မူပိုင်ခွင့်ချိုးဖောက်နေသည့် ဆော်ဒီရုပ်သံဌာန beoutQ နှင့်ပတ်သက်၍ FIFA နှင့် UEFA အပါအဝင် ထိပ်သီးလိဂ်များ ပူးတွဲကြေညာချက်ထုတ်

မူပိုင်ခွင့်ချိုးဖောက်နေသည့် ဆော်ဒီရုပ်သံဌာန beoutQ နှင့်ပတ်သက်၍ FIFA နှင့် UEFA အပါအဝင် ထိပ်သီးလိဂ်များ ပူးတွဲကြေညာချက်ထုတ်
Published 17 September 2019

FIFA နှင့် UEFA အပါအဝင် ဥရောပထိပ်သီးလိဂ်များသည် မူပိုင်ခွင့်ချိုးဖောက်ပြီး ရုပ်သံမှ တရားမဝင်ထုတ်လွှင့်ပြသမှုများပြုလုပ်နေသည့် ဆော်ဒီရုပ်သံဌာန beoutQ နှင့်ပတ်သက်၍ ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

BeoutQ သည် ဆော်ဒီအာရေဗျနိုင်ငံ၌ ၂၀၁၇ ခုနှစ် တွင် စတင်တည်ထောင်ခဲ့သည့် ရုပ်သံဌာနတစ်ခုဖြစ်ပြီး ဘောလုံးပွဲများကိုသာမက အခြားအားကစားပြိုင်ပွဲများကိုပါ မူပိုင်ခွင့်ချိုးဖောက်ကာ တရားမဝင်ထုတ်လွှင့်ပြသမှုများ ပြုလုပ်နေ ခြင်းဖြစ်သည်။

၎င်းတို့၏ လုပ်ရပ်နှင့်ပတ်သက်၍ ယခင်နှစ်ကတည်းက သတိပေးမှုများရှိခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ယခုရာသီတွင်လည်း ခိုးယူထုတ်လွှင့်မှုများ ထပ်မံပြုလုပ်နေခဲ့သည်။

ယင်းလုပ်ရပ်များကို ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် ကုန်ပစ္စည်းအမှတ်တံဆိပ် အကာအကွယ်ပေးရေးကုမ္ပဏီ MarkMonitor က စုံစမ်းထောက်လှမ်းမှုများပြုလုပ်ကာ  စာမျက်နှာ(၁၅၈)မျက်နှာပါရှိသည့် သတင်းထုတ်ပြန်မှုတစ်ခု  ပြုလုပ်ခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်မှုထဲ၌ beoutQ ကို အာရပ်နိုင်ငံ (၂၁)နိုင်ငံ ပူးတွဲတည်ထောင်ထားသည့် Arabsat က ကြိုးကိုင်နေခြင်းဖြစ်ကြောင်းလည်း ပါရှိခဲ့သည်။

Arabsat ဆက်သွယ်ရေးအဖွဲ့အစည်းမှာလည်း ဆော်ဒီအာရေဗျနိုင်ငံတွင် အခြေစိုက်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

MarkMonitor ၏ ဖော်ထုတ်မှုတွင် beoutQ အနေဖြင့် ယခုရာသီ ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲများ၏ ပွဲစဉ်များအား ခိုးယူပြသနေသည့် သက်သေအထောက်အထားများလည်း ပါရှိခဲ့သည်။

ထို့ပြင် ယင်းကဲ့သို့ ခိုးယူပြသရာ၌ beoutQ ဟူသည့် အမှတ်တံဆိပ်တပ်ကာ မူပိုင်ခွင့်ကို ပေါ်ပေါ်တင်တင်ချိုးဖောက်နေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့ကြောင့် FIFA၊ UEFA၊ AFC တို့အပါအဝင် ဥရော ပထိပ်သီးလိဂ်များဖြစ်သည့် ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါ၊ ပြင်သစ်လီဂူးတို့က မူပိုင်ခွင့်ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent