ဗီဇပြုပြင်ထားသည့် သီးနှံများ၊ တိရစ္ဆာန်များ၊ ထုတ်ကုန်များသည် နယ်စပ်ဖြတ်ကျော်၍ ပြည်တွင်းသို့ဝင်ရောက်လာနိုင်သည့် စိန်ခေါ်မှုများ ကြုံတွေ့လာနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
ဒီဇင်ဘာ ၁၈ ရက်က နေပြည်တော်ရှိ Hilton Hotel တွင်ပြုလုပ်သည့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒပေါ် ထွန်းရေးအလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်၊ မူဝါဒနှင့် လမ်းညွှန်ချက်များကို ပြဋ္ဌာန်းပြီး စနစ်တကျစီမံခန့်ခွဲခြင်းဖြင့် မိမိတို့ နိုင်ငံသူနိုင်ငံသားများ ဘေးအန္တရာယ်ကင်းသည့် အစားအစာများရရှိစေပြီး ဇီဝမျိုးစုံမျိုးကွဲများအပေါ် ထိခိုက်မှုမရှိစေရေးအတွက် ခေတ်မီဇီဝနည်းပညာများကို ပွင့်လင်းမြင်သာစွာ အကျိုးရှိရှိ အသုံးပြုလာ နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ကမ္ဘာ့နိုင်ငံများနည်းတူ ဇီဝနည်းပညာရပ်များအား အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒများ ချမှတ်ထိန်းကျောင်းနိုင်ရေးမှာ အလွန်အရေးကြီးကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ဗီဇပြုပြင်ထားသည့် မျိုးစေ့၊ စားသောက်ကုန်နှင့် ဗီဇပြုပြင်ထားသည့် ထွက်ကုန်များကို လက်ခံအသုံးပြုလာမှုများ ရှိနေသည့်အတွက် မြန်မာနိုင်ငံအတွင်း ဗီဇပြုပြင်သီးနှံများ၊ တိရစ္ဆာန်များ၊ ထုတ်ကုန်များစသည်ဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနိုင်မှုကဲ့သို့သော စိန်ခေါ်မှုများကို အနှေးနှင့်အမြန် ကြုံတွေ့လာနိုင်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား ထိရောက်စွာ အကောင်အထည်ဖော်ရာတွင် တိုးတက်လာသည့် နည်းပညာများကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ဘေးအန္တရာယ်အနည်းဆုံးဖြစ်ရေးအတွက် မိမိတို့နိုင်ငံ၏ အခြေအနေဖြင့် လိုက်လျောညီထွေမှုရှိပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒများ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက လက်ရှိရေးဆွဲပြီး ဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် ရှေ့ဆက်ဆောင်ရွက်ရန် စီမံထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် အမျိုးသား ဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်ကို ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေး (UNEP) နှင့် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့(GEF)တို့၏ အကူအညီဖြင့် ၂၀၀၄ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ထုတ်ပြန်နိုင်ခြင်းမရှိခဲ့သော မူကြမ်းအပေါ် တိုးတက်လာသော နည်းပညာရပ်များနှင့် ဆီလျော်မှုရှိစေရန် ခေတ်ကာလနှင့်အညီ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် အမျိုးသားဇီဝလုံခြုံမှုဆိုင်ရာ မူဘောင်နှင့် မူဝါဒမူကြမ်း အလုပ်ရုံဆွေးနွေးပွဲများကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID နှင့် Inter-national Service for the Acquisition of Agribiotech Applications- ISAAA တို့၏ အကူအညီဖြင့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များအတွင်း လေးကြိမ်ပြုလုပ်ခဲ့ကာ ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပဥ္စမမူကြမ်း အတည်ပြုနိုင်ရေး ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။















