ရာထူးချခံထားရသည့် ရွှေတိဂုံစေတီတော် ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေကို ရွှေနန်းတော်စိန်ရွှေရတနာပိုင်ရှင် ဒေါက်တာအောင်ကျော်ဝင်းက နိုင်လွတ်လုံပုဒ်မ ၁၀ ဖြင့် ကမာရွတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အောက်တိုဘာ ၁၇ ရက်က သက်ဆိုင်ရာရဲစခန်းမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွှေတိဂုံစေတီရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေ၏ ပြောဆိုမှုနှင့်ပတ်သက်ပြီး ဒေါက်တာအောင်ကျော်ဝင်း၏ ထင်ပေါ်ကျော်ကြားမှုနှင့် ဂုဏ်သိက္ခာကိုကျဆင်းစေသည်ဟုဆိုကာ ရွှေနန်းတော် စိန်ရွှေရတနာပိုင်ရှင် ဒေါက်တာအောင်ကျော်ဝင်းကိုယ်တိုင် တရားလိုပြုလုပ်ပြီး ကမာရွတ်မြို့မရဲစခန်း၌ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် အောက်တိုဘာ ၁၆ ရက် ညပိုင်းက အမှုဖွင့်ခဲ့ကြောင်း သိရသည်။
“အမှုဖွင့်တာဟုတ်ပါတယ်။ အောက်တိုဘာ ၁၆ ရက် ညပိုင်းက ရွှေနန်းတော်စိန်ရွှေ ရတနာပိုင်ရှင် ဒေါက်တာအောင်ကျော်ဝင်းကိုယ်တိုင် စခန်းလာဖွင့်တာပါ။ နိုင်လွတ်လုံပုဒ်မ ၁၀ နဲ့ပါ။ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေရဲ့ ပြောဆိုမှုတွေက တရားလိုရဲ့ ထင်ပေါ်ကျော်ကြားမှု၊ ဂုဏ်သိက္ခာကျဆင်းစေမှုတွေကြောင့် အမှုဖွင့်တာ။ လက်ရှိမှာတော့ ရဲလုပ်ငန်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ကမာရွတ်မြို့မရဲစခန်းမှ ဒုရဲမှူးမျိုးဦးက ပြောကြားသည်။
ရွှေတိဂုံစေတီတော် အထက်ပစ္စယာပေါ်သို့ အမျိုးသမီးတစ်ဦးကို တက်ခွင့်ပြုသည်ဟုဆိုကာ ဂေါပကအဖွဲ့က ရုံးအဖွဲ့မှူးဦးထွန်းအောင်ငွေအား စုံခုံဖွဲ့စစ်ဆေးခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးထွန်းအောင်ငွေ၏ ပြောဆိုမှုသည် ဒေါက်တာအောင်ကျော်ဝင်း၏ ဂုဏ်သိက္ခာကိုကျဆင်းစေသည်ဟုဆိုကာ တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်မကြားမိသေးဘူး။ အပေါ်ယံလေးပဲ ဖွင့်ထားတယ်ပြောနေတယ်။ ဘာကိုဖွင့်လည်း ဘယ်လိုဟာနဲ့ဖွင့်လည်း ကျွန်တော်မကြားဘူး။ ရဲစခန်းဘက်ကဆက်သွယ်တာလည်း မရှိသေးပါဘူး။ ဒါပေမဲ့ဖွင့်စရာလည်း အကြောင်းမရှိဘူးလို့ ကျွန်တော်မြင်တယ်လေ။ သူ့ကိုကျွန်တော်ကယောကျ်ားမို့လို့ အထက်ပစ္စယာပေါ်ကို တင်ခဲ့တာလေ။ ကျွန်တော်က သူ့ကိုတင်ပေးတယ်။ တင်ပေးလို့စုံခုံစစ်ခံရတယ်။ ရာထူးကခေတ္တချထားတယ်။ အခုလောလောဆယ်လည်း ဘုရားကိုလာစရာမလို ဘူးပြောထားလို့ ဘုရားလည်းသွားလို့ မရဘူးပေါ့။ အခြေအနေက အဲဒီအတိုင်းဖြစ်နေတယ်။ ကျွန်တော်တို့ဘုရားမှာတွေ့ဖို့ဆိုတာ လုပ်လို့မရတဲ့အခြေအနေ ဖြစ်နေတာပေါ့။ အဲဒီအခြေအနေမှာ ခုနအမှုဖွင့်တယ်ဆိုတာ ကျွန်တော်ကတော့ ဘာကြောင့်ဖွင့်လဲဆိုတာ အခုထိမသိဘူး။ ခုနပြောသလို ဒေါက်တာအောင်ကျော်ဝင်းနဲ့ အပေါင်းအပါနှစ်ဦးကို ကျွန်တော်က ရွှေတိဂုံအထက်ပစ္စယာပတ္တမြားမျက်ရှင်ကို တင်ပေးလိုက်တယ်။ တင်ပေးလိုက်တော့ ဂေါပကအဖွဲ့က မိန်းမကြီးလို့ပြောပြီးမှ ကျွန်တော့်ကို ခုံရုံးဖွဲ့ပြီးစစ်တယ်။ စစ်ပြီးတော့ ရာထူးကချထားတယ်။ သူ့ကိုဖြစ်စေချင်တဲ့ဆန္ဒမရှိဘူး။ မိန်းမလို့လည်း တစ်ခါမှမပြောဘူး။ ဒါပေမဲ့ ကျွန်တော့်ကိုဘယ်လိုစွဲလည်း ဆိုတာမသိဘူး” ဟု ဦးထွန်းအောင်ငွေက ပြောကြားသည်။
အဆိုပါဖြစ်စဉ်ကို ကမာရွတ်မြို့မရဲစခန်းက (ပ) ၁၉၈၉/ ၂၀၁၉ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံရေး ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ထားသည်။















