အထက်ချင်းတွင်းဒေသ၏ အရေးပါသည့်လမ်းမကြီးဖြစ်သော သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း-ခန္တီးလမ်းမကြီးအား အပြီးသတ်ဆောင်ရွက်နိုင်ရန် ကျပ်ဘီလျံ ၂၀၀ ကျော်ထပ်မံလိုအပ်မည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် အောက်ပိုင်းကို ဆက်သွယ်ပေးထားပြီး ချင်းတွင်းမြစ်အထက်ပိုင်းဒေသရှိ မြို့နယ်များ၏ အရေးပါသောလမ်းမကြီးဖြစ်သည့် သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း-ခန္တီး လမ်းမကြီးသည် ၃၃၅ မိုင်ရှည်လျားပြီး လမ်းပိုင်းအချို့အား အဆင့်မြှင့်တင်ထားသော်လည်း ကျန်လမ်းပိုင်းများသည် ကျောက်ခင်းမြေသားလမ်းအဆင့်သာရှိ၍ မိုးရာသီကာလတွင် သွားလာရခက်ခဲမှုများ ဖြစ်ပေါ်နေသဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းနှင့် စပ်လျဉ်း၍ နှစ်အလိုက် မည်သို့ဆောင်ရွက်မည်နည်းဟု ဖောင်းပြင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝေက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အ စည်းအဝေးစတုတ္ထနေ့တွင် မေးမြန်းခဲ့သည်။
ထိုမေးမြန်းမှုကို သက္ကယ်ကျင်း-ဖောင်း ပြင်-ဟုမ္မလင်း-ခန္တီးလမ်းအား အကျယ် ၁၈ ပေ ကွန်ကရစ်လမ်းအဆင့်နှင့် တံတားအားလုံးအား နှစ်လမ်းသွားကွန်ကရစ်တံတား အဆင့်ရောက်ရှိ ရေးနှင့် Road Structure အားလုံး ဆောင်ရွက်ရန်အတွက် ရန်ပုံငွေ ဘီလျံ ၂၀၀ ကျော် ထပ်မံလိုအပ်ဦးမည်ဖြစ်သည့်အတွက် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အထိ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ဖြစ်ပွားခဲ့သည့် အောင်စိုးမိုးကျော်အမြန်ရေ ယာဉ်နစ်မြုပ်မှုနောက်ပိုင်းတွင် ရေကြောင်းကိုသာ အဓိကအားထားနေရသော အထက်ချင်းတွင်းဒေသရှိ မြို့နယ်များ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန်နှင့် ရာသီမရွေး အသုံးပြုသွားလာနိုင်စေရန် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းမှ အရေးပေါ်ထွက်ပေါက်ဖြစ်သည့် ရောင်ဟီး(ဖောင်းပြင်)-ပင်လည်ဘူးလမ်းပိုင်း(လမ်းသစ်)အား ယခင်သမ္မတ ဦးထင်ကျော်လက်ထက်တွင် နိုင်ငံတော်သမ္မတအထူးရန်ပုံငွေမှ ကျပ် ၅၅၇၅ သန်း အကုန်အကျခံ၍ အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ တိုးချဲ့ဖောက်လုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
၃၃၅ မိုင်ရှည်လျားသော သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီး ဗျူဟာ လမ်းမကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲသောလမ်းဖြစ်ကာ မိုင်၂၀ သည် ရာသီမရွေးသွားလာနိုင်ပြီး၂၅၀ မိုင် ၂ ဖာလုံသည် ယာဉ်ငယ်များ ရာသီမရွေး သွားလာနိုင်၍ ၆၄ မိုင် ၆ ဖာလုံသည် ရာသီမရွေး သွားလာနိုင်ခြင်းမရှိသေးသော လမ်းပိုင်းဖြစ်ကြောင်း သိရသည်။















