အတ္တလန်တာ - အူဒီးနီးစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ညနေ ၆းဝ၀)
အတ္တလန်တာက စီးရီးအေနောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲဆက်နေပြီး စီးရီးအေနောက်ဆုံးပွဲမှာလည်း နေပယ်မှာ နာပိုလီကို ဂိုးပြတ်နိုင်ခဲ့တယ်။ ရေတယ်ဂီရဲ့ အဆုံးသတ်ပိုင်းက ကြောက်စရာကောင်းပြီး လွတ်ခ်မန်းရဲ့ ပုံစံကောင်းကိုလည်း ပြန်မြင်လာရတယ်။ အတ္တလန်တာ နိုင်ပွဲဆက်မယ်။
ဖီအိုရင်တီးနား - ဗီရိုနာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၈း၃၀)
ဖီအိုရင်တီးနားရဲ့ အံ့အားသင့်စရာကစားပုံနဲ့ ရလဒ်ပိုင်းတွေက ချီးကျူးစရာကောင်းတယ်။ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းတဲ့ ပုံစံကိုပြနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်နိုင်တဲ့ အခြေအနေကိုတောင် ပိုင်ဆိုင်လာတယ်။ ဗီရိုနာက အဝေးကွင်း (၄)ပွဲဆက် ရှုံးထားတဲ့အသင်းပါ။ အိမ်ရှင်ပဲ ရလဒ်ကောင်းမယ်။
ရိုးမား - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၈း၃၀)
ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပြီး သွင်းဂိုးတွေ မြင်ရနိုင်တယ်လို့ ဆိုရမယ်။ နည်းပြ ဒီရော့စီခေတ်လွန် ရိုးမားက ရုန်းကန်နေရဆဲဖြစ်ပြီး နောက်ဆုံးပွဲမှာလည်း ဗီရိုနာကို ရှုံးခဲ့တယ်။ ဘိုလော့ဂ်နာကတော့ သရေပွဲတွေများနေတဲ့အသင်းဖြစ်ပြီး စီးရီးအေနောက်ဆုံး (၂)ပွဲဆက် အနိုင်ရခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ အားကုန်ထုတ်လာမယ့် ရိုးမားကြောင့် ဘိုလော့ဂ်နာ သရေတောင်မရလောက်ဘူး။ ရိုးမားကို ကြိုက်တယ်။
မွန်ဇာ - လာဇီယို (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၀ ရက် ည ၁၁း၃၀)
မွန်ဇာက တက်ရိပ်ပြန်ပြပြီးမှ နောက်ဆုံး (၂)ပွဲမှာ အေစီမီလန်နဲ့ အတ္တလန်တာတို့ကို ရှုံးခဲ့တယ်။ လာဇီယိုကလည်း ပုံစံကောင်းရနေတဲ့ အသင်းပါ။ ဒါပေမဲ့ မွန်ဇာ သရေလောက်တော့ ရနိုင်တယ်။
အင်တာမီလန် - နာပိုလီ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၁ ရက် နံနက် ၂း၁၅)
အင်တာမီလန်က နောက်ပိုင်းပွဲတွေမှာ နိုင်သင့်တဲ့ပွဲတွေ အနိုင်ကစားနိုင်ခဲ့တယ်။ လော်တာရိုမာတီနက်ဇ်အနေနဲ့ စီးရီးအေနောက်ဆုံး (၂)ပွဲဆက် ဂိုးပေါက်တွေ့ခဲ့တာကလည်း အင်တာမီလန်အတွက် အားသာချက်ပါပဲ။ နည်းပြ ကွန်တီရဲ့ နာပိုလီ ကတော့ နိုင်ပွဲဆက်နေရာကနေ နောက်ဆုံးပွဲမှာ အတ္တလန်တာကို ဂိုးပြတ်အရေးနိမ့်ခဲ့တယ်။ အတ္တလန်တာအသင်းရဲ့ လျှင်မြန်တဲ့ တိုက်စစ်ကစားပုံကို နာပိုလီအသင်း ဟန့်တားနိုင်ခြင်းမရှိခဲ့ဘူး။ ဒီပွဲမှာလည်း အင်တာမီလန်ရဲ့ လျှင်မြန်တဲ့ တန်ပြန်တိုက်စစ် ကစားပုံကြောင့် နာပိုလီအသင်း အခက်တွေ့လိမ့်မယ်။ အင်တာမီလန် နိုင်ပွဲရမယ်။
■ အင်တာမီလန်အသင်းသည် နာပိုလီနှင့်တွေ့ဆုံသည့် စီးရီးအေအိမ်ကွင်းနောက်ဆုံး (၇)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ (၅)ပွဲအနိုင်ရခဲ့သည်။
■ နာပိုလီအသင်းသည် စီးရီးအေအဝေးကွင်းနောက်ဆုံး (၄)ပွဲဆက် Clean Sheet ရရှိခဲ့ပြီး ယင်း (၄)ပွဲတွင် (၃)ပွဲနိုင်ခဲ့သည်။