ပူတင်၏ အာဏာသက်တမ်း တိုးမြှင့်ရေး ခြေလှမ်းများ

ပူတင်၏ အာဏာသက်တမ်း တိုးမြှင့်ရေး ခြေလှမ်းများ
Published 19 January 2020
မြတ်သစ်

ပါလီမန်၏ လုပ်ပိုင်ခွင့်တိုးမြှင့်ပြီး အားကောင်းသည့် သမ္မတစနစ်ကို ထိန်းချုပ်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးအတွက် သမ္မတ ပူတင်သည် ဇန်နဝါရီ ၁၅ ရက် က အဆိုပြုလိုက်သည်။ အာဏာချုပ်ကိုင် ထားသည်မှာ နှစ်ပေါင်း ၂၀ ကျော်ရှိလာပြီ ဖြစ်သော ပူတင်၏ စတုတ္ထ သမ္မတသက်တမ်း မှာ ၂၀၂၄ တွင် ကုန်ဆုံး တော့မည်ဖြစ်သည်။ သို့သော် ပူတင်အနေဖြင့် သက်တမ်းကုန်ဆုံးချိန်တွင် သူ၏ သြဇာအာဏာရပ်ဝန်း မည်သို့ မည်ပုံရှိမည်ကိုမူ နှုတ်က ဖွင့်ပြောခြင်း မရှိ သေးပေ။

နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် အဆိုပြုထားသော အချက်အားလုံး ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရန် လို အပ်သည်ဟု မိမိ ယူဆကြောင်း ပူတင်က ဥပဒေပြုအမတ်များအား နှစ်စဉ်ပြောကြား သည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ သို့သော် ပူတင်၏ မိန့်ခွန်းထဲတွင် ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပမည့်နေ့ရက်ကို ထုတ်ဖော် ပြောကြားခြင်းမရှိခဲ့ပေ။ ထို့ပြင် သမ္မတအား သက်တမ်းနှစ်ကြိမ်ဆက်သာ ထမ်းဆောင် ခွင့်ပြုရန် ကန့်သတ်ထားသော စာပိုဒ်ငယ် တစ်ခုကို ပြောင်းလဲနိုင်ကြောင်း ပူတင်က အကြံပြုခဲ့သော်လည်း မည်သို့ပြောင်းလဲရ မည်ဆိုသည်ကို ထုတ်ဖော်မပြောခဲ့ပေ။

ပူတင်က မိန့်ခွန်းပြောကြားပြီးသည့် နောက်တွင် အံ့အားသင့်ဖွယ်ကြေညာချက် တစ်ခုကို ထုတ်ပြန်လိုက်သည်။ ပူတင်နှင့် ကာလရှည်ကြာ မဟာမိတ်ဖြစ်သူ ဝန်ကြီး ချုပ် ဒီမီထရီမက်ဗီဒက်နှင့် ရုရှားအစိုးရတစ် ဖွဲ့လုံး နုတ်ထွက်လိုက်သည်။ ပူတင်၏ မိန့် ခွန်းပြောကြားပြီး နှစ်နာရီအကြာတွင် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ပြု ပြင်ပြောင်းလဲမှုများသည် နိုင်ငံ၏ အာဏာ ထိန်းချုပ်မှု၊ မျှဝေမှုကို ကြီးမားစွာပြောင်း လဲစေမည်ဖြစ်သဖြင့် လက်ရှိ ပုံစံဖြင့် သွား နေသော အစိုးရအဖွဲ့ နုတ်ထွက်ခြင်းဖြစ် ကြောင်း မက်ဗီဒက်က ပြောကြားခဲ့သည်။ မက်ဗီဒက် နုတ်ထွက်ပြီးသည့်နောက်တွင် နိုင်ငံ၏ အခွန် ဝန်ဆောင်မှုဌာန ခေါင်း ဆောင် မီခေးရှုစတင်းကို ဝန်ကြီးချုပ်နေရာ ထမ်းဆောင်ရန် သမ္မတပူတင်က အဆော တလျင် အဆိုပြုခဲ့သည်။

အစိုးရအဖွဲ့ နုတ်ထွက်ခြင်းကြောင့် ရုရှားနိုင်ငံရေးသည် သိသိသာသာ ပြောင်း လဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ နိုင်ငံရေး အကဲခတ်သမားများက သုံးသပ်နေကြ သည်။ ၂၀၂၄ တွင် သမ္မတ သက်တမ်းကုန် ဆုံးတော့မည့် ပူတင်က ရုရှားနိုင်ငံရေးတွင် အရေးပါသည့် အခန်းကဏ္ဍ၌ ဆက်ရှိရေး၊ အစိုးရအပေါ် သြဇာလွှမ်းမိုးနိုင်စေရေး အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်အတူ ဝန်ကြီးချုပ် မက်ဗီဒက် ၏ အစိုးရအဖွဲ့ကို နုတ်ထွက်စေခြင်းဖြစ် ကြောင်း နိုင်ငံရေးအကဲခတ်များက ဝေဖန် နေသည်။ ပူတင်အနေဖြင့် မိမိ၏ အခန်း ကဏ္ဍကို မည်သည့်ပုံစံ မည်သည့်နည်းလမ်း ဖြင့် ပုံဖော်မည်ကိုမူ ထင်ရှားစွာ မသိရှိရသေးပေ။ ကေဂျီဘီဟောင်းတစ်ဦးဖြစ်သူ ပူတင် သည် နိုင်ငံတကာကို ချုပ်ကိုင်ထားခဲ့သည် မှာ နှစ်ပေါင်း ၂၀ ကြာခဲ့ပြီဖြစ်သည်။ ဆိုဗီ ယက်ရုရှားနိုင်ငံတွင် စတာလင်၏ သြဇာ အာဏာသက်တမ်းမှာ ၁၉၄၂ မှ ၁၉၅၃ ထိ ၂၉ နှစ်ဖြစ်ရာ စတာလင်ပြီးလျှင် ပူတင်မှာ ရုရှားနိုင်ငံ၏ ဒုတိယမြောက် အာဏာသက် တမ်း အရှည်ကြာဆုံးသော နိုင်ငံခေါင်းဆောင် ဖြစ်သည်။

ပူတင်၏ အဓိကပြိုင်ဘက်လည်းဖြစ် ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်လည်း ဖြစ်သည့် အလက်ဇန်းဒါးနာဗာညီက “ပူတင်၏ အခြေခံဥပဒေပြင်ဆင်ရေး အကြံပြုချက် ဆိုသည်မှာ သူ အသက်မသေဆုံးချိန်အထိ အာဏာရရေး လုပ်ငန်းစဉ်မျှသာဖြစ်ကြောင်း” Twitter တွင် ရေးသားခဲ့သည်။ အခြေခံဥပဒေပြင်ဆင်ရေးတွင် ဥပဒေပြု အမတ်များအနေဖြင့် ဝန်ကြီးချုပ်နှင့် ကက် ဘိနက် ဝန်ကြီးများ ခန့်အပ်နိုင်မည့် အခွင့် အရေးများ ရရှိလာမည်ဖြစ်သည်။ လက်ရှိ အခြေအနေတွင် ဝန်ကြီးချုပ်နှင့် ကက်ဘိ နက်ဝန်ကြီးများ ခန့်အပ်ရေးကို သမ္မတသာလျှင် ဆုံးဖြတ်ပိုင်ခွင့်ရှိနေသည်။

အခြေခံဥပဒေပြင်ဆင်ခြင်းအားဖြင့် “အရပ်ဘက် လူ့အဖွဲ့အစည်း ပိုမိုခိုင်မာရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ ရေးပါတီများအနေဖြင့် အရေးပါသော ဆုံး ဖြတ်ချက်များရရှိရေး” တို့ကို ဖော်ဆောင်နိုင်မည်ဟု ပူတင်က ပြောကြားခဲ့သည်။

“ပါလီမန်ရဲ့ အခန်းကဏ္ဍ ပိုမြင့်မား လာမှာဖြစ်ပါတယ်။ ပါလီမန်နဲ့ ကက်ဘိနက် ဝန်ကြီးတွေရဲ့ အပြန်အလှန်ဆက်ဆံရေး ပိုမို ခိုင်မာလာတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၈ ရက်က  စိန့်ပီတာစဘတ်မြို့၌ ပြုလုပ်သော ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်တစ်ခုအတွင်း ပူတင်ကို တွေ့ရစဉ်

ပူတင်က ဝန်ကြီးချုပ်ကို ရာထူးမှ ဖယ်ရှားလိုက်ပြီး ပါလီမန်နှင့် ကက်ဘိနက်၏ လုပ်ပိုင်ခွင့် အာဏာကို ပိုပေးလိုက်ခြင်းသည် သမ္မတ၏ လုပ်ပိုင်ခွင့်ကို ပိုမိုရရှိစေမည်ဟု နိုင်ငံရေး အကဲခတ်သမားများက သုံးသပ် ထားသည်။ ပူတင်သည် နိုင်ငံတော်ကောင်စီ ၏ ဥက္ကဋ္ဌ သို့မဟုတ် ဥသျှောင်ရာထူးကို ရယူ ထားလိမ့်မည်ဟုလည်း နိုင်ငံရေးအကဲခတ် သမားအချို့က သုံးသပ်ထားသည်။ ကာဇက် စတန်နိုင်ငံတွင် အာဏာကို ကာလရှည်ကြာ စွာရယူထားသော သမ္မတ နူဆူလ်တန်နာဇာ ဘာယက်ဖ်သည် ယမန်နှစ်က သမ္မတရာထူး မှ နုတ်ထွက်ခဲ့သည်။ သို့သော် သူက သြဇာ အာဏာကို လက်မလွှတ်ဘဲ အသက် ၇၉ နှစ် ရှိပြီဖြစ်သည့် နာဇာဘာယက်ဖ်သည် နိုင်ငံ တော်လုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌရာထူးကို ရယူထားခြင်းဖြင့် သူ၏ သြဇာအာဏာကို ရယူနိုင်ခဲ့သည်။

