ကချင်ပြည်နယ်အတွင်းရှိ သဘာဝအရင်းအမြစ်များကို ခရီးသွားလုပ်ငန်းများတွင် အပြည့်အဝအသုံးချနိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်၍ သဘာဝအခြေပြု ခရီးသွားလုပ်ငန်းနှင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကျင်းပသည့် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းဖွင့်ပွဲနှင့် စီးပွားရေးနှီးနှောဖလှယ်ပွဲ အခမ်းအနားတွင် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံတော်အနေဖြင့် ဒေသတွင်း တိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ပေးလျက်ရှိရာ အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် MSME လုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန် ပစ္စည်းပြပွဲပြိုင်ပွဲများကို ၁၀ ကြိမ်တိုင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်သော်လည်း သဘာဝသယံဇာတဆိုသည်မှာ အကန့်အသတ်ရှိသဖြင့် တန်ဖိုးမြှင့်ကုန်ချောအဖြစ် ထုတ်နိုင်ရန်၊ စက်မှု၊ လက်မှုကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့်လည်း အငယ်စား၊ အလတ်စားနှင့် အသေးစား စီးပွားရေးလုပ်ငန်းများကို ပိုမိုရင်းနှီးမြှုပ်နှံကြရန် လိုအပ်ကြောင်း၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေရေးအတွက် နိုင်ငံတော်အနေဖြင့် ချေးငွေများ ထုတ်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဓလေ့ယဉ်ကျေးမှုများ ဖော်ထုတ်ပေးရန်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်စသည့် ရည်ရွယ်ချက်များဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်၍ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism) ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယသမ္မတ က ပြောကြားသည်။
ကချင်ပြည်နယ်သည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွဲဆောင်မှုရှိသည့် သဘာဝပတ်ဝန်းကျင်များစွာရှိသည့် ပြည်နယ်ဖြစ်ပြီး အရှေ့တောင်အာရှတွင် တစ်ခုတည်းသော ရေခဲဖုံးလွှမ်းသည့် ခါကာဘိုရာဇီတောင် ရှိသည့်နေရာဖြစ်ကြောင်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများသည် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီး ဝင်ငွေနှင့် လူနေမှု အဆင့်အတန်း မြင့်မားလာစေနိုင်ကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများကို အခြေပြု၍ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ လုံ့လ၊ ရိုးသားဖြောင့်မတ်မှုများနှင့် သက်ဆိုင်ကြောင်း၊ တစ်ဦးတစ်ယောက်မှသည် မိသားစု၊ ရပ်ရွာ၊ မြို့နယ်အဆင့်များမှ နိုင်ငံတော်အဆင့်အထိ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကဆောင်ရွက်ရသည့် စီးပွားရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်မှသာ နိုင်ငံတွင်းသာမက နိုင်ငံရပ်ခြားအထိပါ ထိုးဖောက်ဆောင်ရွက် လာနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းမြန်မာနိုင်ငံ ထုတ်ကုန်များနှင့် ဆောင်ရွက်မှုလုပ်ငန်းများကို စနစ်တကျခေတ်မီပုံစံများဖြင့် ကမ္ဘာကို ထိုးဖောက်နိုင်သည်အထိ စွမ်းဆောင်ကြရန် ဒုတိယသမ္မတက တိုက်တွန်းခဲ့သည်။















