ငြိမ်းချမ်းရေး၏ အသီးအပွင့်များ

ငြိမ်းချမ်းရေး၏ အသီးအပွင့်များ
Published 24 November 2019
မြတ်သစ်

ကစားကွင်းထဲမှာ ပျော်ပျော်ပါးပါး ဆော့ကစားနေကြသော ကလေးများသည် တစ်ချိန်က ပြောက်ကျားတော်လှန်ရေးသမားများ၏ ရင်သွေးများ ဖြစ်ကြသည်။ ယခင် ပြောက်ကျားတော်လှန်ရေးသမားများ လက်နက်စွန့်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးရယူပြီးသည့်နောက်ပိုင်း မွေးဖွားလာကြသူများဖြစ် ကြသည်။ သူတို့အနေဖြင့် ငြိမ်းချမ်းရေး၏အသီးအပွင့်များကို ခံစားနိုင်ကြပြီဆိုသော်ငြား သူတို့အတွက် အသက်အန္တရာယ်ကို ထိခိုက်စေမည့်အရာကား လက်နက်ကိုင်ပြောက်ကျားတပ်များနှင့် အစိုးရတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားစဉ်က ရှိခဲ့သော မြေမြှုပ်ဗုံးများဖြစ်ကြသည်။

“လူသတ်လက်နက် မြေမြှုပ်ဗုံးတွေ ဟောဒီလို ပေါက်ကွဲတယ်”ဟု ကလေးတစ် ယောက်က နောက်ပြောင်ပြီး မြေမြှုပ်ဗုံး ပေါက်ကွဲသည့်ပုံစံမျိုး အော်ဟစ်လိုက်သည်။ ဆော့ကစားနေသည့် ကလေးများက တခစ် ခစ်ရယ်မောလိုက်ကြသည်။ သို့သော် မိန်းက လေးတစ်သိုက်က တည်တည်ငြိမ်ငြိမ်နှင့် ပြောပြသည်။

“နင်တို့ မြေမြှုပ်ဗုံးကို သွားထိရင်၊ ဒါမှ မဟုတ် နင်းမိရင် ပေါက်ကွဲတယ်။ နင်တို့ သေ သွားမှာပဲ”

ကလေးငယ်အချို့သည် အပန်းဖြေ စခန်းဖွင့်လှစ်ထားသော မြေမြှုပ်ဗုံးအန္တရာယ် မှ လွတ်ကင်းအောင်ရှောင်နည်း သင်တန်း တက်နေကြသည်။ ယင်းသင်တန်းကို မူလ တန်းကျောင်းတစ်ကျောင်းတွင် ပေးနေခြင်း ဖြစ်သည်။ မူလတန်းကျောင်းသည် တစ်သီး တသန့်လို ဖြစ်နေသည်။ ကိုလံဘီယာနိုင်ငံ လာမွန်တာနီတာမြို့စွန်အရပ်တွင် တည်ရှိ သည့် စာသင်ကျောင်းဖြစ်သည်။ ကလေး ငယ်များသည် သင်တန်းဆရာများ၏ ပို့ချ ချက်များကို နားထောင်နေကြသည်။ သင်တန်းဆရာလေးဦးသည် ကိုလံဘီယာတော်လှန်ရေးတပ်ဖွဲ့ (FARC) ဝင်ဟောင်းများ ဖြစ်ကြသည်။ သူတို့သည် ၁၉၆၄ ခုနှစ်မှစ၍ လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်လို ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။ မာ့စ်လီနင်ဝါဒကို ယုံကြည်ကြသော တော်လှန်ရေးသမားများသည် ၂၀၁၆ ခုနှစ်တွင် ကိုလံဘီယာသမ္မတ မန်နျူယယ်ဆန်းတို့စ်နှင့် ငြိမ်းချမ်းရေး သဘောတူလက်မှတ်ကို ဟာဗားနားမြို့တွင် လက်မှတ်ရေးထိုးခဲ့သည်။ နောက်ပိုင်းတွင် နိုင်ငံရေးပါတီ တည်ထောင်ခဲ့ပြီး ခေါင်း ဆောင် ရိုဒရီဂိုလွန်ဒိုနိုက “နိုင်ငံသစ်ကို အစိုးရနှင့် လက်တွဲပြီး တည်ထောင်လိုသည်”ဟု ပြောကြားခဲ့သည်။

