ကုမ္ပဏီနှစ်ခု လိမ်လည်မှုက ဆောက်လုပ်ရေးလောကအတွက် ထိုးနှက်ချက်တစ်ခုလား

ကုမ္ပဏီနှစ်ခု လိမ်လည်မှုက ဆောက်လုပ်ရေးလောကအတွက် ထိုးနှက်ချက်တစ်ခုလား
ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ‘ ၀’ ကုမ္ပဏီရှေ့တွင် စောင့်ဆိုင်းနေသည့် အခန်းဝယ်ယူထားသူများကို ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ်
ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ‘ ၀’ ကုမ္ပဏီရှေ့တွင် စောင့်ဆိုင်းနေသည့် အခန်းဝယ်ယူထားသူများကို ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ်
Published 9 February 2020
ဇော်မင်းနိုင်

၂၀၁၄ ခုနှစ်က ဆောက်လုပ်ရေးလောက၌သာမက အများပြည်သူအကြား စိတ်ဝင်စားသည့် အမှုတစ်ခု ရှိခဲ့သည်။ ယင်းအမှုမှာ နာမည်ကြီးဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ ကျပ်သိန်းပေါင်း သောင်းနှင့်ချီ လိမ်လည်မှုကြီးဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းအလယ်ရှိ မြေကွက်အမှတ် ၁၈၁/ ၁၈၇ မြေအကျယ်ပေ ၁၀၀၊ ပေ ၆၀ ကို မြေပိုင်ရှင်ခွင့်ပြုချက်မရဘဲ လက်မှတ်အတုများဖြင့် ရန်ကုန်မြို့တော် စည်ပင်၏ ခွင့်ပြုချက်ရယူပြီး လေးခန်းတွဲ ၁၂ အထပ် အဆောက်အအုံ ဆောက်လုပ်ခဲ့ရာ လေးနှစ်ကျော် ကြာမြင့်ခဲ့သော်လည်း ပြီးဆုံးမှုမရှိသည့်အတွက် မြေပိုင်ရှင် ဦးစိုးမင်းထက်က ၂၀၁၄ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀/ ၄၆၈ အရ တရားစွဲဆိုခဲ့သည့်အမှုဖြစ်သည်။

Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အနေဖြင့် ယင်းအမှုတစ်မှုတည်းသာမက အခြားနေရာများတွင်လည်း တိုက်ခန်းကြိုပွိုင့်များ ရောင်းချထားခြင်း၊ တိုက်ခန်းများကို အရစ်ကျရောင်းချပေးမည်ဟုဆိုကာ ငွေကြိုယူထားခြင်းများဖြင့် ဗဟန်း၊ ဗိုလ်တထောင် စသည့်မြို့နယ်များတွင်လည်း တရားစွဲဆိုမှုများ ရှိခဲ့သည်။

ကျောက်တံတားမြို့နယ်တွင် တရားစွဲဆိုထားသည့်အမှုအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့သည်။

ယင်းအမှုတွင် နစ်နာသူ အမြောက်အမြားရှိခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်မျှ ငွေကြေး ပြန်လည်ရရှိခဲ့ခြင်းမရှိခဲ့ပေ။ ငွေကြေး ချမ်းသာသူအများစုနှင့် အနုပညာရှင် အသိုင်းအဝိုင်းများအကြားတွင် ယင်းအမှုမှာ ပြောစမှတ်ဖြစ်ခဲ့သည့် အမှုတစ်ခုဖြစ်ခဲ့သည်။

ယင်းကာလ၌ ယိုင်နဲ့နေသည့် ဆောက်လုပ်ရေးကဏ္ဍအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ခဲ့သည်။

 

