အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးပွဲတွင် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တရုတ်၏လုပ်ဆောင်ချက်များအပေါ် အမေရိကန််ဝေဖန်

အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးပွဲတွင် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တရုတ်၏လုပ်ဆောင်ချက်များအပေါ် အမေရိကန််ဝေဖန်
Published 4 November 2019
သတင်းနှင့်ဓာတ်ပုံ - ကျော်ဇောလင်း၊ ကျော်ဇင်ဝင်း

၁၀ ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးပွဲကို နိုဝင်ဘာ ၄ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် တောင်တရုတ်အရေးနှင့် ပတ်သက်၍ တရုတ်၏လုပ်ဆောင်ချက်များအပေါ် အမေရိကန််ကဝေဖန်ခဲ့သည်။

 ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများပြုလုပ်နေသော IMPACT ARENA ရှိ IMPACT FOURM SAPPHIRE 203 ၌ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် အမေရိကန်နှင့် အာဆီယံဒေသအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် အာဆီယံနိုင်ငံများအနေဖြင့် တောင်တရုတ်ပင်လယ်ဒေသတွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ရေရှည်တည်တံ့ခိုင်မြဲစွာ ထိန်းသိမ်းနိုင်ရေးအတွက် စီးပွားရေးတိုးတက်အောင်မြင်မှုသည် လွန်စွာအရေးပါကြောင်း၊ အာဆီယံနိုင်ငံများတွင်ရှိသည့် ကမ်းလွန်သယံဇာတများကို အသုံးမပြုနိုင်ရန် ဘေဂျင်း(တရုတ်)က ခြိမ်းခြောက်မှုများဖြင့် တားမြစ်ထားကြောင်း၊ ထိုသို့တားမြစ်ထားမှုကြောင့် အာဆီယံဒေသတွင်း နိုင်ငံအချို့အနေဖြင့် အသုံးပြုခွင့်မရသည့် သဘာဝဓာတ်ငွေ့နှင့် ရေနံအရင်းအမြစ်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလျံရှိကြောင်း၊ ယခုကဲ့သို့လုပ်ဆောင်ထားမှုများသည် နိုင်ငံတကာစည်းမျဉ်း စည်းကမ်းများ၊ ဥပဒေများနှင့် ကိုက်ညီမှုမရှိကြောင်း၊ ဒေသတွင်းနိုင်ငံများအနေဖြင့်လည်း  အင်အားကြီးနိုင်ငံတစ်နိုင်ငံ၏ သြဇာလွှမ်းမိုးသက်ရောက်ပြီး ချယ်လှယ်လုပ်ဆောင်မှုများအပေါ် စိတ်ဝင်စား လက်ခံလိမ့်မည်မဟုတ်ကြောင်း  အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး အိုဘရီယန်က ပြောကြားခဲ့သည်။

ထို့ပြင် အာဆီယံခေါင်းဆောင်များနှင့်တွေ့ဆုံရာ၌ အိုဘရီယန်က အမေရိကန်သမ္မတ ထရန့်၏ အာဆီယံခေါင်းဆောင်များထံ ပေးပို့လိုက်သည့် စာတစ်စောင်အား အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးတွင် ဖတ်ကြားခဲ့သည်။

ယင်းစာတွင် အာဆီယံထိပ်သီးဆွေးနွေးပွဲများအပေါ် အမေရိကန်အနေဖြင့် လေးစားအသိအမှတ်ပြုကြောင်းနှင့် အာဆီယံဥက္ကဋ္ဌအပါအဝင် ခေါင်းဆောင်များ၏ အာဆီယံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်မှုကို ဝမ်းမြောက်ကြောင်းလည်းပါရှိသည်။

တိကျသော အချိန်သတ်မှတ်ချက် ထွက်ပေါ်ခြင်းမရှိသေးသော်လည်း ၂၀၂၁ ခုနှစ် အစောပိုင်းလများအတွင်း  အာဆီယံခေါင်းဆောင်များအား အမေရိကန်နိုင်ငံသို့ဖိတ်ခေါ်ပြီး  အထူးအစည်းအဝေးပွဲတစ်ရပ်ကို ကျင်းပရန် ရည်ရွယ်ထားမှုကို အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲမှာ အာဆီယံနှင့် အမေရိကန်ကြားရှိ သန်းပေါင်းများစွာသော ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုလုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း ထရန်၏ ပြောကြားချက်ကို အိုဘရီယန်က ပြန်လည်ပြောကြားခဲ့သည်။

အာဆီယံနှင့် အမေရိကန် ထိပ်သီးအစည်းအဝေးသို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်တို့တက်ရောက်ပြီး မြန််မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး  ဦးကျော်တင်အပါအဝင် ကျန်အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသာတက်ရောက်ခဲ့သည်။

ယခု ၃၅ ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစညု်းအဝေးပွဲများသို့ အမေရိကန်ကိုယ်စားလှယ်အချို့ တက်ရောက်ခဲ့သော်လည်း သမ္မတဒေါ်နယ်ထရန့်မှာ တက်ရောက်ခြင်းမရှိခဲ့သည့်အပြင် စင်ကာပူ ထိပ်သီးဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သော အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်သည်လည်း မတက်ရောက်ခဲ့ပေ။

ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလည်း ထိုင်းနိုင်ငံသို့ လာရောက်ခြင်းမရှိခဲ့သည့်အတွက် အာဆီယံနှင့် အမေရိကန်အကြား စီးပွားရေးနှင့် နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု၌ အလားအလာကောင်းနှင့် ရလဒ်ကောင်းများမရရှိနိုင်ဟု သုံးသပ်မှုများထွက်ပေါ်ခဲ့သည်။

တစ်ဖက်တွင်လည်း တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်မှုစစ်ပွဲနှင့် စီးပွားရေးဆိုင်ရာ ယှဉ်ပြိုင်မှုရှိနေခြင်းက အမေရိကန်အနေဖြင့် အာဆီယံနှင့် ဆက်စပ်မှုကို အေးဆက်စေပြီး တရုတ်အနေဖြင့် အာဆီယံနှင့် ပိုမိုနီးကပ်အောင် ကြိုးစားလာစေသည်ဟု နိုင်ငံတကာ ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

Most Read

Most Recent