သင်တန်းဆရာက မြေမြှုပ်ဗုံးအကြောင်း ကို ရုပ်ပုံကားချပ်၊ ဓာတ်ပုံများဖြင့် ရှင်းပြ သည်။ ကလေးတစ်ဦးက ဆရာ ပြနေသော ရုပ်ပုံကို ကြည့်ရင်း “မြေမြှုပ်ဗုံးက ချိုချဉ် ပလုတ်တုတ်နဲ့ တူတယ်”ဟု ပြောလိုက်သည်။ ကျန်ကလေးများသည် သင်တန်းဆရာပြသ နေသည့် ဓာတ်ပုံထဲမှ လူသတ်လက်နက် မြေ မြှုပ်ဗုံး ထိမှန်ထားသဖြင့် အသက်သေဆုံး နေသူများ၊ ခြေပြတ်လက်ပြတ် ဒုက္ခိတဘဝ ရောက်နေသည့် ပုံများကို စိုက်ကြည့်နေကြ သည်။

အသံတိတ်လူသတ်သမားဟု ဆိုရမည့် မြေမြှုပ်ဗုံးများသည် မြေပြင်ထဲ၌ ရှိနေသည့် အတွက် ကလေးငယ်များအနေဖြင့် အန္တရာယ်ကင်းဝေးအောင် လုပ်ဆောင်ဖို့လိုကြောင်း သင်တန်းဆရာက ရှင်းပြနေခြင်းဖြစ်သည်။ အသံတိတ်လူသတ်လက်နက်ကို မြေထဲတွင် မမြင်ရအောင် မြှုပ်နှံခဲ့သူများထဲ လက်ဝဲ ပြောက်ကျားတော်လှန်ရေးသမားများ ပါဝင်သည်။ လက်ယာဝါဒီပြည်သူ့စစ်အဖွဲ့ဝင်များလည်း ပါသည်။ အစိုးရလုံခြုံရေးတပ်ဖွဲ့များ လည်း ပါသည်။ ယနေ့အချိန်ထိ မြေမြှုပ်ဗုံး များကို ကိုလံဘီယာနိုင်ငံရှိ ကိုလံဘီယာအ မျိုးသားလွတ်မြောက်ရေးတပ် (ELN) က အ သုံးပြုနေဆဲဖြစ်သည်။ ယင်းအဖွဲ့နှင့် ကိုလံ ဘီယာအစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ၂၀၀၂ မှ ၂၀၁၇ အထိ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်။ သို့ဖြစ်၍ အမျိုးသားလွတ်မြောက်ရေးတပ်သည် ၂၀၁၇ မှစ၍ ယနေ့အချိန်ထိ လက်နက်ကိုင် တော်လှန်ရေးကို ဆက်ဆင်နွှဲလျက်ရှိသည်။ ထို့ပြင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေကြသည့် ဂိုဏ်းများကလည်း သူတို့၏ ဆေးခြောက်စိုက်ခင်း များ၊ ကိုကာစိုက်ခင်းများကို အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်များ မဝင်ရောက်နိုင်ရန် မြေမြှုပ်ဗုံး များကို အသုံးပြုလျက်ရှိသည်။

 AFP)

အာဖဂန်နစ္စတန်နိုင်ငံပြီးလျှင် ကိုလံဘီယာနိုင်ငံသည် မြေမြှုပ်ဗုံးများ အများဆုံးရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၁၉၈၅ ခုနှစ် မှစ၍ မြေထဲတွင် မြှုပ်ထားသော မြေမြှုပ်ဗုံးများ နင်းမိသဖြင့် သေဆုံးသူဦးရေ ၁၂,၀၀၀ ခန့်ရှိပြီး သေဆုံးသူ ၂၀ ရာခိုင်နှုန်းမှာ ပွဲချင်းပြီး သေဆုံးသူများဖြစ်ကြသည်။ သေဆုံးသူ လေးပုံတစ်ပုံမှာ အရပ်သားကလေးငယ်များ နှင့် မြီးကောင်ပေါက်အရွယ်များ ဖြစ်ကြသည်။ ကလေးများ၊ မြီးကောင်ပေါက်လေး များသည် ရွာနီးချုပ်စပ်တွင် ဆော့ကစားနေချိန်တွင် မြေမြှုပ်ဗုံးများ နင်းမိပြီး အသက် သေဆုံးခဲ့ကြခြင်းဖြစ်သည်။ မြေမြှုပ်ဗုံးများ သည်လည်း တစ်ခုနှင့် တစ်ခု မတူ။ အများစု က ရောင်စုံပလတ်စတစ်နှင့် ထုပ်ထားသည်။ အချို့မြေမြှုပ်ဗုံးများမှာမူ ဆော်ဒါဘူးဟုပင် ထင်ရသည်။