ငါးနှစ်ကျော်အကြာမှာ ပေါ်လာသည့် ဆောက်လုပ်ရေးကဏ္ဍက  အမှုတစ်ခု

၂၀၂၀ ပြည့်နှစ် နှစ်စမှာပင် father Land ကုမ္ပဏီကဲ့သို့ အမှုတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခု ဖြစ်သည့် ‘ ၀’ ကုမ္ပဏီနှင့် ‘ ယုန်မင်း’ ကုမ္ပဏီတို့က တိုက်ခန်းများ ကြိုတင်ရောင်းချခြင်း၊ တိုက်ခန်းဆောက်မည်ဟုဆိုကာ မြေရှင်နှင့် သဘောတူညီထားပြီးမှ မည်သည့်လုပ်ငန်းမျှ လုပ်ကိုင်မှုမရှိခြင်း စသည့်အခြေအနေများကြောင့် ရန်ကုန်တိုင်းအတွင်းရှိ  မြို့နယ်လေးခုထက်မနည်းတွင် တရားစွဲဆိုခံရသည့်အမှု ဖြစ်သည်။

လက်ရှိဖြစ်စဉ်တွင် တရားလိုမှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိအဆင့်ရှိသူများ ဖြစ်သည်။

ယင်းကုမ္ပဏီနှစ်ခုမှ တာဝန်ရှိသူများ ဖြစ်သည့် ဦးဝင်းမောင်မောင်စိုး၊ ဦးရှင်းသန့်ဇော်ဇော်နှင့် ဒေါ်ခင်စန္ဒာလင်း အစရှိသူတို့အား မြို့နယ်တရားရုံးများတွင် စွဲဆိုထားခြင်း ဖြစ်သည်။

တရားစွဲဆိုထားသည့် မြို့နယ်များမှာ ရန်ကင်း၊ တောင်ဥက္ကလာပ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း စသည့်မြို့နယ်များ ဖြစ်သည်။

စွဲဆိုထားသည့် ပုဒ်မမှာ ရာဇသတ်ကြီး ပုဒ်မ ၄၀၉ ဖြင့်စွဲဆိုထားပြီး ယင်းပုဒ်မမှာ ပြည်သူ့ဝန်ထမ်းဖြစ်စေ၊ ဘဏ်တိုက်စိုးက ဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စားလှယ်က ဖြစ်စေ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြစ်ပြီးအမှုအရ ပြစ်ဒဏ်ထင်ရှားပါက တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါသည်ဟု ပြဋ္ဌာန်းထားသည်။

 

မည်သူတွေ အလိမ်ခံခဲ့ရတာလဲ ဘယ်လိုလိမ်ခဲ့တာလဲ

ယင်းဆောက်လုပ်ရေး ကုမ္ပဏီနှစ်ခုမှ လိမ်လည်သွားသူများတွင် အစိုးရဝန်ထမ်းများ ပါဝင်သကဲ့သို့ အလယ်အလတ်လူတန်းစား အများစုပါဝင်သည်။

လိမ်လည်ခံရသူများတွင် ၂၀၁၉ ခုနှစ် မေလပိုင်းက လေယာဉ်မတော်တဆမှုဖြစ်စဉ်တွင် ခရီးသည်တစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိအောင် လုပ်ဆောင်ပေးခဲ့သည့် လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်ကဲ့သို့ လူမျိုးများလည်း ပါဝင်သည်။ ၎င်းမှာ ကျပ် သိန်း ၃၄၀ အလိမ်ခံခဲ့ရသည်။

လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်မှာ ကျပ် သိန်း ၁၀၀၀ တန် တိုက်ခန်း ဝယ်ယူရန် စီစဉ်ရာမှ အလိမ်ခံခဲ့ရခြင်းဖြစ်သည်။

“ သူတို့ကြော်ငြာတာက စိတ်ဝင်စားပြီး သွားစုံစမ်းတယ်။ အဲဒီတုန်းက လေးခန်းလား မသိဘူး ရောင်းတာ။ အရစ်ကျနဲ့ သွင်းရမယ်ဆိုတော့ အတိုးလည်းမရှိဘူးဆိုတော့ အဆင်ပြေတာနဲ့ ဝယ်ဖြစ်တာ။ အစ်ကိုတို့လို လခစား ဝန်ထမ်းတွေအတွက်က အတိုးမပေးရဘူးဆိုတာက အဆင်ပြေတယ်လေ။ အဲဒါနဲ့ ဝယ်ဖြစ်ပြီးတော့ အခုလိုဖြစ်သွားတာပဲ”  ဟု လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က ပြောကြားသည်။

ဝယ်ယူရန် စီစဉ်ထားသည့်နေရာမှာ ဆွေမျိုးသားချင်းများနှင့် နီးခြင်း၊ အရစ်ကျစနစ်ဖြင့် ငွေပေးချေနိုင်ခြင်း စသည့်အချက်များကြောင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကျပ်သိန်း ၃၄၀ ကို အရစ်ကျပေးချေခဲ့ခြင်းဖြစ်သည်။

“ နောင်ရေးအတွက် အိမ်ပိုင်လေးလည်း ဖြစ်သွားအောင်ဆိုပြီး စီစဉ်ခဲ့တာ။ အခုလိုဖြစ်မယ်လို့ မျှော်လင့်မထားခဲ့ဘူး” ဟု ဦးမြတ်မိုးအောင်က ပြောကြားသည်။

လေယာဉ်မှူုးကြီး ဦးမြတ်မိုးအောင်ကဲ့သို့ပင် တိုက်ခန်းဝယ်ယူရန်အတွက် အရစ်ကျစနစ်ဖြင့် ဝယ်ယူထားသူများမှာ အများအပြားပင်ဖြစ်ပြီး အဆိုပါ ‘ ၀’ ကုမ္ပဏီနှင့် ‘ ယုန်မင်း’ ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုက လိမ်လည်ထားသည့် ငွေကြေးများမှာ ကျပ်သိန်း ခြောက်သောင်းကျော်နီးပါးရှိသည်ဟု Weekly Eleven ၏ စုံစမ်းမှုများအရ သိရသည်။

ယင်းကုမ္ပဏီနှစ်ခုက ဖော်ဆောင်မည်ဆိုသည့် ပရောဂျက်များမှာ တောင်ဥက္ကလာ၊ လှိုင်၊ ရန်ကင်း၊ စမ်းချောင်းမြို့နယ်များတွင် ဖြစ်ပြီး နေရာ ၂၉ ခု၌ ဆောက်လုပ်ရန် စီစဉ်မည်ဟုဆိုကာ လိမ်လည်ခဲ့ခြင်း ဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ကိုင်ရန် အများဆုံး စီစဉ်ထားသည့်နေရာမှာ တောင်ဥက္ကလာပမြို့နယ်တွင် ပရောဂျက် ၁၆ ခုရှိသည်။ ယင်းတို့အနက် ပရောဂျက်အနည်းငယ်ကိုသာ အကောင်အထည်ဖော်ထားပြီး အများစုမှာ အကောင်အထည်ဖော်ခြင်း မရှိသေးပေ။

ထို့ပြင် အလိမ်ခံခဲ့ရသူများတွင် တိုက်ခန်းဝယ်ယူထားသူများ သာမက မြေပိုင်ရှင်များလည်း ပါဝင်သည်။ မြေပိုင်ရှင်များကို အကျိုးတူ အဆောက်အအုံတည်ဆောက်မည်ဟုဆိုကာ စာချုပ်စာတမ်းချုပ်ဆိုပြီး လိမ်လည်ခဲ့ခြင်းဖြစ်သည်။ သို့သော်လုပ်ငန်းများမှာ အကောင်အထည်ဖော်ခြင်းမရှိသဖြင့် မြေပိုင်ရှင်အချို့ အခက်တွေ့ခဲ့ရခြင်းဖြစ်သည်။

“ တချို့နေရာတွေမှာက အိမ်ကိုဖျက်ရတဲ့ဟာတွေ ရှိတယ်။ အိမ်ကိုလည်း ဖျက်ပေးပြီးသွားပြီ။ လာလည်းမဆောက်ဘူးဆိုတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ သူတို့ပေးထားတဲ့ငွေဆိုတာက အိမ်ငှားခနဲ့တင် ကုန်သွားတာကိုး။ အိမ်ကိုပြန်မဆောက်နိုင်တော့ အခက်တွေ့တာပေါ့” ဟု တောင်ဥက္ကလာပမြို့နယ်မှ မြေပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ထို့ပြင် လက်ထပ်ပြီးခါစ ဇနီးမောင်နှံများလည်း ပါဝင်ပြီး အများစုမှာ လူလတ်တန်းစားများဖြစ်ကြောင်း သိရသည်။

