စည်းကြပ်ခွန်များသည် ကမ္ဘာကြီးအား စီးပွားရေးပျက်ကပ်သို့ ဆင်းသက်စေနိုင်ကြောင်း တရုတ်က သတိပေး

စည်းကြပ်ခွန်များသည် ကမ္ဘာကြီးအား စီးပွားရေးပျက်ကပ်သို့ ဆင်းသက်စေနိုင်ကြောင်း တရုတ်က သတိပေး
စက်တင်ဘာ ၂၇ ရက်တွင် ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ မိန့်ခွန်းပြောနေစဉ် (Photo: AP)
စက်တင်ဘာ ၂၇ ရက်တွင် ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ မိန့်ခွန်းပြောနေစဉ် (Photo: AP)
Published 28 September 2019
Ref: Reuters

စည်းကြပ်ခွန်များနှင့် ကုန်သွယ်ရေးအငြင်းပွားမှုများသည် ကမ္ဘာကြီးအား စီးပွားရေးပျက်ကပ်ထဲသို့ ကျဆင်းစေနိုင်ပြီး တရုတ်သည် ထိုပြဿနာများအား တည်တည်ငြိမ်ငြိမ် နှိုင်းနှိုင်းချိန်ချိန်နှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဖြေရှင်းသွားရန် ဆုံးဖြတ်ထားကြောင်း တရုတ်ထိပ်တန်း သံတမန်တစ်ဦးက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

တံတိုင်းများ တည်ဆောက်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား မဖြေရှင်းနိုင်ကြောင်း၊ မိမိ၏ပြဿနာများအတွက် အခြားသူများအား အပြစ်တင်ခြင်းသည် အလုပ်မဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးပျက်ကပ်မှ သင်ခန်းစာများကို မမေ့လျော့သင့်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် တဲ့တိုး မိန့်ခွန်း ပြောကြားခဲ့သည်။ ၁၅ လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး အလွန်အမင်းထိခိုက်စေသော ကုန်သွယ်ရေးစစ်ပွဲအား အစပျိုးခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား အမည်မဖော်ဘဲ ဝမ်ယီက သိသိသာသာ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းများနှင့် ထောက်ပံ့ပေးသွင်းရေးများအား ထိခိုက်စေခဲ့သော ကုန်သွယ်ရေးအငြင်းပွားမှုများနှင့် စည်းကြပ်ခွန်များသည် နိုင်ငံစုံပါဝင်သော ကုန်သွယ်ရေး၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး နှင့် ကုန်သွယ်ရေးဆိုင်ရာ အစီအစဉ်ကျနမှုများအား အားလျော့စေကြောင်း၊ ယင်းသည် ကမ္ဘာကြီးအား စီးပွားပျက်ကပ်သို့ပင် ကျဆင်းစေဖွယ်ရှိကြောင်း ဝမ်ယီက သတိပေးခဲ့သည်။

တရုတ်ကုမ္ပဏီများအား အမေရိကန် စတော့အိတ်ချိန်းများတွင် စာရင်းသွင်းမှုများမှ ဖယ်ရှားရန် ဖြစ်နိုင်ခြေအပါအဝင် ပေကျင်းအား ဘဏ္ဍာရေးဆိုင်ရာ ဖိအားပေးသော နည်းစနစ်သစ်များကို ထရန့်အစိုးရက စဉ်း စားနေကြောင်း ပြောကြားနေမှုနှင့် တိုက်ဆိုင်လျက် တရုတ်ထိပ်တန်းသံတမန်တစ်ဦးအတွက် ပုံမှန်မဟုတ်သော အနေအထားအဖြစ် ဝမ်ယီ၏ မှတ်ချက်များ ထွက်လာခဲ့ခြင်းဖြစ်သည်။ ထရန့်၏ ထိုအစီအစဉ်သည် တရုတ်ကုမ္ပဏီများ၏ လုပ်ရပ်များကြောင့် လုံခြုံရေး ဆိုင်ရာ စိုးရိမ်မှုမြင့်တက်နေမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ကုမ္ပဏီများတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်ရန် ကျယ်ပြန့်သော ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက စက်တင်ဘာ ၂၇ ရက်တွင် ရိုက်တာသို့ ပြောကြားခဲ့သည်။

ပြုံယမ်းနှင့် ၀ါရှင်တန်တို့အကြား ဆွေးနွေးပွဲတန့်နေမှုနှင့်ပတ်သက်၍ အဓိကအားဖြင့် အမေရိကန်က ပိတ်ဆို့အရေးယူမှုများအား ဖြေလျှော့ပေးရန် ငြင်းဆိုခဲ့သည့် ထရန့်၏ မြောက်ကိုရီးယားဆိုင်ရာ မူဝါဒကိုလည်း  ဝမ်ယီက ဝေဖန်ခဲ့သည်။ ကိုရီးယားကျွန်းဆွယ်တွင် နိုင်ငံရေးဆိုင်ရာဖြေရှင်းမှု ရရှိနိုင် ရေးအတွက် ဖြစ်ပေါ်တိုးတက်မှုသစ်များ ရှိနေစဉ် မြောက်ကိုရီးယားနှင့်ဆက်နွှယ်သော ပိတ်ဆို့အရေးယူမှုများအား လျှော့ချပေးရန် ကုလသမဂ္ဂက စဉ်းစားပေးရန် လိုအပ်ကြောင်းလည်း ဝမ်ယီက ပြောကြားခဲ့သည်။

လက်တွေ့ကျပြီး အလားအလာရှိသော နည်းလမ်းမှာ အဆင့်လိုက်နှင့် တစ်ချိန်တည်း လုပ်ဆောင်မှုများမှတစ်ဆင့် ယုံကြည်မှုကို တဖြည်းဖြည်းချင်း တည်ဆောက်ရန်အတွက် နျူကလီးယားဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထူထောင်မှုများတွင် အပြိုင် တိုးတက်မှုရရှိနိုင်ရေးကို မြှင့်တင်ရန်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ တရုတ်သည် သူတစ်ပါး၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်မဖက်သည့် မူဝါဒကို ကျင့်သုံးကြောင်း ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့မှုကို ဝမ်ယီက ထပ်မံပြောကြားခဲ့သည်။

Most Read

Most Recent