မောင်တော ကညင်ချောင်း စီးပွားရေးဇုန်ကို ရခိုင်ပြည်နယ်အစိုးရနှင့် KED ကုမ္ပဏီတို့ပူးပေါင်း၍ ကျပ်သိန်း ၁၅၀၀၀ ကျော်ဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေ

မောင်တော ကညင်ချောင်း စီးပွားရေးဇုန်ကို ရခိုင်ပြည်နယ်အစိုးရနှင့် KED ကုမ္ပဏီတို့ပူးပေါင်း၍ ကျပ်သိန်း ၁၅၀၀၀ ကျော်ဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေ
ကညင်ချောင်း စီးပွားရေးဇုန်တွင် ဆိုက်ကပ်ထားသည့် သင်္ဘောတစ်စင်းကို တွေ့ရစဉ်
ကညင်ချောင်း စီးပွားရေးဇုန်တွင် ဆိုက်ကပ်ထားသည့် သင်္ဘောတစ်စင်းကို တွေ့ရစဉ်
Published 20 February 2020
သားရွှေဦး (ကစ္ဆပ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကညင်ချောင်း စီးပွားရေးဇုန်ကို ရခိုင်ပြည်နယ် အစိုးရနှင့် KED ကုမ္ပဏီတို့ ပူးပေါင်းကာ ကျပ်သိန်း ၁၅၀၀၀ ကျော်ဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ် အစိုးရက ကျပ်သိန်း ၁၅၀၀၀ နှင့် KED ကုမ္ပဏီက ကျပ်သိန်း ၈၀၇၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၂၀၁၉-၂၀၂၀ ခုနှစ်တွင် ပြည်နယ်အစိုးရက သိန်း ၁၀၀၀၀၊ KED ကုမ္ပဏီက ကျပ်သိန်း ၅၄၀၀ ဖြင့် ရင်းနှီးမြှုပ်နှံ ဆက်လက်ဆောင်ရွက် နေခြင်းဖြစ်သည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးအတွက် ပို့ကုန်စက်လှေများ တစ်ချိန်တည်းတွင် စက်လှေခြောက်စင်း ရပ်နားကုန်တင်ကုန်ချ လုပ်နိုင်သည့် ဆိပ်ခံတံတားကြီး တစ်စင်းကို မောင်တောကညင်ချောင်း စီးပွားရေးဇုန်တွင် တည်ဆောက်နေကြောင်းနှင့် ရာခိုင်နှုန်း ၇၀ ခန့်ပြီးစီးနေပြီဖြစ်ပြီး တံတားပြီးစီးလျှင် ဘင်္ဂလားဒေ့ရ်ှသို့ ပို့ကုန်တင်ပို့မှုမှာ ပိုမိုမြန်ဆန်လာမည် ဖြစ်ကြောင်းနှင့် စက်လှေဆိုက်ကပ်ရန် စောင့်ဆိုင်းနေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းလည်း ကညင်ချောင်း စီးပွားရေးဇုန် တည်ဆောက်ရေး ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောကြားသည်။

အဆိုပါ ကညင်ချောင်း စီးပွားရေးဇုန်တွင် ကမ်းရိုးတန်းသင်္ဘောများ ဆိုက်ကပ်နိုင်သည့် တံတားကြီးနှစ်စင်းကို တည်ဆောက်ထားရှိပြီးဖြစ်ကာ ကုန်တင်သင်္ဘောကြီးများလည်း ဆိုက်ကပ်ရပ်နားနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကညင်ချောင်း စီးပွားရေးဇုန်အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကညင်ချောင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (KED) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိတွင် မောင်တောမြို့နယ် အောင်ဗလကျေးရွာမှ ကညင်ချောင်းစီးပွားရေးဇုန်အထိ ဆက်သွယ်သည့် ၁ ဒသမ ၈ မိုင်လမ်းနှင့် ဇုန်အတွင်းရှိ ၁ ဒသမ ၅ မိုင်လမ်းကိုလည်း ဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကညင်ချောင်း စီးပွားရေးဇုန်တွင် ဆိပ်ကမ်းနှစ်ခု တည်ဆောက်ပြီးဖြစ်ကာ ရှင်းလင်းဆောင်၊ အရောင်းပြခန်းပါ ဂိုဒေါင် အလုံး ၂၀ ကို တည်ဆောက်ပြီးဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ပြီးဖြစ်သည့် ဆိပ်ခံတံတားတွင်လည်း တန်ချိန် ၃၀၀၀ ဆ့ံသင်္ဘောများ ဆိုက်ကပ်ကာ ကုန်ချခြင်းများကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ကညင်ချောင်း စီးပွားရေးဇုန်သည် မောင်တောမြို့မှ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာ ကညင်ချောင်းဘေးတွင် တည်ရှိပြီး သင်္ဘောများ ၂၄ နာရီ ဝင်ထွက်နိုင်ခြင်း၊ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိပ်ကမ်းနှင့် လေးမိုင်ခန့်သာ ကွာဝေးကြောင်းနှင့် ယခင်အစိုးရလက်ထက်က မြေဧက ၅၀ ခန့်တွင် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်မှစကာ ကုန်သွယ်ရေးဇုန်အဖြစ် စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး ယခုအစိုးရ လက်ထက်တွင် စီးပွားရေးဇုန်အဖြစ် တိုးမြှင့်အကောင်အထည် ဖော်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

Most Read

Most Recent