“ သင်္ဘောသားတွေ၊ ညားခါစလင်မယားတွေ တော်တော်များတယ်။ ညားခါစလင်မယားတွေက ရတဲ့လက်ဖွဲ့ငွေလေးကို အိမ်ငှားရမယ့်အတူတူ ဒါလေးအရစ်ကျဝယ်မယ်ဆိုပြီး စီစဉ်ထားတဲ့သူတွေ အများကြီးပဲ။ ကျွန်တော်တို့အတွက် နည်းနည်းဖြေသာပေမယ့် ဘဝတစ်ခု တည်ဆောက်မယ့် သူတွေအတွက်ကတော့ တော်တော်စိတ်မကောင်းစရာတွေချည်းပဲ” ဟု ကျပ်သိန်း ၃၀၀ ကျော် အလိမ်ခံခဲ့ရသည့် ကိုကျော်လွင်က ပြောကြားသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက အမှုဖွင့်တရားစွဲဆိုထားသည့် အဆိုပါကုမ္ပဏီနှစ်ခုမှာ တိုက်ခန်းများရောင်းချခြင်းကို လူမှုကွန်ရက်တွင် ကြော်ငြာအားကောင်းကောင်းဖြင့် ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။ အလိမ်ခံရသူအများစုမှာလည်း Facebook တွင် ကြော်ငြာထားသည်ကို တွေ့ရှိရာမှတစ်ဆင့် တိုက်ခန်းများ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

“ အစ်ကိုဆို အလုပ်က မအားဘူး။ Facebook မှာတွေ့လို့ စိတ်ဝင်စားတာနဲ့ သွားစုံစမ်းရင်း ဝယ်ဖြစ်သွားတာ။ အဲဒီတုန်းကတော့ အခုလိုလိမ်သွားမယ်လို့ မထင်ထားဘူး” ဟု လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က ပြောကြားသည်။

ထို့ပြင် လိမ်လည်ခဲ့သည့် ကုမ္ပဏီနှစ်ခုမှာ အိမ်ခြံမြေတိုက်ခန်း အရောင်းပြပွဲများတွင်လည်း ဝင်ရောက်ပြသ၍ တိုက်ခန်းများ ရောင်းချခဲ့ခြင်းများ ရှိခဲ့သည်။

“ Facebook မှာ ပထမတွေ့တယ်။ နောက်တော့ တပ်မတော်ခန်းမမှာ လုပ်တဲ့ အရောင်းပြပွဲမှာလည်း ဝင်ပြတော့ ယုံတာပေါ့။ အဲဒီတုန်းကလည်း သွားကြည့်ဖြစ်တယ်။ ကြိုက်တဲ့နေရာလည်းတွေ့တော့ ဝယ်ဖို့ စဉ်းစားမိတာ။ ကျွန်တော်က ဝယ်ရောင်းလည်း လုပ်နေတော့ အထပ်ထပ် စစ်ဆေးတယ်။ အဲဒါတောင် အခုလိုဖြစ်သွားတာ” ဟု ကိုကျော်လွင်က ပြောကြားသည်။

အဆိုပါ ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခု မှာ မိသားစုတစ်ခုတည်းက တည်ထောင်ထားသည့် ကုမ္ပဏီများဖြစ်ပြီး လက်ရှိတွင် ရန်ကင်းတရားရုံးက ကျပ်သိန်းသုံးသောင်းဖြင့် အာမခံပေးမည်ဟု အမိန့်ချမှတ်ထားသော်လည်း အာမခံငွေမရှိသဖြင့် အချုပ်ဖြင့် တရားရင်ဆိုင်နေသည်။

