လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းဂိုးသမား အယ်လစ်ဆန်သည် မန်ယူအသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်ကစားနိုင်ဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းဂိုးသမား အယ်လစ်ဆန်သည် မန်ယူအသင်းနှင့် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်ကစားနိုင်ဖွယ်ရှိနေကြောင်း ပြောကြားခဲ့သည်။
ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အယ်လစ်ဆန်သည် ပြီးခဲ့သည့်သြဂုတ်လက ကစားခဲ့သည့် ၂၀၁၉-၂၀ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲ လီဗာပူးလ်(၄-၁) နောဝစ်ချ်ပွဲတွင် ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ပြီး အနားယူနေရသူဖြစ်သည်။
အယ်လစ်ဆန်အနေဖြင့် ယခုအခါ ဒဏ်ရာပြန်လည်သက်သာလာပြီး အောက်တိုဘာ (၅)ရက်နေ့တွင် ကစားမည့် လက်စတာနှင့်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိသော်လည်း လီဗာပူးလ်နည်းပြ ကလော့ပ်က အယ်လစ်ဆန်ကို အလျင်အမြန်အသုံးပြုသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ကလော့ပ်က "အယ်လစ်ဆန်ကတော့ ပွဲကစားဖို့အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ သူရခဲ့တဲ့ ဒဏ်ရာက နည်းနည်းပြင်းထန်တာကြောင့် ဆေးအဖွဲ့နဲ့ တိုင်ပင်ရဦးမှာပါ။ ကျွန်တော့်အနေနဲ့ အယ်လစ်ဆန်ကို အရဲစွန့်ပြီး အသုံးပြုမှာ မဟုတ်ပါဘူး။ သူက အခုထက်ထိ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခြင်းတော့ မရှိသေးပါဘူး။ လက်စတာပွဲမှာ ပါဝင်နိုင်မလား ကြည့်ရမယ်။ ဒါပေမဲ့ အောက်တိုဘာ (၂၀)ရက်နေ့မှာ ကစားမယ့် မန်ယူအသင်းနဲ့ပွဲမှာတော့ အယ်လစ်ဆန်အနေနဲ့ ကြံ့ခိုင်မှု (၁၀၀)ရာခိုင်နှုန်းအပြည့်နဲ့ ပါဝင်နိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော် စောင့်ကြည့်ရဦးမှာပါ"ဟု ပြောကြားခဲ့သည်။
အသက် (၂၆)နှစ်အရွယ်ရှိ အယ်လစ်ဆန်သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ရိုးမားအသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် (၆၆.၈)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက အသင်းအတွက် လက်စွမ်းပြကစားနိုင်ခဲ့သူဖြစ်သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၇)အပြီးတွင် ရာနှုန်းပြည့်အနိုင်ရထားပြီး ရမှတ် (၂၁)မှတ်ဖြင့် ဦးဆောင်နေကာ ဒုတိယနေရာမှ မန်စီးတီးအသင်း (၁၆ မှတ်)ကို (၅)မှတ်အထိ ဖြတ်ထားနိုင်ခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၈)အဖြစ် အောက်တိုဘာ (၅)ရက်တွင် လက်စတာကို အိမ်ကွင်း၌ ကစားမည်ဖြစ်ပြီး ပွဲစဉ် (၉)အဖြစ် အောက်တိုဘာ (၂၀)ရက်တွင် မန်ယူအသင်းကို အဝေးကွင်း၌ ကစားရမည်ဖြစ်သည်။















