ဘဝက ဒီမှာ၊ ကျွန်တော်က ဟောဟိုဘက်မှာ

ဘဝက ဒီမှာ၊ ကျွန်တော်က ဟောဟိုဘက်မှာ
Photo: fineartamerica
Photo: fineartamerica
Published 22 January 2020
သူသူမေ

ဘဝက ဒီမှာ။ ကျွန်တော်က ဟောဟိုဘက်မှာ။ ယောင်တိယောင်တောင်နဲ့ ပေစောင်းစောင်းရပ်နေတာက ကျွန်တော်ပေါ့။ ဘဝက ကျွန်တော့်ကို လှမ်းလှမ်းခေါ်တယ်။ ဟင့်အင်း  ကျွန်တော် မသွားချင်ဘူး။ မသွားချင်သေးဘူးဗျာ။ ကျွန်တော်က၊ ကျွန်တော်က... လမ်းမကို ငေးနေတာဗျ။ လမ်းမလေ။ ဆိုက်ကားတွေ သိပ်ရှုပ်တဲ့ လမ်းမ။ ကားတွေ သိပ်ကျပ်တဲ့လမ်းမ။ လူတွေ ခြေချင်းလိမ်နေတဲ့ လမ်းမ။ ဟော ငှက်တွေ ထပျံသွားကြပြန်ပြီ။ ပြီးတော့ ကျွန်တော် လက်ဖက်ရည်ဆိုင် ရောက်သွားတယ်။ လက်ဖက်ရည် သောက်တယ်။ သောက်တယ်၊ သောက်တယ်၊ ကျွန်တော် သောက်တယ်။ Discovery က စပါးအုံမြွေကြီးတွေကိုပါ ထည့်သောက်တယ်။ မြွေလှလှလေးတွေ၊ ငါးလှလှလေးတွေ၊ ငှက်လှလှလေးတွေနဲ့ပါ အတူရောသောက်တယ်။ အဓိပ္ပာယ်မကောက် ကျွန်တော် ကြည့်နေတယ်။ စားပွဲထိုးရဲ့ လှုပ်ရှားပုံရိပ်တွေ၊ အဖျော်ဆရာရဲ့ဖျော်ဟန်တွေ၊ ဥဒဟိုဝင်ထွက်နေတဲ့ စားသုံးသူတွေ။ ရေနွေးတစ်ကျိုက် သောက်လိုက်တယ်။ နောက် စကားတွေ ပြောတယ်။ ကျွန်တော် ပြောတယ်။ ပြောတယ်၊ ပြောတယ်။ ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းက ဘဝဆိုတဲ့ ကောင်အကြောင်း ကျွန်တော် ပြောတယ်။ စိတ်တွေ လေးပြီး ဖိစီးလာအောင် အဲဒီကောင် တက်ဖိလိုက်သလားပဲ။ ဂုတ်ပိုးက ကိုင်ပြီး ကျွန်တော် ဆွဲခါပစ်လိုက်တယ်။ ကျွန်တော့် ရှေ့မှာ ကျွန်တော့်ဆရာ ရှိတယ်။ “ မင်း ဒီကောင်ကို အလျှော့မပေးနဲ့” တဲ့ ။

“ ဟုတ် ဆရာ” ဘာရယ်မဟုတ်ဘူး။ ကျွန်တော် ရေနွေးကြမ်းတစ်ခွက် ထပ်မော့ချလိုက်တယ်။ ဘာမှလည်း မဟုတ်ဘူး။ ထုံးစံအတိုင်း တစ်နာရီလောက်ကြာတော့ ကျွန်တော် ပြန်လာတယ်။

ကျွန်တော် ဘဝနဲ့ မတွေ့ချင်သေးဘူး။ စာရေး၊ စာဖတ် အနည်းအကျဉ်းလောက် လုပ်ချင်သေးတယ်။ စာအုပ်တွေ ကောက်လှန် တစ်ပုဒ်စ၊ နှစ်ပုဒ်စ ဖတ်ပြီး တွေးချင်ရာ တွေးနေကြည့်တယ်။ ဘဝက စောင်းမည်းမည်းနဲ့ ကျွန်တော့် ခြေမတွေကို လာလာကုတ်တယ်။ တကယ်တော့ ဘဝနဲ့ပတ်သက်လို့ ကျွန်တော့်မှာ ယုံကြည်ချက် မရှိတာကြာပြီ။ ကျွန်တော်က ဘဝကိုအထင်မကြီးသလို ဘဝကလည်း ကျွန်တော့်ကို အထင်အမြင်သေးတယ်။ ထားတော့၊ ဒါနဲ့ပတ်သက်လို့က ရင်ထဲမရောက်ဘူး။

