လာလီဂါပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်
Photos : Gettyimages, Villarreal
Photos : Gettyimages, Villarreal
Published 15 February 2020

မာယော့ကာ နှင့် အလာဗတ်စ် (စနေညနေ ၆း၃၀ နာရီ)

မာယော့ကာ အိမ်ကွင်းကစားအားကောင်းတတ်တယ်ဆိုပေမယ့် အလာဗတ်စ်ကလည်း အခုနောက်ပိုင်း အဝေးကွင်းမှာ ခြေမှန်နေတာတွေ့ရတယ်။ အထူးသဖြင့် အလာဗတ်စ်ရဲ့အဝေးကွင်းပွဲတွေမှာ ခံစစ်ကို စနစ်တကျကစားနေပုံက မာယော့ကာ တိုက်စစ်ဂိုးရဖို့ ခက်နေဦးမှာပါ။ တစ်သင်းနဲ့တစ်သင်းထိန်းကစားရင်းနဲ့ ဂိုးနည်းသရေပွဲကိုပဲ ဦးတည်နေတယ်လို့ထင်တယ်။

ဘာစီလိုနာ နှင့် ဂီတာဖေး (စနေည ၉း၃၀ နာရီ)

ဘာစီလိုနာကတော့ အခုတလော ခြေတွေ့နေတဲ့ ဂီတာဖေးကို ရင်ဆိုင်ရဖို့ရှိနေတယ်။ ဂီတာဖေးဟာ လာလီဂါနောက်ဆုံး (၄)ပွဲစလုံးအနိုင်ကစားထားတဲ့အပြင် သွင်းဂိုး (၉)ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ ခံစစ်ကလည်း ပေးဂိုးလုံးဝမရှိအောင် ကစားထားနိုင်ခဲ့လို့ ခြေစွမ်းပိုင်း အားရစရာအခြေအနေပါပဲ။ ဘာစီလိုနာကတော့ ဆယ်တီယန်လက်ထဲမှာ လာလီဂါအိမ်ကွင်း(၂)ပွဲစလုံးကို ပွတ်ကာသီကာပဲ အနိုင်ကစားထားနိုင်တဲ့အပြင် ဂိုးရဖို့လည်း ရုန်းကန်နေရသလို၊ ခံစစ်ကလည်း စိတ်မချရသလောက် ဖြစ်နေလို့ ဂီတာဖေးကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့များနေတယ်။ နည်းပြ ဆယ်တီယန်အနေနဲ့လည်း ဘာစီလိုနာအသင်းကို လူထုတ်ပုံတွေ အပြောင်းအလဲလုပ်ကြည့်နေပေမယ့် အသင်းက ဟန်ချက်တစ်ခုကို ဖမ်းမိနိုင်ခြင်းမရှိသေးတာလည်း တွေ့ရတယ်။ ဒီတော့ လက်ရှိအခြေအနေတွေအရ ဘာစီလိုနာတို့  ရီးယဲလ်နဲ့ အမှတ်ပိုမိုမကွာဟဖို့ နိုင်ပွဲက အရေးကြီးနေပေမယ့် နူးကမ့်မှာ ဂီတာဖေးကို အသာစီးယူဖို့ခက်ပါလိမ့်မယ်။ ဘာစီလိုနာ နိုင်ရင်တောင် ကပ်နိုင်လောက်ပဲဖြစ်လိမ့်မယ်။

ဗီလာရီးယဲလ် နှင့် လီဗန်တေး (စနေည ၁၂းဝ၀ နာရီ)

လက်ရှိ လီဗန်တေးရဲ့ အဝေးကွင်းကစားအားနဲ့တော့ ဗီလာရီးယဲလ်ကို ဖိအားပေးနိုင်မယ့်ပုံ မပေါ်သေးပါဘူး။ ဒါပေမဲ့ ဗီလာရီးယဲလ်ရဲ့ ခြေစွမ်းကလည်း အတက်အကျရှိနေသေးလို့ သတိတော့ ထားရမယ့်ပွဲပါပဲ။ အထူးသဖြင့် ဗီလာရီးယဲလ်ရဲ့ ခံစစ်ကစားပုံ စိတ်မချရမှုက လီဗန်တေးအတွက် အခွင့်အရေးပြန်ပေးထားသလိုဖြစ်နေတယ်။ ဒီတော့ ဒီပွဲက နှစ်သင်းစလုံး အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ သွင်းဂိုးတွေကို မြင်ရဖို့ရှိနေတယ်။ လက်ရှိအခြေအနေအရတော့ ဥရောပဝင်ခွင့်တစ်နေရာ မျှော်လင့်နိုင်သလို၊ အိမ်ရှင်လည်းဖြစ်တဲ့ ဗီလာရီးယဲလ်တို့ အနိုင်ယူသွားဖို့များတယ်။

ဂရန်နာဒါ နှင့် ဗယ်လာဒိုလစ် (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)

လက်ရှိ ဗယ်လာဒိုလစ်ရဲ့ ခံစစ်ကစားပုံနဲ့တော့ အဝေးကွင်းမှာ ဂရန်နာဒါကိုလည်း တောင့်ခံနိုင်ဦးမယ်ထင်တယ်။ ဂရန်နာဒါက အိမ်ကွင်းတိုက်စစ်ကစားပုံမဆိုးလှပေမယ့် ကြားမှာ စပိန်ဘုရင့်ဖလားပွဲနွှဲထားရလို့ ဒီပွဲမှာသိပ်မျှော်လင့်ထားလို့ မဖြစ်ဘူး။ ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းပဲ ကောင်းလိမ့်မယ်။

 

Most Read

Most Recent