ထို့ပြင် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက အဆိုပါကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို စစ်ဆေးရာတွင် အရစ်ကျစနစ်ဖြင့် ဝယ်ယူထားသည့် မာစီဒီးအမျိုးအစား မော်တော်ယာဉ်တစ်စီး၊ လက်ဝတ်လက်စားနှင့် ငွေကြေးအချို့ကိုသာ သိမ်းဆည်းနိုင်ခဲ့သည်ဟု Weekly Eleven သတင်းစာက စုံစမ်းသိရှိရသည်။ ရွှေတောင်ကြားရပ်ကွက်၌ရှိသည့် အိမ်မှာလည်း ငှားရမ်းထားသည့် အိမ်ဖြစ်နေကြောင်း သိရသည်။

လက်ရှိတွင် ငွေကြေးဆုံးရှုံးခဲ့သူများအတွက် ပြန်လည်ရရှိရေးမှာ စိန်ခေါ်မှုတစ်ခုဟု ဆိုရမည်ဖြစ်သည်။

ငွေကြေးလိမ်လည်ခံရသူများအနေဖြင့် တရားမမှုများဖြင့် တရားစွဲနိုင်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

“ အလိမ်ခံရတဲ့သူတွေကတော့ တရားမကြောင်းနဲ့ စွဲလို့ရတယ်။ နစ်နာကြေး လျော်ကြေးအနေနဲ့ပေါ့။ အဲဒါမျိုး စွဲလို့ရတယ်” ဟု ဦးသိန်းသန်းဦးက ပြောကြားသည်။

  လူမှုကွန်ရက်တွင် ကြေညာထားသည့် ကုမ္ပဏီနှစ်ခု၏ Facebook စာမျက်နှာများကို တွေ့ရစဉ်       

အလိမ်ခံရသူများအား ပုဒ်မ ၆၆ (ဃ) ဖြင့် တရားပြန်စွဲထားသည့် ကုမ္ပဏီ

ယင်းသို့ ငွေကြေးလိမ်လည်ခံရသူများအနက်မှ ခြောက်ဦးအား ကုမ္ပဏီဘက်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသည်။

ယင်းဖြစ်စဉ်မှာ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက အမှုဖွင့်တရားစွဲဆိုခြင်းမပြုမီတွင် စမ်းချောင်းမြို့နယ် တရားရုံး၌ ကုမ္ပဏီဘက်က အမှုဖွင့်ထားခြင်းဖြစ်သည်။

တိုက်ခန်းပရောဂျက်များကို ဆောက်လုပ်မှုမရှိခြင်းကြောင့် အရစ်ကျငွေသွင်းထားသူများနှင့် မြေပိုင်ရှင်အချို့မှာ ကုမ္ပဏီဘက်သို့ သွားရောက်စုံစမ်းရာမှ ဖြစ်စဉ်များ အစပြုခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

“ အစ်မမြေကို မဆောက်တာနဲ့ သွားစုံစမ်းမှ တခြားနေရာတွေမှာလည်း မဆောက်ဘူးဆိုတာ ပေါ်လာတာ” ဟု ဒေါ်သိင်္ဂီလင်းက ပြောကြားသည်။

ယင်းနောက် မြေပိုင်ရှင်အချို့နှင့် တိုက်ခန်းဝယ်ယူထားသူများမှာ အဆက်အသွယ် ရရှိစေရန်အတွက် Viber Group တစ်ခုဖွင့်ပြီး ကုမ္ပဏီနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ မျှဝေရာမှ ကုမ္ပဏီဘက်က ဆက်သွယ်ရေး ပုဒ်မဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ အမှုဖွင့်ခံရသူများမှာ မြေပိုင်ရှင်တစ်ဦးနှင့် တိုက်ခန်းအရစ်ကျ ဝယ်ယူထားသူ ခုနစ်ဦးဖြစ်သည်။

ယင်းအမှုမှာလည်း လက်ရှိတွင် တရားရုံးသို့ ရောက်ရှိနေပြီး စစ်ဆေးခြင်း မပြုရသေးသည့် အခြေအနေတွင် ရှိသည်။

“ အားလုံးရှစ်ယောက် အမှုဖွင့်ခံရတယ်။ စမ်းချောင်းမှာ” ဟု ဒေါ်သိင်္ဂီလင်းက ပြောကြားသည်။