သင်တန်းဆရာထဲတွင် အသက် ၂၆ နှစ်အရွယ်ရှိ မာစီလာအယ်ဘီနိုလည်း ပါသည်။ သူမက သင်တန်းသားများထက် အ သက်ကြီးသည်။ သူမသည် အသက် ၁၃ နှစ် သမီးအရွယ်တွင် ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့ထဲ ပါသွားပြီး လက်နက်ကိုင်တော်လှန် ရေးသမားတစ်ဦး ဖြစ်လာခဲ့သည်။ သူမသည် ၁၃ နှစ်တိတိ တော်လှန်ရေးထဲ ပါဝင်ခဲ့ပြီး ၁၃ နှစ်တိတိ တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲခဲ့သူ ဖြစ်သဖြင့် ယခုအခါတွင် သူမ၏အသက်မှာ ၂၆ နှစ် ရှိပြီဖြစ်သည်။

အခြားသော တော်လှန်ရေးသမားများ နှင့်အတူ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သော မာဆယ်လာသည် ရိုင်ဖယ်သေနတ်ကို ကျော တွင် လွယ်ထားပြီး အခြားသော တော်လှန် ရေးသမားအချို့နှင့်အတူ ကလေးငယ်များ ကို မြေမြှုပ်ဗုံးနှင့်ပတ်သက်၍ သိထိုက်သည် များကို သင်ကြားပေးနေခြင်းဖြစ်သည်။

ပြောက်ကျားတော်လှန်ရေးသမား ၃၀၀ ခန့်သည် အရပ်ဘက်လူ့အဖွဲ့အစည်းတွင် သာမန်ပြည်သူများအဖြစ် နေထိုင်လျက်ရှိ သည်။ အချို့က နာနတ်သီးများ စိုက်ပျိုးနေကြသည်။ အချို့က ငါးမွေးမြူရေးစခန်းများ၌ အလုပ်ဝင်နေကြသည်။ အချို့ကတော့ ကြက်မွေးမြူရေး လုပ်နေကြသည်။ သူတို့သည် လက်နက်ကို စွန့်ခဲ့ကြသော်လည်း သူတို့အိမ်နံရံတွင်ကား ၁၉၆၄ ခုနှစ်က စတင်ခဲ့ သော လက်ဝဲပြောက်ကျား တော်လှန်ရေး နှင့်ပတ်သက်သည့်အပိုင်းကို ဆေးရောင်စုံ နံရံဆေးပန်းချီများ ရေးဆွဲထားကြသည်။ သူ တို့ဘဝသည် တော်လှန်ရေး၊ တော်လှန်ရေး သည် သူတို့အသက်။ တော်လှန်ရေးကို ဆက်လက်မဆင်နွှဲတော့သော်လည်း သူတို့ ရင်ထဲ၌ တော်လှန်ရေးသည် ဘယ်တော့မှ ပျောက်မသွားပေ။ နယ်ချဲ့ဆန့်ကျင်ရေး အ ယူအဆကို ကိုင်ဆွဲထားပြီး လယ်ယာမြေ တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသော ပြောက် ကျားလက်နက်ကိုင်များကို အစိုးရက အ ကြမ်းဖက်သမားများဟု သတ်မှတ်ခဲ့ဖူး သည်။

မာစီလာသည် လက်နက်ကိုင်တော် လှန်ရေး စွန့်လွှတ်ပြီးနောက် အစိုးရမဟုတ် သည့်အဖွဲ့အစည်း Humanicemos DH နှင့် ပူးပေါင်းခဲ့သည်။ ယင်းအဖွဲ့အစည်းမှာ မြေမြှုပ်ဗုံးများ ရှင်းလင်းရေးကို ဆောင်ရွက် နေသော အဖွဲ့အစည်းဖြစ်သည်။ အဖွဲ့တွင် ပါဝင်သူများသည် မြေမြှုပ်ဗုံးရှင်းလင်းရေးနှင့်အတူ ပညာပေးခြင်းများကိုပါ ပူးတွဲလုပ်ဆောင်လျက်ရှိသည်။

