အင်္ဂလန်အသင်းသည် အောက်တိုဘာ ၁၁ ရက်က ချက်အသင်းနှင့်ကစားသည့်ပွဲတွင် ကွင်းလယ်နှင့် ခံစစ်ပိုင်း အားနည်းမှုများရှိခဲ့ သောကြောင့် ရှုံးပွဲကြုံတွေ့ပြီး လက်ကျန်သုံးပွဲ အလိုမှာပင် ယူရိုခြေစစ်ပွဲအောင်မြင်မည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။ ထို့ပြင် စက်တင်ဘာလအတွင်း ကိုဆိုဗိုအသင်းနှင့် ကစားသည့်ပွဲတွင်လည်း သုံးဂိုးအထိ ခွင့်ပြု ခဲ့ရသောကြောင့် ဆောက်ဂိတ်က ယခုလို ပြောကြားခြင်းဖြစ်သည်။
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ဘူလ်ဂေးရီးယားအသင်းနှင့် ကစားရမည့်ပွဲတွင် အပြောင်းအလဲများပြုလုပ်မည်ဖြစ်ပြီး နောက်ခံလူလေးဦးအစား သုံးဦးစနစ် ပြန်လည်အသုံးပြုဖွယ်ရှိကြောင်း အရိပ် အမြွက်ပြောကြားခဲ့သည်။
အင်္ဂလန်အသင်းသည် အောက်တိုဘာ ၁၁ ရက်က ချက်အသင်းနှင့်ကစားသည့်ပွဲတွင် ကွင်းလယ်နှင့် ခံစစ်ပိုင်း အားနည်းမှုများရှိခဲ့ သောကြောင့် ရှုံးပွဲကြုံတွေ့ပြီး လက်ကျန်သုံးပွဲ အလိုမှာပင် ယူရိုခြေစစ်ပွဲအောင်မြင်မည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။ ထို့ပြင် စက်တင်ဘာလအတွင်း ကိုဆိုဗိုအသင်းနှင့် ကစားသည့်ပွဲတွင်လည်း သုံးဂိုးအထိ ခွင့်ပြု ခဲ့ရသောကြောင့် ဆောက်ဂိတ်က ယခုလို ပြောကြားခြင်းဖြစ်သည်။
"တစ်ခုခုလုပ်ဖို့ ကျွန်တော်တို့ဆုံးဖြတ်ထားတယ်ဆိုတာ သေချာပါတယ်။ ကစားသမားတွေအနေနဲ့ ကလပ်အသင်းတွေမှာ ပုံမှန်ကစားနေတဲ့ပုံစံနဲ့ လက်ရွေးစင်အသင်းမှာကစားရတဲ့ နေရာကြောင့် ခက်ခဲတဲ့အခြေအနေ ရင်ဆိုင်နေရတာလို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ ဘာမှမတတ်နိုင်ခဲ့တာပါ။ တနင်္လာနေ့ပွဲမတိုင်ခင် အပြောင်းအလဲလုပ်တာ မှန်ကန်ရဲ့လားဆိုတာ ကျွန်တော်လည်း မသေချာပါဘူး။ ဒါပေမဲ့ တစ်ခုခုတော့လုပ်ဖို့ လိုအပ်တယ်ဆိုတာ သေချာပါတယ်။ ကစားသမားတွေက နည်းဗျူဟာပိုင်းအခြေအနေကို သင်ယူတာ အရမ်းမြန်ပါတယ်။ အထူးသဖြင့် သူတို့က ထိပ်တန်းကစားသမားတွေဖြစ်လို့ပါ" ဟု ၎င်းက ဆိုသည်။
ထို့ပြင် နောက်ခံလူ မက်ဂွိုင်းရားကလည်း မိမိတို့အနေဖြင့် ကလပ်အသင်း၌ ပုံစံကောင်းမပြနိုင်သောကြောင့် လက်ရွေးစင် အသင်းအတွက်လည်း ယုံကြည်မှုလျော့နည်း နေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။"အဲဒီလို ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့က ကလပ်အသင်းကအခြေအနေကို လက်ရွေးစင်အဆင့်အထိ သယ်လာကြလို့ပါ။ ပြီးခဲ့တဲ့ပွဲက တကယ်ခက်ခဲပါတယ်။ ကျွန်တော်တို့ အနေနဲ့ အတွဲညီညီကစားနိုင်မှုကို ပိုတိုးတက် လာစေချင်ပေမဲ့ တစ်ခါတလေ လက်ရွေးစင် အဆင့်မှာ အဲဒီလိုလုပ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါက ဆင်ခြေပေးတာမဟုတ်ပါဘူး။ သောကြာနေ့ပွဲထက်တော့ ပိုကောင်းလာဖို့ လိုပါတယ်။ တိုက်စစ်ကစားပုံရော ဘောလုံးကိုင် ထားတဲ့ အခြေအနေပါ ပိုကောင်းလာဖို့ လိုပါတယ်" ဟု မက်ဂွိုင်းရားက ပြောကြားခဲ့သည်။
အင်္ဂလန်အသင်းသည် အောက်တိုဘာ ၁၄ ရက် တွင် ဘူလ်ဂေးရီးယားအသင်း နှင့် အဝေးကွင်းပွဲ ကစားရမည်ဖြစ်သည်။