တကယ့်ရင်ထဲရှိတဲ့အတိုင်းသာ ဘဝကို ပြုပြင်ရမယ်ဆိုရင် ကျွန်တော်က သီချင်းတွေ ဆိုနေချင်တယ်၊ စာတွေ ဖတ်နေ၊ ရေးနေချင်တယ်။ တစ်ယောက်တည်းနေချင် နေမယ်၊ အပေါင်းအသင်းတွေနဲ့ ခဏတစ်ဖြုတ် ပျော်ပါးချင် ပျော်ပါးမယ်၊ ချစ်တဲ့သူရှိတဲ့အရပ်မှာ အခြေချပြီး ဘယ်သူ့အမိန့်မှ နာခံစရာမလိုတဲ့ လူသားတစ်ယောက် ဖြစ်ချင်တယ်။

ဒါပေမဲ့ ဘဝက ပုံစံခွက်တစ်ခုထဲကို ပြုတ်ကျသွားခဲ့တယ်။ သူက လေးထောင့်ဆိုတော့ ကျွန်တော်လည်း လေးထောင့်ပုံကြီး။ တခြားသူတွေက ပြောတယ်။ “ နင့် လေးထောင့်ခွက်ကြီးက လှပါတယ်ဟယ်” တဲ့။ ကျွန်တော့်မှာ လေးထောင့်ပုံခွက်ကြီးထဲကနေ ပြုံးပြနှုတ်ဆက်ရပြန်တယ်။ တစ်ခါတစ်ခါ လူတွေကြားမှာ ကျွန်တော် လျှောက်သွားကြည့်တယ်။ လူတွေက ကျွန်တော်ကို မမြင်ဘူး။ ပုံစံခွက်ကြီးကိုပဲ အရေးတယူ ပြောဆိုဆက်ဆံကြ၊ ဦးခေါင်းညွှတ်ကိုင်းကြ၊ တလေးတစားတွေ လုပ်ကြနဲ့ဆိုတော့ ကျွန်တော်ကလည်း ယဉ်ကျေးပြရ၊ သိမ်မွေ့ပြရနဲ့ပေါ့။

စိတ်ရင်းအတိုင်းဆို ကျွန်တော် ဒီခွက်ကြီးကို ပေါက်ခွဲပစ်လိုက်ချင်၊ စုတ်ဖြဲပစ်လိုက်ချင်။ ကျွန်တော်က ခွက်တစ်ခုထဲမှာ အကျဉ်းကျနေတဲ့ လူသားတစ်ယောက်နဲ့ ဘာထူးဦးမှာလဲ။ ဘဝက ကျွန်တော်ခွက်ခွံကို လာလာပွတ်တယ်။ အဲဒီအခါ ကျွန်တော်က ခွက်ကြီးထဲကနေ ငေါက်ခနဲ ထွက်လာပြီး ဘာအလိုရှိပါသလဲ အရှင်ဆိုတဲ့ လက်သုံးစကားသုံးပြီး ဖြစ်မြောက်အောင် ဆောင်ရွက်ပေးရတယ်။ ရှေ့က စီနီယာကိုယ်တော်များလိုပဲ မျက်နှာကို ပြုံးထား၊ အပြုအမူကိုသိမ်မွေ့ထား၊ ဂျင်းပင်တွေကို ချွတ်ထား၊ တက်တူးတွေကို ဖုံးထား၊ အဲဒါ ဘဝပဲတဲ့။

ရယ်စရာတော့ကောင်းသား ကျွန်တော်က မီးပူမထိုးပေမဲ့ ဘဝက လုံချည်ကို သေသေသပ်သပ်ဝတ်တယ်။ ကျွန်တော်က ဘောင်းဘီတွေ လှိမ့်ဝယ်ခဲ့ပေမဲ့ ဘဝက လုံချည်တွေ ချည်းဝတ်တယ်။ ဘဝက အလှူသွား၊ ကျွန်တော်က Dinner သွား။ ဘဝက ကျုံ့ကျုံ့လေး ထိုင်၊ ကျွန်တော်က ထိုင်ခုံကားယားခွထိုင်၊ ဘဝက ယဉ်ကျေးလိမ္မာတွေ ဖတ်ပြီး ကျွန်တော်က တော်လှန်ပုန်ကန်မယ့် စာတွေ ဖတ်၊ ဘဝက စာရင်းတွေ ဇယားတွေရေး၊ ကျွန်တော်က ရေးချင်ရာတွေ ရေး။ အဲဒီလိုပဲ ကျွန်တော်က ဒီမှာ၊ ဘဝက ဟောဟိုးမှာ ဆိုတာပေါ့။

