သမိုင်းဝင် ဝန်ကြီးများရုံးအတွင်း ယစ်မျိုးလိုင်စင် လျှောက်ထားမှုနှင့်ပတ်သက်၍ တိုင်းလွှတ်တော်လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီသို့ တိုင်ကြားစာပေးပို့ထားကာ ကန့်ကွက်ကြောင်းကိုလည်း ဗိုလ်တထောင် ထွေအုပ်ရုံးသို့ ပြောကြားထားကြောင်း ဗိုလ်တထောင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက ပြောကြားသည်။
“လွှတ်တော်က လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီကို တိုင်ကြားစာပို့ထားတယ်။ ဟိုတစ်ခါ Spa လိုပဲ ခေါ်ယူကြားနာမှာ၊ အခု ဆိုင်ကတော့ မဖွင့်သေးဘူး။ ယစ်မျိုးလိုင်စင်ကို ထွေအုပ်ရုံးကို တင်ပြထားတာဖြစ်တယ်။ ပြီးတော့ ဗိုလ်တထောင်မြို့နယ် ထွေအုပ်ကို နှုတ်နဲ့ပြောထားတယ်။ သဘောမတူဘူး ဆိုတာကို ပြောထားတယ်” ဟု ဦးအောင်ထူး က ပြောကြားသည်။
ဗိုလ်ထထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒီဇင်ဘာ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဗိုလ်ထထောင်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ် စီ (ရထားဝင်း) နေ ဦးသော်တာအမည်ဖြင့် ဖွင့်လှစ်ရောင်းချ လျက်ရှိသော FL 17 ယစ်မျိုးလိုင်စင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၉) ရပ်ကွက် အနော်ရထာလမ်း၊ အမှတ်(၃၀၀) နေ Zigg Co.Ltd အမည်ဖြင့် ယစ်မျိုးလိုင်စင် FL 17 သို့ ယစ်မျိုးလိုင်စင် အမည်၊ လိပ် စာ ပြောင်းရွှေ့ဝင်ရောက်ခွင့်ပြုပါရန် မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြလျှောက်ထားလာကြောင်း၊ အဆိုပါ ယစ်မျိုးလိုင်စင် အမည်၊ လိပ်စာ ပြောင်း လျှောက်ထားခြင်းနှင့်ပတ်သက်ပြီး ယစ်မျိုး အက်ဥပဒေ ၁၆ အရ ကန့်ကွက်လိုပါက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မူပြီး အမိန့်ကြော်ငြာစာကပ်သည့်နေ့မှစပြီး ၁၅ ရက်အတွင်း အထောက်အထား အပြည့်အစုံဖြင့် ကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ကြောင်း ပါရှိသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ၄၆ လမ်း၊ အမှတ် (၆၅/B) နေ ကျော်သူလတ်အမည်ဖြင့် ဖွင့်လှစ်ရောင်းချ လျက်ရှိသော FL 9 ယစ်မျိုးလိုင်စင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ အနော်ရထာလမ်း၊ အမှတ် (၃၀၀)နေ ဒေါ်ဝင်းဝင်းခိုင်အမည်ဖြင့် ယစ်မျိုး လိုင်စင် FL 17 သို့ ယစ်မျိုးလိုင်စင် အမည်၊ လိပ်စာ၊ အမျိုးအစား ပြောင်းရွှေ့ဝင်ရောက်ခွင့် ပြုပါရန် ဗိုလ်တထောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြလျှောက် ထားလာကြောင်း၊ အဆိုပါယစ်မျိုးလိုင်စင် အမည်၊ လိပ်စာ၊ အမျိုးအစား ပြောင်းလဲ လျှောက်ထားလာခြင်းနှင့် ပတ်သက်ပြီး ယစ်မျိုး အက်ဥပဒေ ၁၆ အရ ကန့်ကွက်လိုပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မှုပြီး အမိန့်ကြော်ငြာစာကပ်သည့်နေ့မှ စပြီး ၁၅ ရက်အတွင်း အထောက်အထား အပြည့်အစုံဖြင့် လူကြီးမင်းကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
FL 17 ယစ်မျိုးလိုင်စင်သည် နိုင်ငံခြားအရက်များ (Forgein Alcoholic Liquor) ကို ဟိုတယ်နှင့် နားနေခန်း ဥပစာအတွင်း သောက်သုံးရန် ဟိုတယ်ပိုင်ရှင် သို့မဟုတ် ဟိုတယ် မန်နေဂျာက ကောင်တာ ဖွင့်၍ လက်လီရောင်းချခွင့် လိုင်စင်ဖြစ်သည်။ သမိုင်းဝင် ဝန်ကြီးများရုံး ငှားရမ်းလုပ် ကိုင်ခွင့်နှင့် ပြုပြင်ထိန်းသိမ်းခြင်းကို ၂၀၁၄ ခုနှစ်တွင် အနော်မာကုမ္ပဏီက တစ်လလျှင် သိန်း ၂၅၀ နှင့် နှစ် ၅ဝစာချုပ်ချုပ်ဆိုကာ
လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကော်ဖီဆိုင်၊ အမှတ်တရပစ္စည်းဆိုင်၊ ပန်းချီ အရောင်းဆိုင်များ ဖွင့်လှစ်ထားပြီးဖြစ်ကာ ဒီဇင်ဘာ ၁၄ ရက်တွင် KFC ကြက်ကြော်ဆိုင် နှင့် Krispy Kreme ဒိုးနပ်စ်ဆိုင်ကို ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။















