၂၀၁၉ ခုနှစ် သြဂုတ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၅၃ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၁၇ လဆက်တိုက်မြင့်တက်နေ

၂၀၁၉ ခုနှစ် သြဂုတ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၅၃ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၁၇ လဆက်တိုက်မြင့်တက်နေ
ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စားသောက်ကုန်များရောင်းချသော စျေးတန်းတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စားသောက်ကုန်များရောင်းချသော စျေးတန်းတစ်ခုကို တွေ့ရစဉ်
Published 12 October 2019
စည်သူအောင်

၂၀၁၉ ခုနှစ် သြဂုတ်လတွင် ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၅၃ ရာခိုင်နှုန်း ရှိပြီး ပြီးခဲ့သည့် ဇူလိုင်လတွင်ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်း အနည်းငယ်ဆက်လက်မြင့်တက်လာကြောင်း နှင့် ငွေကြေးဖောင်းပွမှုနှုန်းဆက်တိုက်ပြန်လည်မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့ မှ ထုတ်ပြန်သည့်စားသုံးသူစျေးဆနှုန်း နှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၉ ခုနှစ် သြဂုတ်လတွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ပြီး၂၀၁၉ ခုနှစ် ဇူလိုင်လရှိ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၃၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေး ဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်လာခြင်း ဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ် ပြန်ထားသည်။၂၀၁၈ ခုနှစ် ဧပြီလမှစ၍ ၂၀၁၉ ခုနှစ် သြဂုတ်လအထိ ငွေကြေးဖောင်း ပွမှုနှုန်း ၁၇ လ ဆက်တိုက်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်း ပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် သြဂုတ်လအထိ တစ်နှစ် ပျမ်းမျှ ၈ ဒသမ ၅၃ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁၀ ဒသမ ၃၇ ရာခိုင် နှုန်းရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း မကွေးတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၅၇ ရာခိုင်နှုန်း ဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၀ ဒသမ ၆၆ ရာခိုင်နှုန်းဖြင့် ဒုတိယ အမြင့်ဆုံးဖြစ်ခဲ့ကာ ချင်းပြည်နယ်တွင် ၁၀ ဒသမ ၀၇ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် သြဂုတ်လအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၅ ဒသမ ၇၀ ရာခိုင်နှုန်း ဖြင့် ပြောင်းလဲမှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်တွင် ၂ ဒသမ ၅၉ ရာခိုင်နှုန်း ဖြင့်   ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ် ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ် ပြန်ထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲ တွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင် ဘာလတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက် ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေ ကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ်  သြဂုတ်လအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၅၃ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၃၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၁၈ ရာခိုင်နှုန်းပိုမိုလာကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မေလမှ ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ ပျမ်းမျှငွေကြေးဖောင်းပွမှု နှုန်းကို လေ့လာပါ က ၂၀၁၈ ခုနှစ် မေလတွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ၈ ဒသမ ၅၃ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံ ခြားငွေထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွ့ံဖြိုးတိုးတက်မှု ဒုတိယကာလတိုငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်)တွင် ဖော်ပြထားချက်အရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယ ကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်)တွင် လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှု နှုန်းလျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူဝါ ဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေးကိစ္စရပ်များအား မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent