မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်သည့် အင်အားကိုသာ သုံးသင့်ပြီး အင်အားအလွန်အကျွံ အသုံးပြုပါက ပြဿနာရှိနိုင်သည့်အပြင် ပြည်သူများ၏ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုစည်းခန်းမတွင် ဒီဇင်ဘာ ၁၈ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်နှင့် ရဲအရာရှိကြီးများ တွေ့ဆုံရာတွင် ၎င်းက လမ်းညွှန်အမှာစကား ပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တွေ့ရသည့် အကြောင်းရင်းမှာ ယခုအချိန်တွင် ပြည်တွင်းလုံခြုံရေး၊ ပြည်ပလုံခြုံရေး ဆိုသည်မှာ ခွဲခြား၍ရသည့် အခြေအနေ မရှိတော့ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးသည် ပြည်ပလုံခြုံရေးနှင့် ဆက်နွှယ်နေသောကြောင့် အထူးအရေးကြီးကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ယခင်က အခေါ်အဝေါ် Police ဆိုသည်မှာ ထိန်းချုပ်သည့်သဘော၊ စောင့်ကြည့်သည့်သဘော ဖြစ်ကြောင်း၊ ပြည်သူ့ရဲအဖြစ် ပြောင်းခဲ့သည်က ပြည်သူ့အတွက် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ဆောင်ပေးစေလိုသည့် သဘောဟုထင်ကြောင်း၊ ယခု မြန်မာနိုင်ငံရဲ ဆိုသည်မှာ မြန်မာနိုင်ငံ၏ မြန်မာနိုင်ငံ ပြည်သူများနှင့် နိုင်ငံတော်၏ ပြည်တွင်း၊ ပြည်ပ လုံခြုံရေးကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ခြင်း သဘောဟု ယူဆကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးကြောင်း၊ ရဲတပ်ဖွဲ့ဝင်တိုင်းသည် ကိုယ့်အလုပ်ကို ဂုဏ်ယူစေချင်ကြောင်း၊ ကိုယ့်အလုပ်ကို တာဝန်ကျေကျေ ဆောင်ရွက်စေချင်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေးသည် ခွဲခြား၍မရကြောင်း၊ တရားဥပဒေ စိုးမိုးမှု မရှိဘဲ နိုင်ငံအတွင်း မလုံခြုံနိုင်ကြောင်း၊ နိုင်ငံအတွင်း မှီတင်းနေထိုင်သည့် တစ်ဦးချင်း၏ လုံခြုံရေးသည် တရားဥပဒေ စိုးမိုးမှုရှိမှ ဖြစ်နိုင်မည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှု ရှိမှသာ ရပ်ရွာအေးချမ်းသာယာမှု ရှိမည်ဖြစ်ကြောင်း၊ ဥပဒေဆိုသည်မှာ လူများက စိတ်ခံစားချက်အတိုင်း မလုပ်ဘဲ စည်းမျဉ်းစည်းကမ်း ဘောင်အတွင်းက မျှမျှတတ လုပ်နိုင်အောင် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ တရားရုံးများသည်လည်း လူ့သဘာဝ အခြေအနေနှင့် ကိုက်ညီအောင် ဥပဒေကို စီမံခန့်ခွဲရခြင်းပင်ဖြစ်ကြောင်း၊ တရားမျှတခြင်းကို အကြင်နာတရားနှင့် ထိန်းကျောင်းရမည်ဖြစ်ကြောင်း၊ မေတ္တာတရားမရှိဘဲ အေးချမ်းသာယာမှု မရှိနိုင်ကြောင်း၊ ကမ္ဘာပေါ်တွင် အင်မတန် ဖွံ့ဖြိုးတိုးတက်တည်ငြိမ်သည့် နိုင်ငံများ၏ ရဲတပ်ဖွဲ့များဆိုလျှင် ၎င်းတို့၏ ပြည်သူများက ယုံကြည်စိတ်ချ အားကိုးကြသည့် ရဲတပ်ဖွဲ့များ ဖြစ်နေသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ယင်းရဲတပ်ဖွဲ့များရှိလျှင် သူတို့အပေါ် မည်သည့်အန္တရာယ်မှ မကျရောက်နိုင်ဘူး ဆိုသည်အထိ စိတ်ချလုံခြုံမှု ပေးနိုင်သည့် နိုင်ငံများသည် အင်မတန် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ ဖြစ်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြည်ပအန္တရာယ်နှင့် ပတ်သက်ပြီး လုံခြုံရေး၏ ပထမဆုံး ခံစစ်စည်းမှာ သံတမန်ရေးရာ ဖြစ်ကြောင်း၊ သံတမန်ရေးရာနှင့် ကာကွယ်ခြင်းသည် မည်သူ့ကိုမှ ပျက်စီးထိခိုက်မှု မရှိကြောင်း၊ ဒုတိယခံစစ်စည်းမှာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ကြောင်း၊ နောက်ဆုံးတစ်ပိုင်းက စစ်ရေးစစ်ရာ ဖြစ်ကြောင်း၊ စစ်ရေးစစ်ရာအထိ ရောက်လာပါက နှစ်ဖက်အထိအခိုက် အပျက်အစီး ရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒုတိယ ခံစစ်စည်းဖြစ်သည့် ဖွံဖြိုးတိုးတက်မှုတံတိုင်း မခိုင်လုံသရွေ့ လုံခြုံရေးရဲတပ်ဖွဲ့များသည် သာမန်ထက်ပိုပြီး အားစိုက်ဆောင်ရွက် နေရမည်ပင် ဖြစ်ကြောင်း၊ လိုအပ်သည့် အချိန်တွင် နိုင်ငံကို