နစ်ဆန်း အမှုဆောင်ချုပ်ဟောင်း ထွက်ပြေးမှု၌ နိုင်ငံခြားသားနှစ်ဦး ပါဝင်ပတ်သက်ဟု တူရကီ ပြောကြား

နစ်ဆန်း အမှုဆောင်ချုပ်ဟောင်း ထွက်ပြေးမှု၌ နိုင်ငံခြားသားနှစ်ဦး ပါဝင်ပတ်သက်ဟု တူရကီ ပြောကြား
ဇန်နဝါရီ ၄ ရက်က နစ်ဆန်းအမှုဆောင်ချုပ်ဟောင်း ကားလို့စ် ဂိုဆင် ပိုင်ဆိုင်သည်ဟု ဆိုကြသော ဘေရွတ်မြို့ လူချမ်းသာရပ်ကွက်တစ်ခုရှိ နေအိမ်သို့ ကားတစ်စီး ထိုးဆိုက်လာစဉ် (Photo: AFP)
ဇန်နဝါရီ ၄ ရက်က နစ်ဆန်းအမှုဆောင်ချုပ်ဟောင်း ကားလို့စ် ဂိုဆင် ပိုင်ဆိုင်သည်ဟု ဆိုကြသော ဘေရွတ်မြို့ လူချမ်းသာရပ်ကွက်တစ်ခုရှိ နေအိမ်သို့ ကားတစ်စီး ထိုးဆိုက်လာစဉ် (Photo: AFP)
Published 5 January 2020
Ref: AFP

ဂျပန်မှနေ၍ လက်ဘနွန်သို့ ထွက်ပြေးရာတွင် အီစတန်ဘူကို ဖြတ်သန်းရာ၌ နစ်ဆန်းအမှုဆောင်ချုပ်ဟောင်း ကားလို့စ် ဂိုဆင်၏ ခရီးစဉ်ကူးပြောင်းမှုတွင် နိုင်ငံခြားသားနှစ်ဦး ပါဝင်ပတ်သက်ခဲ့သည်ဟု တူရကီက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

“ခရီးစဉ်ကူးပြောင်းမှုမှာ နိုင်ငံခြားသားနှစ်ဦး ပါဝင်ပတ်သက်ခဲ့ပါတယ်” ဟု တူ ရကီ တရားရေးဝန်ကြီး အဗ္ဗဒူဟာမစ်ဂူက CNN ၏ Turk အသံလွှင့်ဌာနနှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။

သို့သော် တူရကီဝန်ကြီးက ၎င်းတို့သည် မည်သည့်နိုင်ငံသားများ ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်အခန်းကဏ္ဍမှ ပါဝင်ပတ်သက်ခဲ့သည်ကိုလည်းကောင်း အသေးစိတ် ထပ်မံပြောကြားခဲ့ခြင်း မရှိပေ။

နစ်ဆန်းအမှုဆောင်အရာရှိချုပ်ဟောင်း ဂိုဆင်သည် ငွေကြေးဆိုင်ရာ မသမာမှုများ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံထား ရပြီး ဂိုဆင်က နှစ်သစ်ကူးအကြိုည၌ ဂျပန်မှ ထွက်ပြေးခြင်း မပြုမီ သူ့အား စစ်ဆေးရန် လာမည့်တရားခွင်သည် မသမာမှုများ ရှိ ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အီစတန်ဘူမြို့ အက်တာတက် လေဆိပ်၌ ကိုယ်ပိုင်လေယာဉ်နှစ်စင်းအကြား ဂိုဆင် ကူးပြောင်းခဲ့ပုံရမှုနှင့် ပတ်သက်၍ တူရကီက တရားဝင် စုံစမ်းစစ်ဆေးမှုများ စတင်နှင့်ခဲ့ပြီးဖြစ်သည်။

စုံစမ်းစစ်ဆေးမှုက လေကြောင်းခရီးစဉ်နှစ်ခုကို အဓိကထားရာ ပထမတစ်ခုမှာ TC-TSR ဟု စာတန်းတပ်ထားသည့် Bombardier လေယာဉ်တစ်စင်းဖြစ်ပြီး ဂျပန်နိုင်ငံ အိုဆာကာမြို့မှ ပျံသန်းလာကာ အီစ တန်ဘူမြို့သို့ နံနက် ၅ နာရီ ၁၅ မိနစ်တွင် ဆင်းသက်ခဲ့ပြီး ဂိုထောင်တစ်ခုအတွင်း  ရပ်ထားခဲ့သည်။

ဒုတိယတစ်ခုမှာ ဘေရွတ်မြို့သို့ ပျံသန်းသည့် ကိုယ်ပိုင်ဂျက်လေယာဉ် Bombardier Challenger 300 အမျိုးအစား ဖြစ်ပြီး TC-RZA ဟု စာတန်းကပ်ထားသည်။ ယင်းလေယာဉ်သည် ပထမ လေယာဉ် ဆိုက်ကပ်ပြီး ၄၅ မိနစ်အကြာတွင် ထွက်ခွာသွားခဲ့သည်ဟု DHA သတင်းဌာနက အစောပိုင်းတွင် ဖော်ပြခဲ့သည်။

လေယာဉ်မှူးလေးဦးအပါအဝင် လူပေါင်း ခုနစ်ဦးကို ယခုသီတင်းပတ်အစောပိုင်း၌ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းနှင့် တရားစွဲဆိုသူက စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း တူရကီတရားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ယခုဖြစ်ရပ်နှင့် စပ်လျဉ်း၍ဂျပန်အာဏာပိုင်များထံမှ တရားဝင် တရားရေးဆိုင်ရာ တောင်းဆိုမှုကို လက်ခံရရှိခြင်းမရှိသေးဟု တူရကီတရားရေးဝန်ကြီးက ပြောကြားခဲ့သည်။                                             

Ref: AFP

 

Most Read

Most Recent