 

ယိုင်နဲ့နေသည့် ဆောက်လုပ်ရေးလောကအတွက် ဖိအားတစ်ခုလား

လက်ရှိဖြစ်ပွားနေသည့် ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုမှာ ယိုင်နဲ့နေသည့် ဆောက်လုပ်ရေးလောကအတွက် ဖိအားတစ်ခုဖြစ်နိုင်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူအချို့က သုံးသပ်ပြောကြားသည်။

၂၀၁၂ ခုနှစ်တွင် ဆောက်လုပ်ရေး လောကအတွက် ရွှေရောင်ခေတ်ဟု တင်စားနိုင်ခဲ့သော်လည်း ကျပ်သိန်းသောင်းနှင့်ချီ လိမ်လည်မှုဖြစ်ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် Father Land ဦးကျော်မြင့်ဖြစ်စဉ်မှာ တက်ရန်အရှိန်ရနေသည့် ဆောက်လုပ်ရေးလောကအတွင်း ရိုက်ချိုးခံရခြင်းဟု ဆိုနိုင်မည်ဖြစ်သည်။

“ အဲဒီအမှုပြီးတော့ လူတွေက ယုံကြည်မှု ပျောက်သွားတယ်လို့ ဆိုရမယ်။ စျေးကွက် အေးသွားတယ်။ ဆောက်မယ့်သူတွေလည်း ဝယ်မယ့်သူလည်းမရှိတော့ မဆောက်တော့ဘူး” ဟု အမည်မဖော်လိုသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် အချိန်နှင့် အစိုးရအကူးအပြောင်း ကာလများမှာလည်း ဆောက်လုပ်ရေးကဏ္ဍအတွက် အေးစက်သည့်အချိန်ဟု ဆိုရမည်ဖြစ်သည်။

ယင်းနောက် ရန်ကုန်တိုင်းအတွင်း အထပ်မြင့် ဆောက်လုပ်ခွင့်မပြုဆိုသည့် ညွှန်ကြားချက်မှာ နာလန်ထူရန်အရှိန်ယူနေသည့် ဆောက်လုပ်ရေးကဏ္ဍအတွက် ကြီးမားသော ရိုက်ခတ်မှုဟု ဆိုရမည်ဖြစ်သည်ဟု အဆိုပါလုပ်ငန်းရှင်က သုံးသပ်သည်။

ယင်းကြောင့် အိမ်ခြံမြေတိုက်ခန်း အရောင်းပွဲတော်များ ပြုလုပ်၍ ဝယ်လက်ရှာဖွေခြင်းများကို ဆောက်လုပ်ရေးကုမ္ပဏီများ ပြုလုပ်ခဲ့ရသည်။

ယင်းအချိန်တွင် ယခုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ အိမ်ခြံမြေ တိုက်ခန်းအရောင်းပွဲတော်များ၌ ပါဝင်ပြသခဲ့သည့် ကုမ္ပဏီနှစ်ခု ဖြစ်နေခြင်းကြောင့် အများပြည်သူအနေဖြင့် ယုံကြည်မှုပျောက်ဆုံးနိုင်သည်ဟု ဆိုရမည် ဖြစ်သည်။

“ အခု ဒီကုမ္ပဏီနှစ်ခုဆိုရင် ပြပွဲတွေမှာ ဝင်ပြနေတဲ့ ကုမ္ပဏီတွေ” ဟု ကိုကျော်လွင်က ပြောကြားသည်။

ယင်းကြောင့် အများပြည်သူအနေဖြင့် ပြပွဲများတွင် ဝင်ရောက်ပြသခဲ့သော်လည်း အလိမ်မခံရဘူးလား ဆိုသည့်အချက်မှာ မေးခွန်းထုတ်ရမည့်အခြေအနေ ဖြစ်လာသည်။

လက်ရှိအခြေအနေများအရ အရစ်ကျစနစ်ဖြင့် တိုက်ခန်းရောင်းဝယ်မှုများတွင် ကျယ်နေသည့်အချိန်တွင် ယင်းဖြစ်စဉ်မှာ တိုက်ခန်းဝယ်ယူလိုသူများအတွက် သတိပေးခေါင်းလောင်းသံဟု ဆိုရမည်ဖြစ်သည်။