ပူတင်အနေဖြင့် လုပ်နိုင်သည့် နည်း လမ်းတစ်ခုလည်း ရှိသေးသည်။ အိမ်နီးချင်း ဘီလာရုစ်နိုင်ငံသည် ပေါင်းစည်းထားသော နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်သစ်ရာထူး ကို တီထွင်ခဲ့သည်။ ဤရာထူးသစ်ကို ဘီလာ ရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှင်ကိုက လက်မခံခဲ့ပေ။ လူကာရှင်ကိုက အာဏာရှင် တစ်ဦးအဖြစ် တိုင်းပြည်အုပ်ချုပ်ခဲ့သည်မှာ ၂၅ နှစ်ခန့်ရှိပြီဖြစ်သည်။ သို့သော် ရုရှားနိုင်ငံ က ဘီလာရုစ်နိုင်ငံကို စည်းလုံးညီညွတ်သော နိုင်ငံတစ်ခုဖြစ်လာစေရန်အတွက် ရာထူးသစ်ကို လက်ခံရန် တွန်းအားပေးလျက်ရှိ သည်။

နိုင်ငံရေးအကဲခတ်သမားအချို့ကမူ ပူတင်သည် တရုတ်နိုင်ငံ၏ ခေါင်းဆောင် ရှီကျင်ပင်း၏ လမ်းကြောင်းအတိုင်း လိုက်လိမ့်မည်ဟု သုံးသပ်နေကြသည်။ ၂၀၁၇ ၌ သမ္မတသက်တမ်း ကန့်သတ်ချက်ကို ဖယ်ရှားလိုက်နိုင်သဖြင့် တစ်သက်တာ ကာလပတ်လုံး အာဏာကို ချုပ်ကိုင်နိုင်ခွင့်ရရှိခဲ့ ပြီဖြစ်သည်။ နိုင်ငံရေးအတွက် မြင်တတ်သော ပူတင်က ဒီမိုကရက်တစ် ပြုပြင်ပြောင်း လဲရေးကို လက်ဆောင်နေသူတစ်ဦးအဖြစ် ပုံရိပ်ဖော်ဆောင်ပြီး အတ္တအကျိုးစီးပွားအ တွက် နိုင်ငံရေးလောကတွင် ဆက်လက် တည်ရှိရေးကို မဖြစ်မနေ လုပ်ဆောင်မည် သာ ဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေးကို ရုရှားတစ်နိုင်ငံလုံးက ပါဝင်ကြဖို့လိုကြောင်း ပူတင်က ပြောကြားလိုက်သည်။ သို့သော် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒမဲ မည်ရွေ့မည်မျှရဖို့လိုအပ်ကြောင်းကိုမူ ပူ တင်က ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်း မရှိ ပေ။ အထက်လွှတ်တော်မှ ပြောရေးဆိုခွင့်ရှိ သူ ဗယ်လက်တီနာမက်ဗီရင်ကိုက ဥပဒေပြု အမတ်များအနေဖြင့် အခြေခံဥပဒေပြင်ဆင် ရေးလုပ်ငန်းကို လုပ်ဆောင်နေကြကြောင်း နွေဦးပေါက်တွင် အပြီးသတ်နိုင်မည်ဖြစ် ကြောင်း ပြောကြားလိုက်သည်။

ပူတင်ကတော့ သူ့သမ္မတ သက်တမ်း ရာထူးမကုန်ဆုံးမီကာလ ၂၀၂၄ တွင် အပြီး သတ်လုပ်ဆောင်နိုင်ရန် စီစဉ်ထားသည်။ ပူတင်အပေါ် ပြည်သူလူထုထောက်ခံမှု ကျဆင်းနေသည်။ နိုင်ငံစီးပွားရေး ကျဆင်း နေသလို လူနေမှုအဆင့်အတန်းကလည်း မတိုးတက်ဘဲ ရပ်တန့်နေသည်။ ပါလီမန် ရွေးကောက်ပွဲများကို ၂၀၂၁ တွင် ကျင်းပရန် သတ်မှတ်ထားပြီးဖြစ်သော်လည်း နိုင်ငံရေး အကဲခတ်များကတော့ ပါလီမန်ရွေးကောက် ပွဲကို သတ်မှတ်ထားသော ရက်ထက် စောပြီး ကျင်းပဖွယ်ရှိကြောင်း မှတ်ချက်ချထားကြ သည်။

