးအေးသောင်းက သုံးသပ်ပြောကြားခဲ့ပါတယ်။

စီးပွားရေးတိုးတက်မှုအပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမယ်လို့ မျှော်မှန်းထားပေမယ့် ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံစီးပွားရေးတစ်ခုလုံးကို အကြမ်းဖျင်း ထိခိုက်ခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက သုံးသပ်ထားပါတယ်။

ဒီနှစ်မှာ စီးပွားရေးအရှိန်အဟုန် ကောင်းလာမယ်လို့ မျှော်မှန်းထားသော်လည်း ပြည်တွင်းပဋိပက္ခများနှင့် ကြုံတွေ့ခဲ့ရတဲ့အတွက် လာမည့်နှစ်ကို ဆက်လက်ကြိုးစားရမယ်” လို့လည်း ဦးရဲမင်းဦးက ဆိုပါတယ်။

Most Read

Most Recent