လီဗာပူးလ်အသင်း၏အသင်းခေါင်းဆောင်ဖြစ်သူ နောက်ခံလူ ဗန်ဒိုက်က လက်ရှိအချိန်တွင် အသင်းနှင့် မိမိအကြား စာချုပ်သစ်ကိစ္စဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ဗန်ဒိုက်သည် လီဗာပူးလ်အသင်း၏ အခြားအဓိကကစားသမားနှစ်ဦးဖြစ်သည့် မိုဟာမက်ဆာလာ၊ အလက် ဇန္ဒားအာနိုးလ်တို့နှင့်အတူ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်သည့် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ကစားသမား (၃)ဦးအနက် စာချုပ်သစ်ကိစ္စနှင့်ပတ်သက်၍ ပထမဆုံး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုမှု ပြုလုပ်လာခဲ့သူလည်းဖြစ်သည်။
အသက် (၃၃)နှစ်အရွယ်ရှိပြီ ဖြစ်သည့် နောက်ခံလူ ဗန်ဒိုက်သည် လီဗာပူးလ်အသင်းထံသို့ ၂၀၁၈ ဇန်နဝါရီအပြောင်းအရွှေ့ကာလကတည်းက ဆောက်သမ်တန်အသင်းထံမှ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်သလို၊ နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးလည်းဖြစ်သည့် ပေါင် (၇၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်သည်။
ယခုအချိန်တွင် ဗန်ဒိုက်က ''ကလပ်အသင်းနဲ့ ကျွန်တော့်အကြားမှာ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးမှုတွေက အခုဆိုရင် စတင်နေပါပြီ။ အခုအချိန်မှာ ဘာမှမပြောနိုင်သေးပေမဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို အနာဂတ်မှာ တွေ့မြင်နိုင်ပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော် အပြည့်အဝအာရုံစိုက်ထားတာက ဒီရာသီ လီဗာပူးလ်အသင်းအတွက်ပါပဲ။ ကျွန်တော်တို့အသင်း နိုင်ပွဲတွေ ဆက်တိုက်ရရှိဖို့ထက် ပိုအရေးကြီးတဲ့ကိစ္စ ကျွန်တော့်ဆီမှာမရှိပါဘူး။ အနာဂတ်မှာ ဒီအသင်းမှာ ဆက်ရှိနေမှာလား၊ မရှိဘူးလားဆိုတာက ကျွန်တော်လည်း ကြိုမသိနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်တော့်ဘက်က တာဝန်ရှိသူတွေနဲ့ လီဗာပူးလ်အသင်းတို့အကြားမှာ ဆွေးနွေးမှုအားလုံး အဆင်ပြေစေဖို့ မျှော်လင့်နေရုံပါပဲ။ ကျွန်တော် သေချာပေါက်ပြောနိုင်တာကတော့ အခုအချိန်မှာ ဆွေးနွေးမှုတွေအားလုံး စတင်နေပါပြီ''ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းနှင့် ဗန်ဒိုက်တို့၏ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးမှုတွင် အဓိကညှိနှိုင်းရမည့် အခြေအနေနှစ်ခုမှာ စာချုပ်သက်တမ်းကိစ္စနှင့် လစာငွေကိစ္စတို့သာဖြစ်သည်ဟုလည်း မီဒီယာများက သုံးသပ်လျက်ရှိသည်။