ပြည်တွင်း ပဲတီစိမ်းစျေးကွက်သည် အိန္ဒိယစျေးကွက်ကို မမှီခိုဘဲ အရည်သွေးမြင့် ဥရောပစျေးကွက်ကို အဓိက တင်ပို့နေသည့် အတွက် ပြည်တွင်း၌ ပဲတီစိမ်းစျေးနှုန်းသည် တစ်တန်လျှင် အမြင့်ဆုံး ကျပ် ၁၄ သိန်းအထိ ဆက်လက် တည်ရှိနေကြာင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရသည်။
“ပဲတီစိမ်းက အိန္ဒိယစျေးကွက်ကို သိပ်ပြီးမမှီခိုဘူး။ ကျန်တဲ့ Quality Market ကို သွားနေတဲ့ပဲ ဖြစ်နေတဲ့ အခါကျတော့ အခုလက်ရှိကတော့ ပစ္စည်းနည်းနည်းညံ့တဲ့ အနေအထား တစ်တန်ကို ကျပ်ဆယ်သိန်း စျေးလောက်ရှိတယ်။ ကောင်းတဲ့ ပဲတီစိမ်းဆို ကျပ်ဆယ့်လေးသိန်း လောက်ရှိတယ်” ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်း သုံးမျိုးကို ပြည်ပစျေးကွက်သို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။ ယင်းပဲအမျိုးအစား သုံးမျိုးအနက် ပဲတီစိမ်းကို ဥပရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ အဓိက တင်ပို့နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံက မတ်ပဲကို ပြန်လည်ဝယ်ယူရန် ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးခဲ့သည့်အတွက် ပြည်တွင်း မတ်ပဲစျေးနှုန်း ပြန်လည် မြင့်တက်လာသော်လည်း ပြည်တွင်း မတ်ပဲ စိုက်တောင်သူများ တွက်ခြေကိုက်သည့် စျေးနှုန်းအထိ မြင့်တက်လာခြင်း မရှိကြောင်း ဦးမင်းကိုဦးက ဆိုသည်။
ထို့ပြင် အိန္ဒိယဘက်မှ မြန်မာနိုင်ငံက ပဲစင်းငုံဝယ်ယူခြင်းကို ဆက်လက်ကန့်သတ် ထားသည့်အတွက် ပြည်တွင်း၌ ပဲစင်းငုံစျေးနှုန်း အကျဘက်မှာသာ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။
“ပဲစင်းငုံက လိုအပ်ချက် သိပ်မရှိတဲ့ အခါကျတော့ အိန္ဒိယက ပိတ်ထားတယ်။ ပိတ်ထားတဲ့ အခါကျတော့ ပဲစင်းငုံက လက်ရှိ ၄၈၀,၀၀၀ လောက်ပဲရှိတယ်။ ပဲစင်းငုံစျေးက တက်မလာဘူး” ဟု ဦးမင်းကိုဦးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်မှုသည် အရှေ့တောင်အာရှနိုင်ငံများ အနေဖြင့် ဦးဆောင်နိုင်ငံ တစ်ခုဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်၌ မိုးရာသီတွင် စိုက်ဧကပေါင်း ၃ ဒသမ ၈၉ သန်းနှင့် ဆောင်းရာသီတွင် ၇ ဒသမ ၀၇ ဧကသန်းပေါင်းဖြင့် စုစုပေါင်း ပဲမျိုးစုံ စိုက်ဧရိယာ ဧကသန်းပေါင်း ၁၀ ဒသမ ၉၆ သန်းကို စိုက်ပျိုးထုတ်လုပ် နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက သြဂုတ် ၁၈ ရက်က ပြောကြားသည်။