“ နဂိုကတည်းကမှ ကျနေတဲ့ ဆောက်လုပ်ရေးက အခုလိုဖြစ်ရင် ပိုဆိုးသွားနိုင်တယ်။ အဓိကက ဆောက်လုပ်ရေးကို တကယ်လုပ်နေတဲ့ သူတွေအတွက် အထိနာတာပေါ့” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

Father Land ဖြစ်စဉ်တွင် ငွေကြေးဆုံးရှုံးသူများမှာ အထက်တန်းအလွှာမှ ပုဂ္ဂိုလ်အများဆုံး အထိနာခဲ့သည်ဟု ဆိုနိုင်ပြီး ယခုဖြစ်စဉ်မှာ အလတ်တန်းစားအလွှာကို ထိခိုက်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

“ တချို့ဆို ရှိတဲ့ တိုက်ခန်းကို ရောင်းပြီးဝယ်ဖို့ လုပ်တဲ့သူတွေလည်း ပါတယ်။ တချို့က သင်္ဘောသားတွေ၊ အခုဟာက လူလတ်တန်းစားတွေ အများဆုံးထိတယ်။ အကုန်လုံးက ထားစရာနေရာမရှိအောင် ပိုလျှံနေတဲ့သူတွေ မဟုတ်ဘူး။မတတ်နိုင်လို့ အရစ်ကျစနစ် နဲ့ ဝယ်ပါတယ်ဆိုမှတော့ အလိမ်ခံလိုက်ရတော့” ဟု ဒေါ်သိင်္ဂီလင်းက ပြောကြားသည်။

 

အစိုးရပိုင်းက ဆောက်လုပ်ရေးကုမ္ပဏီများကို ကြပ်မတ်ဖို့လိုပြီ

ကြီးမားသည့် လိမ်လည်မှုများ ဖြစ်ပွားနေသည့် ကဏ္ဍများတွင် ဆောက်လုပ်ရေးကဏ္ဍမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

လက်ရှိတွင် အမှုရင်ဆိုင်နေရသည့် ကုမ္ပဏီနှစ်ခုမှာ အရောင်းပြခန်းများ ဖွင့်လှစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ ထူထောင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်ဆို မြေရှင်အထိလိုက်တာ။ ဒီမှာကုမ္ပဏီက ဆောက်မယ်ဆိုတာ သေချာလား။ ဘယ်အဆင့်အထိများ လုပ်ပြီးသွားပြီလဲဆိုတာ သေချာမေးတယ်။ သူတို့ဆောက်တဲ့ဟာကို မယုံလို့။ အခုအလိမ်ခံလိုက်ရတာကလည်း ကျွန်တော်တင်မကဘူး မြေရှင်ပါ ခံလိုက်ရတာ” ဟု ကိုကျော်လွင်က ပြောကြားသည်။

မြေရှင်နှင့် တွေ့ဆုံပြီး မေးမြန်းစဉ်ကလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ပုံစံငယ်တင်ပြီးသည်အထိ ဆောင်ရွက်ပြီးကြောင်း၊ ဆောက်လုပ်ရန် သေချာကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ကိုကျော်လွင်က ပြောကြားသည်။ သို့သော် လက်တွေ့တွင် နှစ်ဦးစလုံးမှာ အလိမ်ခံခဲ့ရသည်။

ယင်းကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ကုမ္ပဏီများ၏ ဆောက်လုပ်ခွင့် လျှောက်ထားမှုများကို စိစစ်ပေးစေလိုကြောင်း ကိုကျော်လွင်က ပြောကြားသည်။