ဘဝက လက်ဖက်ရည်ဆိုင်မထိုင်ဘူး။ ကျွန်တော်က ထိုင်တယ်။ ကျွန်တော်က လောကထဲက အကြောင်းအရာတွေကို ပြောချင်တယ်။ ဒါပေမဲ့ ဘဝက စာသင်ခန်းထဲက အကြောင်းအရာတွေကိုပဲ ပြောပြီး စကားစ ဖြတ်ချတယ်။ ဘဝက ရာထူးတွေ မက်နေရပြီး ကျွန်တော်က သောက်ဂရုမစိုက်ခဲ့ဘူး။ ဘဝက ရာထူးကြီးတဲ့ကောင်ပြောသမျှ ခေါင်းငုံ့ခံနေရပေမဲ့ ကျွန်တော်က မနာခံ ခုံတွေပေါက်ခွဲပစ်တယ်။ ဘဝကဆုတံဆိပ်တွေကို အလေးထားသယောင် ဆောင်ထားရပေမဲ့ ကျွန်တော်က ‘ ထွီ’ လို့ပဲ ပြောတယ်။

ထားပါတယ်၊ ဘဝက ကျွန်တော့်ကို လူတစ်လုံး သူတစ်လုံးဖြစ်အောင်၊ အဲဒီခွက်လှလှကြီးထဲမှာ အလုံပိတ်ပြီး မျက်နှာကို အတတ်နိုင်ဆုံး ချိုခိုင်းထားတယ်။  သတိရလို့ ကျွန်တော့်ဆရာမတစ်ယောက် ပြောခဲ့ဖူးတာလေး ပြောပြဦးမယ်။ သူက “ မင်း အရွယ်ရလာရင် တစ်ခွက်ခွက်ထဲကို ဝင်၊ အဲဒါ မင်းဘဝအတွက် ထမင်းစားလက်မှတ်ပဲ။ တစ်သက်လုံး ထမင်း မငတ်တော့ဘူး” တဲ့။ သူကတော့ ကျွန်တော့်ထက်အရင် လေးထောင့်ခွက်ကြီးထဲ နေခဲ့ဖူးတဲ့ လူပေါ့။ အခုတော့ သူက လေးထောင့်ခွက်ထဲက ထွက်တယ်ဆို ပင်စင်စားဘဝနဲ့ သာသနာ့ဘောင်ထဲ ကူးပြီး ဆွမ်းခံစားနေလေရဲ့။ သူကတော့ ဘောင်တွေ၊ ခွက်တွေနဲ့ အဆင်ချောပုံပါ။ ကျွန်တော့်အတွက်တော့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။

ဘဝက ကျွန်တော့်ကို ဘောင်ထဲ ဆွဲဆွဲသွင်းတယ်။ ကျွန်တော်က ပြေးပြေးထွက်တယ်။ တစ်ခါတစ်ခါ ဘဝက ကျွန်တော့်ကို ကြိမ်တို့ပြီး ခေါ်တယ်။ ကျွန်တော်မှာ ငါးမိုးရိပ် မိချောင်းလို အပြေးကလေး သွားလိုက်ရပေမဲ့ မွန်းကျပ်မှုတွေကတော့ အိတ်ကပ်ထဲမှာ ချေးညှော်တွေအဖြစ် တစ်ရစ်ပြီး တစ်ရစ် ကျန်ရစ်ခဲ့တယ်။ ကျွန်တော့်မှာ မှိုင်းဝနေတဲ့ မီးပုံးပျံတစ်လုံးလိုပဲ ပျံတက်သွားလိုက်ချင်တယ်။ ဘဝကို ထားခဲ့မယ်၊ ပုံစံခွက်ကြီးကို ထားခဲ့မယ်၊ ဟန်ဆောင်အပြုံးတွေ ထားခဲ့မယ်၊ မျက်နှာဖုံးတွေ ထားခဲ့မယ်၊ ဆုတံဆိပ်တွေ ထားခဲ့မယ်၊ ပကာသနတွေ ထားခဲ့မယ်၊ ကောင်းချီးသြဘာပေးမှုတွေ ထားခဲ့မယ်၊ အပေါ်ယံ အပိုဆာဒါးတွေ ထားခဲ့မယ်။ ဘဝမှာ ရှိသမျှအကုန်ထားခဲ့ပြီး ကျွန်တော့်မှာ ရှိသလောက် အကုန်သယ်ခဲ့မယ်။ ပြီးရင်တော့ ဘဝကို ကျွန်တော်ပဲ စီမံလိုက်ချင်တယ်။

