၂၀၁၉ခုနှစ်၌ မြန်မာနိုင်ငံသို့ စပိန်နိုင်ငံမှ ခရီးသွားဝင်ရောက်မှု ၁၃၆၈၉ ဦး ရှိပြီး ယမန်နှစ်ဖြင့် နှိုင်းယှဉ်ပါက ၂၁ ရာခိုင် နှုန်းတိုးတက်လာပြီး လာမည့်နှစ်တွင်ကျင်းပမည့် Spain FITUR သို့ မြန်မာနိုင်ငံမှ ခရီးသွားပြခန်းများ ပါဝင်ပြသရန် ကူညီပေးမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းသို့ပြောကြားမှုအား ဖေဖော်ဝါရီ ၁ ရက်က စပိန်နိုင်ငံတကာခရီးသွားပြပွဲ ၂၀၂၀ (Spain FITUR 2020) သို့ ပါဝင်ပြသခဲ့သည့် ခရီးသွားကုမ္ပဏီများနှင့် တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစျေးကွက် မြှင့်တင်ရေးအသင်းမှ ဦးဆောင်၍ စပိန်နိုင်ငံ မဒရစ်မြို့၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၂ ရက်မှ ၂၆ ရက်အထိ ပြုလုပ်ခဲ့သည့် စပိန် နိုင်ငံတကာခရီးသွားပြပွဲသို့ မြန်မာနိုင်ငံမှ ခရီးသွားကုမ္ပဏီများ ပါဝင်ပြသခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့် စပိန်နိုင်ငံ တကာခရီးသွားပြပွဲ ၂၀၂၀ (Spain FITUR 2020) သို့ ပါဝင်ပြသခဲ့သည့် ခရီးသွားကုမ္ပဏီများနှင့် တွေ့ဆုံမှုတွင် ခရီးသွားကုမ္ပဏီများက ၎င်းတို့၏ပြပွဲအတွေ့အကြုံများအား ရှင်းလင်းတင်ပြရာတွင် Spain FITUR သည် ITB (Berlin) ခရီးသွားပြပွဲပြီးလျှင် ဥရောပ၌ ဒုတိယအကြီးဆုံးခရီးသွားပြပွဲဖြစ်ကြောင်း၊ စပိန်ခရီးသွားစျေးကွက်သည် မြန်မာနိုင်ငံအတွက် အလားအလာရှိသော ခရီးသွားစျေးကွက်ဖြစ်ကြောင်း၊ အဆိုပါခရီး သွားပြပွဲသို့ သွားရောက်ခြင်းဖြင့် စပိန်ဘာသာစကားပြောကြားသည့် နိုင်ငံများဖြစ်သော ကိုလံဘီယာ၊ မက္ကဆီကို၊ အာဂျင်တီးနား အစရှိသည့် တောင်အမေရိကနိုင်ငံများ မှ ခရီးသွားများအား မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို မြှင့်တင်ကြော်ငြာနိုင်ကြောင်း၊ နောင်နှစ်များတွင်လည်း စပိန်နိုင်ငံတကာ ခရီးသွားပြပွဲသို့ ဆက်လက်ပါဝင်ပြသသင့်ကြောင်း၊ မြန်မာနိုင်ငံကိုယ်စားပြုခရီးသွား ပြခန်းအား ပြပွဲလာသူများကို ယခုထက်ပို၍ ဆွဲဆောင်နိုင်ရန် ပံ့ပိုးကူညီပေးစေလိုကြောင်း ဆွေးနွေးတင်ပြခဲ့သည်ဟု သိရသည်။
ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံသို့ ၂၀၁၉ ခုနှစ်၌ စပိန်နိုင်ငံမှ ခရီးသွားဝင်ရောက်မှု ၁၃၆၈၉ ဦးရှိပြီး ယမန်နှစ်ဖြင့် နှိုင်းယှဉ်ပါက ၂၁ ရာခိုင်နှုန်းတိုးတက်လာကြောင်း၊ စပိန်နိုင်ငံတကာခရီးသွားပြပွဲအပါအဝင် နိုင်ငံတကာခရီးသွားပြပွဲများ ပါဝင်ပြသရာတွင် နိုင်ငံတော်မှ ပံ့ပိုးပေးသည့် ရန်ပုံငွေအား အကျိုးရှိရှိ ထိရောက်စွာ အသုံးချစေလိုကြောင်း၊ လာမည့်နှစ်တွင် ကျင်းပမည့် Spain FITUR သို့ မြန်မာနိုင်ငံမှ ခရီးသွားပြခန်းများ ပါဝင်ပြသရန် ကူညီပေးမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက နိုင်ငံတကာ ခရီးသွားပြပွဲများသို့ ပါဝင်ပြသခဲ့ မှု အစီရင်ခံစာအား မိမိတို့ဝန်ကြီးဌာနသို့ တင်ပြရာတွင် ခရီးသွားပြပွဲသို့ ပါဝင်ပြသခြင်း ဖြင့်ရရှိသည့် အကျိုးကျေးဇူးများ၊ တိုးတက်မှု အခြေအနေများကိုပါ ထည့်သွင်းဖော်ပြ၍ ပေးပို့ရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ခရီးသွားမြှင့်တင်ရေးပြပွဲများကို ပါဝင်ပြသရာတွင် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်း၍ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စပိန်နိုင်ငံတကာခရီးသွားပြပွဲ ၂၀၂၀ သို့ Amata Hotel Group, Crystal Zone Trvel, PaukanCrusies By Ayravata CruiseCo ltd,Tour Manadalay Travels & Tour, Golden Eagle Ballooning, Myanmar Bespoke Travel, Adventure Travel နှင့် Myanmar Voyages Coltd တို့က ပြခန်းများ ပါဝင် ပြသခဲ့ကြကြောင်း သိရသည်။