နုတ်ထွက်သွားသည့် ဝန်ကြီးချုပ် မက် ဗီဒက်သည် ပူတင်နှင့် နီးနီးကပ်ကပ်ရှိသော ပူတင်၏ အတွင်းစည်းမှာ ရှိသော ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။ ပူတင်က မက်ဗီဒက်ကို သမ္မတရုံး လုံခြုံရေးကောင်စီ၏ ဒုတိယအကြီး အကဲ ရာထူးအဖြစ် ခန့်အပ်လိုက်သည်။ ဤ ရာထူးမှာ အသစ်တီထွင်သော ရာထူးဖြစ် သည်။ ရုရှားနိုင်ငံ၏ စီးပွားရေးကျဆင်းမှု ကြောင့် ဝန်ကြီးချုပ် တာဝန်ရယူထားသော ဗက်ဗီဒက်မှာ ဝေဖန်မှုများ ခံခဲ့ရသည်။

အမှန်တကယ်၌ မက်ဗီဒက်သည် သမ္မ တ တာဝန်ကို ၂၀၀၈ မှ ၂၀၁၂ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ မက်ဗီဒက် လက်ထက် တွင် သမ္မတသက်တမ်းကို လေးနှစ်မှ ခြောက် နှစ်အထိ သက်တမ်းတိုးမြှင့်ခဲ့သလို သမ္မတ တစ်ဦးအနေဖြင့် မက်ဗီဒက်လက်ထက်မှာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်သစ် မီခေးရှုစတင်းမှာ ဗျူရို ကရက်တစ်ဦးဖြစ်သည်။ ရုရှားနိုင်ငံ၏အခွန်  ဆောင်ဝန်ကြီးဌာနတွင် ၁၀ နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ရှုစတင်းက နိုင်ငံရေး ရည်မှန်းချက် ကြီးကြီးမားမား မရှိ။ သို့သော် သူသည် လုပ်ငန်း တာဝန်ထမ်းဆောင် ရာတွင် တိကျသေချာသူတစ်ဦး ထူးချွန်သူ တစ်ဦးအဖြစ် ချီးကျူးခြင်းခံရသူဖြစ်သည်။ သူ့လက်ထက်တွင် အခွန်ငွေ သိသိသာသာ  တိုးမြှင့်လာခဲ့သည်။ ရှုစတင်းက မိမိအနေ ဖြင့် လူမှုရေးကိစ္စရပ်များ၊ ပြဿနာများကို ဖြေရှင်းပေးမည်၊ ပြည်သူလူထု၏ လူနေမှု အဆင့်အတန်း မြင့်မားလာအောင် ကြိုးပမ်း မည်ဟု ကတိပေးသည်။

“သမ္မတက စီးပွားရေးတိုးတက်စေဖို့အတွက် ကက်ဘိနက်က လုပ်ဆောင်ရမယ်လို့ မှာကြားထားတယ်။ ဒါ့အပြင် သမ္မတက ပြည်သူလူထုအတွက် အလုပ်အကိုင်သစ်တွေ ဖန်တီးပေးဖို့လည်း မှာကြားထားပါတယ်” ရှုစတင်းက ပြောကြားခဲ့သည်။

ပြည်သူလူထု၏ ဝင်ငွေများ အမှန်တကယ် မြင့်တက်လာစေရေးသည် အစိုးရ၏ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း ရှုစတင်းက ပြောကြားခဲ့သည်။

မိနစ် ၇၀ ကြာ မိန့်ခွန်းတွင် ပူတင်က ဥပဒေပြုအမတ်များက ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ထိပ်တန်းရှိသူများကို ရွေးချယ်ရန်အတွက် တာဝန်ခံပြီး ပါလီမန်အခွင့်အာဏာကို တိုးမြှင့်ရန် ပြောကြားခဲ့သည်။ ရုရှားအာဏာရပါတီ United Russia သည် လူထုထောက်ခံမှု ကျဆင်းနေချိန်တွင် ပူတင်က နိုင်ငံရေးကစားကွက်တစ်ခုအဖြစ် အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့အား ဖယ်ရှားရေးကို လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

 

==============

 

 

Most Read

Most Recent