ဟုတ်ပါပြီ။ လောလောဆယ် အိပ်မက်က နိုးထပြီး လုံချည်ကို အကျအနဝတ်ပါတော့လို့ ဘဝက ပြောတယ်။ နောက်တော့ အခြားသူတွေကို စာသင်တယ်။  သိလို့ တတ်လို့ရယ်တော့ မဟုတ်ဘူး။ တစ်ခါတလေ ရောကြိတ်တာတွေ ပါတယ်။ အာပေါင်အာရင်းသန်သန်နဲ့ စကားကြီး စကားကျယ်တွေပါ ထည့်လာရင် ဘဝပဲ။ ကျွန်တော်က ထိုင်ပြီး ဟားနေရတာပါပဲ။ အချိန်ကြာကြာကြီး ဟားတိုက်ခွင့်ပေးထားတာတော့ မဟုတ်ဘူး။ မကြာခဏဆိုသလို တက်ရခက်တဲ့ တောင်အမြင့်ကြီးတွေ၊ ဆူးတွေ ခပ်များများနဲ့လမ်းတွေပေါ် ဆွဲခေါ်လာပြီး ကျွန်တော့်တစ်ယောက်တည်း ပစ်ထားခံခဲ့ရတဲ့အချိန်တွေမှ အများကြီး။ ဆူးတွေကို မြင်လျက်နဲ့ ကျွန်တော် လျှောက်ရတယ်၊ ပြုတ်ကျမှာ ကြောက်ကြောက်နဲ့ ကျွန်တော် တက်ရတယ်၊ နောက်က တစ်ယောက် ယောက်လိုက်လာသလိုမျိုး ကျွန်တော်ပြေးရတယ်။ အမြင်အာရုံတွေ စမ်းတဝါးဝါး၊ ခြေဖဝါးတွေ နာကျင်လည်း အော်မရ ပြုမရနဲ့၊ ဟိုးမိုးပေါ်က ပြုတ်ကျခဲ့ရသလိုမျိုး ကျွန်တော့်ရင်ဘတ်တွေ မောဟိုက်လာတဲ့အထိ ခံစားပြီးသွားမှ ဘဝက ကျွန်တော့်နားရောက်လာတယ်။ “ မှတ်ပလား၊ အဲဒါ ဘဝသင်ခန်းစာလို့ ခေါ်တယ်” တဲ့။

ကျွန်တော့်နှလုံးသားတွေ ရူးခါသွားအောင် လှိုက်ဖိုလာလွန်းလို့ ပြေးထွက်ဖြစ်ခဲ့တယ်။ ပြန်လှည့်မကြည့်ချင်လောက်အောင် ရွံရှာမုန်းတီးမိတယ်။ ကျွန်တော် အသက်ကို ဝဝရှူတယ်။ စိတ်ကို တည်ငြိမ်အောင်ထားပြီး ပျော်စရာလေးတွေ ပြန်ဖန်တီးကြည့်တယ်။ ဒါက ကျွန်တော့်ကို အချိန်အတိုင်းအတာလေးတစ်ခု အားလပ်ချိန်ပေးထားတယ်ဆိုတဲ့ သဘောလောက်ပဲ။ ပြီးရင် သူက ခေါင်းလောင်း ပြန်ထိုးမယ်။ ကျွန်တော်က အပြေးသွားရမယ်။ ရင်ဘတ်တွေ နုံးချိလာတဲ့အထိ ကျွန်တော့်ကို ကြိုးဆွဲလိမ့်မယ်။ ဒီစာက ကျွန်တော် မသွားခင်လေး လက်စသတ်ခဲ့တာ ဖြစ်တယ်။ ခဏနေရင် ကျွန်တော် ပြန်လာခဲ့ဦးမှာပါ။

 

Most Read

Most Recent