အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အား ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ တရားလိုကို စတင်စစ်ဆေး

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အား ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ တရားလိုကို စတင်စစ်ဆေး
မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀ (က) ဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အား နိုဝင်ဘာ ၁၃ ရက်က ရမည်းသင်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ်
မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀ (က) ဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အား နိုဝင်ဘာ ၁၃ ရက်က ရမည်းသင်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ်
Published 13 November 2019
နေရိုင်း၊ ဇေယျာထွန်း

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အား ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ တရားလို ဦးအေးဇော်ကို စတင်စစ်ဆေးခဲ့သည်။

မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (က) ဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အား နိုဝင်ဘာ ၁၃ ရက်က ရမည်းသင်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာ တရားလို ဦးအေးဇော်ကို စတင်စစ်ဆေးခဲ့သည်။

အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ တရားလို ဦးအေးဇော်အား ဥပဒေအရာရှိက အချိန် နှစ်နာရီခန့် စစ်ဆေးပြီးနောက် ရုံးချိန်းအား နိုဝင်ဘာ ၂၆ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ဦးစိုးထွန်းရှိန်ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေက လာမည့်ရုံးချိန်းတွင် တရားလို ဦးအေးဇော်အား ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးစိုးထွန်းရှိန်ဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးလှိုင်ထွဏ်းက “ တရားလိုရဲ့ အဓိကအစစ်ခံချက်ပဲ ရှိသေးတယ်။ ကျွန်တော့်အနေနဲ့ စွပ်စွဲခံရသူ (ဦးစိုးထွန်းရှိန်) လွတ်ရာလွတ်ကြောင်းနဲ့ အပြစ်မရှိကြောင်းကို မေးမြန်းသွားမှာပါ” ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဦးစိုးထွန်းရှိန်အမှုနှင့် ပတ်သက်၍ တရားစွဲ အဖွဲ့အစည်းက ရမည်းသင်းမြို့နယ် တရားရုံးသို့ တရားလို ဦးအေးဇော် အပါအဝင် တရားလိုပြသက်သေ ၁၈  ဦး တင်ပြထားကြောင်း သိရသည်။

ဦးစိုးထွန်းရှိန်အား ဒုတိယအကြိမ်ရုံးထုတ်ရာ၌ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည့် အချုပ်ကားဖြင့်မဟုတ်ဘဲ သီးသန့်ယာဉ်ဖြင့် ခေါ်ဆောင်လာကာ အခြားသူများအား ပုံမှန်ရုံးထုတ်နေကျဖြစ်သည့် တရားရုံးနောက်ကျော အချုပ်ခန်းဘေးမှ တရားခွင်အတွင်း ခေါ်ဆောင်လာခြင်းမဟုတ်ဘဲ တရားရုံးပရိဝုဏ်အတွင်းသို့ ဝင်ရောက်သည့် ရှေ့တံခါးပေါက်မှ ခေါ်ဆောင်လာခဲ့သည်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်သည် ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်ကွက်၌ ရွှေတူးဖော်ခွင့် ပါမစ်ရပ်ဆိုင်းထားသော်လည်း ထပ်မံတူးဖော်ခဲ့ခြင်းကြောင့် သတ္တုတွင်းဥပဒေ ပုဒ်မ  ၃၀ (က) ဖြင့် ရမည်းသင်းစခန်းတွင် အမှုဖွင့်၍ ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်ပြီး နိုဝင်ဘာ ၆ ရက်က ဦးစိုးထွန်းရှိန်အား ထိုင်းရဲတပ်ဖွဲ့က ဖမ်ဆီးရမိခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဝရမ်းထုတ်ခံထားရသည့် ဦးစိုးထွန်းရှိန်မှာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြောင်း မီဒီယာများ၌ ဖော်ပြပြီးနောက် နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဦးစိုးထွန်းရှိန်အား သွားရောက်ဖမ်းဆီးမည်ဟု နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်  ပြောကြားခဲ့သည်။

သတ္တုတွင်းဥပဒေပုဒ်မ ၃၀ (က) ဖြင့် ရမည်းသင်းရဲစခန်းတွင် ဦးစိုးထွန်းရှိန်နှင့်အတူ အမှုဖွင့်ခံထားရသူ လေးဦးရှိပြီး ၎င်းတို့မှာ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

Most Read

Most Recent