ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းထုတ်လုပ်ပြီး အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မည့် လုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားမှု မြင့်တက်နေကြောင်း ဂျပန်သံအမတ်ကြီး ပြောကြား

ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းထုတ်လုပ်ပြီး အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မည့် လုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားမှု မြင့်တက်နေကြောင်း ဂျပန်သံအမတ်ကြီး ပြောကြား
Japan – Myanmar Resource, Trade & Investment Expo 2019 အခမ်းအနားကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Japan – Myanmar Resource, Trade & Investment Expo 2019 အခမ်းအနားကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 19 October 2019
ဇေယျာငြိမ်း

ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းထုတ်လုပ်ပြီး အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံများသို့ ပို့ကုန်တင်ပို့မည့် လုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားမှု မြင့်တက်နေကြောင်း အောက်တိုဘာ ၁၉ ရက်က ရန်ကုန်မြို့ရှိ Inya Lake Hote ၌ ပြုလုပ်သည့် Japan – Myanmar Resource, Trade & Investment Expo 2019 အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Jchiro Maruyama က ပြောကြားသည်။

“မြန်မာနိုင်ငံက လူဦးရေများတဲ့အတွက် ပြည်တွင်းစျေးကွက်ကိုလည်း အင်မတန်မှ စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ များပါတယ်။ မြန်မာနိုင်ငံဆိုရင် ထိုင်းနိုင်ငံတို့ အိန္ဒိယတို့ တရုတ်နိုင်ငံတို့နဲ့ ထိစပ်နေပါတယ်။ အဲဒီကြောင့်မို့ ဥပမာ မြန်မာပြည်မှာထုတ်တဲ့ ပစ္စည်းများကို အိမ်နီးနားချင်းနိုင်ငံများကို Export လုပ်ဖို့ အဲဒီမှာ စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ များပါတယ်” ဟု H.E Mr. Jchiro Maruyama က ပြောကြားသည်။

ထို့အပြင် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကုန်ကြမ်းများတင်သွင်းပြီး ကုန်ချော ပြန်လည်ထုတ်လုပ်ကာ ပြည်တွင်းစျေးကွက် အတွင်းသို့ ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းများကိုလည်း စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

“အိမ်နီးနားချင်းနိုင်ငံများက ကုန်ကြမ်းကို မြန်မာနိုင်ငံကိုသွင်းပြီး အဲဒီကုန်ကြမ်းကိုအသုံးပြုပြီး ပစ္စည်းထုတ် အဲဒီပစ္စည်းကို မြန်မာနိုင်ငံ ပြည်တွင်းစျေးကွက်ကို ရောင်းမယ့် အဲဒီလိုလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ များပါတယ်” ဟု ၄င်းကပြောကြားသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းပေါင်း ၁၁၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ထို့အပြင် အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါ အထူးစီးပွားရေးဇုန်အတွင်း လာရောက် ရင်းနှီးမြှပ်နှံထားသည့် လုပ်ငန်းပေါင်း ၃၉ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၇၀ ကျော်အထိရှိသည်။

ထို့ကြောင့် လက်ရှိအချိန်အထိ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၅၀ ကျော်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံခန့်ရှိသည်။

မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံပေါင်း ၅၀ ရှိပြီး ယင်းအနက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အဆင့် ၁၀ နေရာတွင်ရှိသည်။

သို့သော် သီလဝါ အထူးစီးပွားရေးဇုန်အတွင်း နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၈၆ ဘီလျံကျော်အနက် ဂျပန်နိုင်ငံက အများဆုံး ဝင်ရောက်ထားပြီး ၃၆ ရာခိုင်နှုန်းကျော် အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။