“ကလေးတွေဟာ အရမ်းကို အားနည်းတယ်။ အားနွဲ့တယ်။ အဲဒါကြောင့် ကလေးတွေအနေနဲ့ မြေမြှုပ်ဗုံးအန္တရာယ် မကြုံတွေ့ စေဖို့ အရမ်းဂရုစိုက်နေရတာဖြစ်တယ်။ မြေမြုပ်ဗုံးတွေရဲ့ အရွယ်အစား၊ အရောင်နဲ့ ပုံသဏ္ဌာန်တွေ ဘယ်လို ရှိတယ်ဆိုတာကို ကလေးတွေ နားလည်သဘောပေါက်အောင် ရှင်းပြနေရတာဖြစ်တယ်”ဟု မာစီလာက ရှင်းပြသည်။

မြေမြှုပ်ဗုံးများသည် ၁၅ နှစ်အထိ အာနိသင်ရှိနေဆဲဖြစ်ပြီး အန္တရာယ်ပေးနိုင်သည်ဟု မာစီလာက ရှင်းပြသည်။ မြေမြှုပ်ဗုံးများသည် ကလေးငယ်များအတွက် မမြင်ရသော စစ်ပွဲဖြစ်သည်ဟုလည်း အေဂူယာဘိုနီကာ တွင် အခြေစိုက်ထားသည့် Natural Agency for Rehabilitation မှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

ကိုလံဘီယာပြည်တွင်းစစ်ကာလတွင် စစ်ပွဲများ ဖြစ်ပွားနေသည့်အရပ်တွင် မွေး ဖွားသူများမှာ စစ်ပွဲအန္တရာယ်ကို ငယ်စဉ်ကတည်းက ရင်ဆိုင်ခဲ့ကြရသူများ ဖြစ်ကြသည်။ ငြိမ်းချမ်းရေးသည် သူတို့အတွက် အသက်သမျှ အရေးကြီးလှသည်။

“ကျွန်တော်တို့အနေနဲ့ စာသင်ခန်းတွေ အများကြီးလိုအပ်ပါတယ်”ဟု အသက် ၅၆ နှစ်အရွယ်ရှိ Jaime Caicedo က ပြောကြားသည်။ သူက လွန်ခဲ့သောနှစ်ပေါင်း ၂၀ က တည်းက ကျေးလက်တွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

“ဟိုတစ်ချိန်တုန်းကတော့ ဒီစာသင်ကျောင်းမှာ ကျောင်းသားလေးငါးယောက်ပဲ ရှိခဲ့တယ်။ ခုတော့ ၂၇ ယောက်ရှိပြီဖြစ်တယ်” ဟု သူက ပြောသည်။ ပြောက်ကျားလက်နက် ကိုင်တော်လှန်ရေးသမားဟောင်းများသာ ပျက်စီးယိုယွင်းနေသော စာသင်ကျောင်းကို မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နေသည့်အတွက် သူ့အနေဖြင့် အလွန်အမင်း ဝမ်းသာကျေနပ်ရကြောင်း Jaime က ပြောကြားသည်။

တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန် စာသင်ကျောင်းထဲရှိ ခုံများ၊ စားပွဲများသည် ပြင်းထန်စွာပေါက်ကွဲမှုကြောင့် တုန်ခါနေခဲ့သည်။ သို့သော် ယနေ့အချိန်တွင် ပြောင်းလဲမှုများ ဖြစ်လာခဲ့ပြီ။ လက်နက်ကိုင်တော်လှန်ရေးသမားဟောင်းတို့၏ ရင်သွေးငယ်များ သည် ရွာနီးချုပ်စပ်၌ရှိသော အခြားကလေးငယ်များနှင့်အတူ စာသင်ခန်းထဲတွင် ပညာသင်ကြားခွင့်ရနေပြီ။ ငြိမ်းချမ်းရေးရရှိခြင်း၏ အကျိုးရလဒ်ကြောင့် အားလုံးသည်သည်းခံခြင်း၊ အတူယှဉ်တွဲနေထိုင်ခြင်းများကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ကျောင်းဆရာ Jamie က ပြောကြားသည်။ ကလေးငယ်များသည် နောင်တစ်နေ့တွင် လူကြီးများဖြစ်လာ ကြမည်မှာ မလွဲ။ သူတို့သည် ငြိမ်းချမ်းရေး မျိုးစေ့မှ ပေါက်ဖွားလာသော အသီးအပွင့်များ ဖြစ်ကြသည်။