ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသသည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ် တာဝန်မှအနားယူခြင်းမှာ စည်းမျဉ်းဥပဒေအရဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီတွင် ပြောကြားသည်။
“ ကျွန်တော်တို့ သတင်းထုတ်ပြန်ပေးမယ့် အစီအစဉ် ရှိပါတယ်ခင်ဗျ။ သူ့ဥပဒေက ရှိပြီးသား။ ဝန်ထမ်းဆိုရင်လည်း အသက် ၆၀ ပြည့်သွားရင် ပင်စင်ယူရတယ်။ နောက်ငါးနှစ်ကို တစ်နှစ်တစ်နှစ် extension ပေါ့နော်။ အဲဒီလိုသွားတာခင်ဗျ။ သူ့ရဲ့စည်းမျဉ်းမှာလည်း အဲဒီလိုပဲခင်ဗျ။ ဆရာတော်ကြီးက ၁၄ နှစ်ရှိသွားပြီ။ extension ယူတာ သူ့ဥပဒေအတိုင်းပါပဲ ခင်ဗျ။ သတ်မှတ်ထားတဲ့ စည်းမျဉ်းပြည့်လို့ နားတာပါ ခင်ဗျ” ဟု ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဖြေကြားသည်။
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော်နှင့် ဒုတိယပါမောက္ခချုပ်ဆရာတော် တို့အား အနားယူရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဖိအားပေးခြင်းဖြစ်ကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖော်ပြလျက်ရှိပြီး ယင်းသို့သောသတင်းများနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
ထိုသို့သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ Register ဌာနသို့ ဖုန်းဆက်မေးမြန်းရာ အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ယင်းသတင်းများနှင့် ပတ်သက်၍ မည်ကဲ့သို့ပျံ့နှံ့ခဲ့သည်ကို ၎င်းတို့မသိကြောင်း၊ ၎င်းတို့ထံတွင် တရားဝင်စာ ရောက်ရှိမလာသေးကြောင်း၊ ထို့ကြောင့် ပါမောက္ခချုပ်ဆရာတော် အနားယူသည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ဖြေကြား၍ မရသေးကြောင်း၊ သို့သော် ဒုတိယပါမောက္ခချုပ်
ဆရာတော်အနားယူသည်မှာ မှန်ကန်ကြောင်း၊ ပြီးခဲ့သည့်အောက်တိုဘာ ၂၀ ရက် ဝန်းကျင်ကတည်းက သက်တော်အရတာဝန်မှ အနားယူသွားခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက ဖြေကြားသည်။
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသကို ၁၉၄၀ ပြည့်နှစ် (မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ်)တွင် ဖွားမြင်သန့်စင်ခဲ့ပြီး ဇာတိမှာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ကျေးရွာဖြစ်ကာ ငယ်စဉ်ကပင် သာသနာ့ဘောင် ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် သက်တော် ၈၀ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဆရာတော်သည် နိုင်ငံတကာသို့ ဗုဒ္ဓ၏အဘိဓမ္မာတရားများကို ဖြန့်ဝေလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ အဘိဓမ္မာတက္ကသိုလ် စသည့်တက္ကသိုလ်များ၏ ပါမောက္ခချုပ်ဖြစ်သည့်အပြင် မဟာသုဗောဓာရုံကျောင်းတိုက်ကြီးများ၏ ဦးစီး ပဓာန နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့သည့် အကြိမ် ၂၀ မြောက် ဗုဒ္ဓသာသနာ တော်လုံးဆိုင်ရာ ရွှေကျင် နိကာယသံဃ အစည်းအဝေးတွင်လည်း ရွှေကျင်ဂိုဏ်းဖွဲ့စည်းပုံအရ သာသနာပိုင်တစ်ပါးနှင့် တွဲဖက်သာသနာပိုင် လေးပါး ရှိရမည်ဖြစ်၍ ခန့်အပ်ရန် လိုအပ်လျက်ရှိသော တွဲဖက်ရွှေကျင်သာသနာပိုင် နှစ်ပါး နေရာတွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်းနာယက အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသနှင့်အတူ ခန့်အပ်တာဝန်ပေးခြင်း ခံရသည်။