ပံ့ပိုးပေးရခြင်းသည် အခွင့်အရေးတစ်ခု ဖြစ်ကြောင်း၊ နောင်တစ်ခေတ်တွင် ပြည်သူများ ရုန်းကန်စရာ မလိုဘဲ မိမိတို့က ပိုမိုခွန်အားစိုက်ပြီး ဖြည့်ဆည်းပေးခဲ့ရမည် ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ကုသိုလ်ပြုနိုင်သည့် အခွင့်အရေးလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ခြင်းက ဂုဏ်ယူစရာ ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် အထူးကြိုးစားရမည် ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့သည် တပ်မတော်နှင့် သဘောသဘာဝ မတူကြောင်း၊ ပြည်သူနှင့် အနီးကပ် ဆက်ဆံသည့်နေရာတွင် နိစ္စဓူဝ ပြည်သူ၏ လုံခြုံရေး၊ အေးချမ်းသာယာရေးကို အဓိကလုပ်ရမည်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖြစ်ကြောင်း၊ မိမိ၏ တာဝန်သည် မည်မျှကြီးမားသည် ဆိုသည်ကို နှလုံးသွင်းပြီး တာဝန်ကို ကျေကျေပွန်ပွန် လုပ်ဆောင်စေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
ကမ္ဘာက သတ်မှတ်ထားသည့်စံနှုန်းသည် ရဲတစ်ဦးသည် ပြည်သူလူထု လူ ၄၅၀ ခန့်ကို စောင့်ရှောက်နိုင်ခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရဲတစ်ဦးကို လူ ၁၀၀၀ ကျော်အထိ စောင့်ရှောက်နေရသည့် အခြေအနေ ဖြစ်ကြောင်း၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ အပြည့်အဝ မထားနိုင်သည့် ပြဿနာရှိကြောင်း၊ ထို့ကြောင့် ဇွဲ၊ လုံ့လ၊ ဝီရိယ ပိုမိုစိုက်ထုတ် လုပ်ကိုင်နေရမည် ဖြစ်ကြောင်း၊ ထိုသို့သော် အခြေအနေတွင် ရခိုင်ပြည်နယ်ကို ပို၍လုံခြုံရေး လိုအပ်ချက်အရ ပို့ထားရကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာသည်ဆိုသည့် အမြင်ပြောင်းလာသည်အထိ ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့များသည် အခြားဝန်ထမ်း အဖွဲ့အစည်းများထက် ပြည်သူအပေါ် သြဇာလွှမ်းမိုး သက်ရောက်မှုရှိကြောင်း၊ သို့သော်လည်း ပြည်သူသည် ရဲများကို ကြောက်ရွံ့နေခြင်းမျိုး မဟုတ်ဘဲ အားကိုး တန်ဖိုးထားခြင်းမျိုး ဖြစ်အောင် လုပ်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ပြည်သူများ လုံလုံခြုံခြုံ နေနိုင်ရန် ရပ်ရွာတည်ငြိမ် အေးချမ်းသာယာရေးအတွက် လုပ်ဆောင်နေသည်ဟု ပြည်သူက မြင်လာပြီဆိုလျှင် အောင်မြင်ပြီဟု ဆိုရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့နောက် အစိုးရဘက်မှ တတ်နိုင်သမျှ ပံ့ပိုးပေးရန်အတွက် ရဲတပ်ဖွဲ့၏ အခက်အခဲကို သိရန်လိုအပ်ကြောင်း၊ ယခုဆိုလျှင် ပြည်တွင်းငြိမ်းချမ်းရေး မရှိသည့် နေရာများတွင်၊ ရခိုင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များ ကျဆုံးမှု၊ ထိခိုက်မှုများရှိကြောင်း၊ ယခုလို ကျဆုံးထိခိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကိုလည်း ပံ့ပိုးတာဝန်ယူ ပေးရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကျန်ရစ်သူ မိသားစုများကို နိုင်ငံတော်က စောင့်ရှောက်ခြင်းအားဖြင့် နိုင်ငံအတွက် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရင်း အသက်ကိုယ်ခန္ဓာ စွန့်လွှတ်ခဲ့ခြင်းကို တန်ဖိုးထား အသိအမှတ်ပြုရာ ရောက်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ဒုတိယရဲချုပ်များဖြစ်သည့် ရဲဗိုလ်ချုပ် မျိုးဆွေဝင်း၊ ရဲဗိုလ်ချုပ်အောင်နိုင်သူ၊ ရဲဦးစီးအရာရှိချုပ်၊ ရဲရေးချုပ်၊ ရဲထောက်ချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီးမှူး၊ ရဲရာထူးခန့်ချုပ်၊ ရဲလေ့ကျင့်ရေး အရာရှိချုပ်၊ လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့များမှ ကွပ်ကဲရေးမှူးများ၊ ရဲတပ်ဖွဲ့ အသီးသီးမှ ရဲတပ်ဖွဲ့မှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရဲတပ်ဖွဲ့မှူးများနှင့် ရဲလေ့ကျင့်ရေး ကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။















