သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုဖြစ်မှ အပြင်းအထန်နာကျင်စေမှု ပုဒ်မဖြင့် ပြောင်းလဲအမှုဖွင့်ခံထားရသ သုံးဦး၏ အမှုတွဲမှာခရိုင်ရုံးသို့ ပြန်မကျသေးသဖြင့် မစစ်ဆေးဖြစ်သေးဘဲ ရုံးချိန်းထပ်မံ ချိန်းဆိုခဲ့ကြောင်း ဒီဇင်ဘာ ၁၇ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံးမှ စုံစမ်းသိရှိရသည်။
ရုံးချိန်းအား လာမည့် ဒီဇင်ဘာ ၂၄ ရက်သို့ ပြန်လည် ချိန်းဆိုထားကြောင်း၊ အမှုမှာ တိုင်းတရားရုံးမှအမှုတွဲ ခရိုင်ရုံးသို့ ရောက်ရှိချိန်မှသာ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုဖြစ်စဉ်မှ လူသတ်မှုဖြင့် စွဲချက်တင်ခံထားရသည့် သုံးဦးအား အာမခံလျှောက်ထား၍ရသည့် ပုဒ်မဖြစ်သည့် အပြင်းအထန် နာကျင်စေမှုဖြင့် ဒီဇင်ဘာ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်က ပြောင်းလဲစွဲချက်တင်ခဲ့ကြောင်း အမိန့်ချမှတ်ခဲ့ သည်။
ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုဖြစ်စဉ်မှ လူသတ်မှုဖြင့်စွဲချက် တင်ခံထားရသူသုံးဦးဖြစ်သည့် ပြည့်ဖြိုး အောင်(ခ)အောင်လေး၊သန်းထွဋ်အောင် (ခ)သားကြီးတို့နှစ်ဦးကို အပြင်းအထန်နာ ကျင်စေမှုရာဇသတ်ကြီး ပုဒ်မ ၃၂၅ဖြင့်လည်း ကောင်း၊ ကျော်ဇောဟန်(ခ)ကျော်ဇောကို ပုဒ်မ ၃၂၅^၁၁၄ အားပေးကူညီမှုတို့ဖြင့် ပြောင်းလဲစွဲချက်တင်ကြောင်း အမိန့်ချမှတ် ခဲ့သည်။
၎င်းင်းတို့သုံးဦးကို ပြောင်းလဲစွဲချက်တင်ခဲ့ သည့်ပုဒ်မများမှာ အာမခံလျှောက်ထား၍ရသည့်ပုဒ်မများဖြစ်ပြီး အဆိုပါပုဒ်မသည် ရဲ အရေးပိုင်သည့်ပုဒ်မဖြစ်ကာအမြင့်ဆုံးပြစ် ဒဏ်ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင် သည့်အပြင်ငွေဒဏ်ပါချမှတ်နိုင်ကြောင်း သိ ရသည်။
Facebook ပေါ်တွင် ဟာသဗီဒီယိုများတင်ရာမှ လူသိများလာခဲ့သည့် ဟာသသရုပ်ဆောင် အောင်ရဲထွေးသည် ပြီးခဲ့သည့် ၂၀၁၈ နှစ်သစ်ကူးညတွင် The One Entertainment တွင် ပြုလုပ်သည့်ဖျော်ဖြေရေးပွဲသို့ သွားရောက် ရာမှ အမည်မသိလူတစ်စု၏ ၀ိုင်းဝန်းရိုက်နှက် ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ ရိုက်နှက်ခံရ သည့်အတွက် ဦးခေါင်းခွံကြေမွဒဏ်ရာရရှိခဲ့ ကာ ရန်ကုန်ဆေးရုံကြီးတွင် ဇန်နဝါရီ ၂ ရက် ညနေပိုင်းက သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သရုပ်ဆောင်အောင်ရဲထွေး၏ စျာပန အခမ်းအနားကို ဇန်နဝါရီ ၃ ရက်က ရေဝေး စွန်နီမွတ်စလင် ကဗရ်စတာန်မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အုပ်စုဖွဲ့ရိုက်နှက်သူတွေကို ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုး အောင်(ခ)အောင်လေး၊ ကျော်ဇောဟန်(ခ)ကျော်ဇောတို့ဖြစ်ကြောင်း သိရှိရကြောင်း၊ ၎င်းတို့ သုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သုဝဏ္ဏနယ်မြေရဲစခန်းက ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ကာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် အမှုစတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အမှုကို ခြောက်လခန့် စစ်ဆေးပြီးနောက် အမှုစစ်တရားသူကြီးက စွပ်စွဲခံရသူ သုံးဦးကို အမှုရုပ်သိမ်းကြောင်း အမိန့်ချမှတ်ပေးခဲ့ပြီး စွဲချက်မတင်ခင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် နိုင် ငံတော်သမ္မတ ဦးဝင်းမြင့်က သမ္မတအိမ် တော်တွင် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့်အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့အား နိုင်ငံတော်သမ္မတက ခေါ်ယူတွေ့ဆုံခဲ့ပြီး အောင်ရဲထွေးအမှုရုပ်သိမ်းခြင်း၏ နောက်ခံ အကြောင်းရင်းများ၊ အခြားဆက်နွှယ်ပတ် သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျ စိစစ် ပြီးဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဆောင် ရွက်ရန်လမ်းညွှန်မှာကြားခဲ့သည်။
ယင်းသို့ မှာကြားအပြီးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးရာမှ တံစိုးလက်ဆောင်ရယူမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အဆိုပါအမှုကို အဂတိလိုက်စားမှုကော်မရှင်မှ စစ်ဆေးခဲ့ရာ အောင်ရဲထွေးအမှုတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူးမှာ ကျပ် သိန်း ၁၅၀၊ ဘလူးလေဘယ်လ် တစ်လုံး၊ အကျႌတစ်ထည်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး မှ ကျပ်သိန်း ၁၃၀၊ ဂိုးလေဘယ်လ် တစ်လုံး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်မှာ ကျပ်သိန်း ၃၀၊ ပါတိတ်လုံခြည် တစ်ထည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယ ခရိုင်တရားသူကြီး ဦးအောင်ကြည်မှ ကျပ်သိန်း ၃၀၀၊ ရဲအုပ် ချစ်ကိုကိုမှ ကျပ်သိန်း ၃၀၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်မှ ကျပ်သိန်း ၅၀ ရယူခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ကြေညာထားသော အချက်အလက်အရ သိရသည်။