“ အခုလို လိမ်စားလို့ရအောင် စည်ပင်မှာ ပရောဂျက်ငယ်ကို ဖြစ်သလိုတင်ခွင့်ပေးထားပြီးတော့ ပရောဂျက်ကြီး ဆက်မဆောက်လည်း သက်တမ်းကို တောက်လျှောက်တိုးပေးထားတယ်။ ပရောဂျက်ငယ်ကျပြီးရင် ခြောက်လအတွင်း တင်ရတယ်။ ခြောက်လ ပြည့်ပြီးရင် သက်တမ်းကုန်ပြီ။ အဲဒီလိုဖြစ်သွားပြီးရင် နောက်ထပ် ၄၅ ရက် ပြီးရင် နောက်ထပ်တစ်လကို အော်တို တိုးပေးတယ်။ အဲဒါဖြစ်နေတယ်။ အဲဒီလိုဆိုတော့ ကျွန်တော်တို့ တရားစွဲချင်တာတောင် စွဲလို့မရဘူး။ အဲဒီလိုကိစ္စတွေကို တင်းတင်းကျပ်ကျပ်လေး လုပ်စေချင်တယ်။ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ပရောဂျက်တင်လာရင် သေချာစစ်ပေးပါ။ ပြီးရင် မဖြစ်မနေဆောက်ဖို့ ကြီးကြပ်ပြီး ဆောင်ရွက်စေချင်တယ်” ဟု ကိုကျော်လွင်က ပြောကြားသည်။

ထို့ပြင် ဆောက်လုပ်ရေးလောကကို အစိုးရအနေဖြင့် ထိန်းကျောင်းပေးရန် တောင်းဆိုကြောင်း ငွေကြေးလိမ်လည်ခံရသူများက ပြောကြားသည်။

“ ဥပမာ ကုမ္ပဏီတွေ ထောင်ခွင့်ပေးတဲ့ နေရာမှာပေါ့။ ဆောက်လုပ်ရေးကုမ္ပဏီတွေကို နည်းနည်းစိစစ်ပေးစေချင်တယ်။ အခုက လွယ်လွယ်ထောင်ပြီး ဟိုမှာဆောက်မယ် ဒီမှာဆောက်မယ်ဆိုပြီး လစ်ပြေးနေတဲ့ကုမ္ပဏီတွေ အများကြီး ဖြစ်နေပြီ” ဟု ကိုကျော်လွင်က ပြောကြားသည်။

လက်ရှိတွင် ‘ ၀’ ဆောက်လုပ်ရေးကုမ္ပဏီနှင့် ‘ ယုန်မင်း’ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများမှာ အချုပ်အတွင်းမှ တရားရင်ဆိုင်နေရပြီဖြစ်သော်လည်း ငွေကြေးဆုံးရှုံးသူများအတွက် နစ်နာမှုများအတွက်မူ လမ်းစပျောက်နေပြီဟု ဆိုရမည်ဖြစ်သည်။

အမှုဖွင့်ထားသည်မှာ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဆောင်ရွက်ထားပြီး နစ်နာသူများမှာ အမှုတွင် တရားလိုပြသက်သေများအဖြစ် လိုက်ပါရမည်ဖြစ်သည်။ နစ်နာသူများမှာ ခန့်မှန်းခြေအားဖြင့် စုစုပေါင်း ၁၀၀ ကျော်ရှိလာပြီဖြစ်ပြီး တစ်ဦးလျှင် အနည်းဆုံး ကျပ်သိန်း ၃၀၀ ကျော်မှ အစပြုပြီး အများဆုံး ကျပ်သိန်း ၇၀၀ အထိ နစ်နာသူများလည်း ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တက်ခါစတွင် Father Land ကုမ္ပဏီ၏ လိမ်လည်မှုဖြစ်ပွားခဲ့ပြီးနောက် လက်ရှိ ၂၀၂၀ ပြည့်နှစ် နှစ်စပိုင်းမှာပင် နောက်ထပ်တစ်ခါ ဆောက်လုပ်ရေးလောက၌ ငွေကြေးလိမ်လည်မှု ထပ်မံဖြစ်ပွားခဲ့သည်။

ယင်းကြောင့်အစိုးရအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍကို စိစစ်စစ်ဆေးရန် လိုအပ်လာပြီဟု ဆိုရမည်ဖြစ်သည်။          

Most Read

Most Recent