WLC ၏ ပထမဆုံးပြည်ပပြိုင်ပွဲကို ဖေဖော်ဝါရီတွင် ကမ္ဘောဒီးယားနိုင်ငံ၌ စတင်ကျင်းပမည်

WLC ၏ ပထမဆုံးပြည်ပပြိုင်ပွဲကို ဖေဖော်ဝါရီတွင် ကမ္ဘောဒီးယားနိုင်ငံ၌ စတင်ကျင်းပမည်
Published 17 December 2019

မြန်မာလက်ခမောင်းကုမ္ပဏီက ကျင်းပလျက်ရှိသည့် WLC ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲ၏ ပထမဆုံးပြည်ပပြိုင်ပွဲကို ဖေဖော်ဝါရီတွင် ကမ္ဘောဒီးယားနိုင်ငံ၌ စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ပြည်ပနိုင်ငံများအထိ တိုးချဲ့ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး လာမည့်နှစ်တွင် စတင်ကျင်းပခြင်းဖြစ်သည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် ပြည်ပနိုင်ငံများ၌ ကျင်းပခွင့်ရရန် ယခုနှစ်လယ် ပိုင်းကတည်းက ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး ပထမဆုံးပြိုင်ပွဲအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပပြီးပါက ထိုင်း၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့တွင်လည်း ထပ်မံကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

''ကျွန်တော်တို့ WLC အနေနဲ့ လာမယ့်နှစ်မှာ ပြည်ပနိုင်ငံတွေမှာ သွားရောက်ကျင်းပမှာဖြစ်ပါတယ်။ ပထမဆုံးကျင်းပမယ့်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံဖြစ်ပြီး ဖေဖော်ဝါရီမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ထိုင်း၊ အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာလည်း ကျင်းပဖို့ စီစဉ်ထားပြီး ကျင်းပမယ့်ရက်နဲ့ တခြားလိုအပ်ချက်တွေကို ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့က မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာထိုးဖောက်နိုင်ဖို့အတွက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ပြည်တွင်းမှာကျင်းပမယ့် ပြိုင်ပွဲထက် ပြည်ပမှာကျင်းပမယ့်ပြိုင်ပွဲက ပိုများမှာပါ''ဟု မြန်မာလက်ခမောင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက Eleven Sports သို့ ပြောကြားခဲ့သည်။

WLC ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှစ၍ ကျင်းပခဲ့ပြီး WLC-11 အထိ ပြည်တွင်း၌သာ ကျင်းပမည်ဖြစ်ကာ WLC-12 ကို ပြည်ပနိုင်ငံများ၌ ပထမဆုံးကျင်းပမည်ဖြစ်သည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရန် ပြိုင်ပွဲများကို နိုင်ငံတကာအဆင့်မီ ကျင်းပပေးလျက် ရှိသည်။

WLC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ရန်ကုန်မြို့အပြင် မန္တလေး၊ ဘားအံနှင့် နေပြည်တော်တို့တွင် ကျင်းပလျက်ရှိပြီး ကမ္ဘာ့ချန်ပီယံလုပွဲများလည်း ထည့်သွင်းကျင်းပလျက်ရှိသည်။