၂၀၂၀ ရွေးကောက်ပွဲတွင် ဂုဏ်သိက္ခာရှိစွာဖြင့် အစိုးရတစ်ရပ် ဦးဆောင်ဖွဲ့စည်းနိုင်ရန်အတွက် လုံလောက်သည့်အနိုင်ရနိုင်မည်ဟု ယုံကြည်ထားကြောင်းနှင့် အနိုင်ရပါက အချိုးကျ (PR) စနစ်ကိုကျင့်သုံးသွားမည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

၂၀၂၀ ရွေးကောက်ပွဲတွင် ဂုဏ်သိက္ခာရှိစွာဖြင့် အစိုးရတစ်ရပ် ဦးဆောင်ဖွဲ့စည်းနိုင်ရန်အတွက် လုံလောက်သည့်အနိုင်ရနိုင်မည်ဟု ယုံကြည်ထားကြောင်းနှင့် အနိုင်ရပါက အချိုးကျ (PR) စနစ်ကိုကျင့်သုံးသွားမည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 15 September 2019
စိုးမင်းထိုက်

၂၀၂၀ ရွေးကောက်ပွဲတွင် ဂုဏ်သိက္ခာရှိစွာဖြင့် အစိုးရတစ်ရပ် ဦးဆောင်ဖွဲ့စည်းနိုင်ရန်အတွက် လုံလောက်သည့် အနိုင်ရနိုင်မည် ဟု ယုံကြည်ထားကြောင်းနှင့် အနိုင်ရပါက အချိုးကျ (PR) စနစ်ကို ကျင့်သုံးသွားမည်ဟု ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားခဲ့သည်။

သတင်းထောက်တစ်ဦးက လာမယ့်ရွေး ကောက်ပွဲတွင် အနိုင်ရရှိပါက PR စနစ်ကျင့်သုံးမည်ဟု ပြောနိုင်မည်လားဆိုသည့်အချက် နှင့် ရွေးကောက်ပွဲတွင် မည်မျှအထိ အနိုင်ရရှိ မည်ဟု မျှော်လင့်ပါသလဲဟု မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းမှုကို ပါတီ၏ပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက “လာမယ့်ရွေးကောက်ပွဲမှာ ဂုဏ်သိက္ခာရှိတဲ့အနိုင်တစ်ခုရလိမ့်မယ်လို့ ယုံကြည်တယ်။အဲဒီအခြေအနေ ကို ရောက်နေပြီလို့ ကျွန်တော်တို့မျှော်လင့်ထားတယ်။ အားလုံးကတော့ တကယ့်ရွေးကောက်ပွဲကြီးမှာ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကိုခံယူဖို့ ကျွန်တော်တို့အနေနဲ့အဆင်သင့်ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်။၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီဆိုရင် အချိုးကျ စနစ် PR ကို ကျင့်သုံးသွားမယ်လို့ ပြောလို့ရပါ တယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရေးပါတီ တွေရော၊ သက်ဆိုင်ရာ ဒေသအလိုက်တွေ ရော၊ အားလုံးက ဆောင်ရွက်ခွင့်ရအောင်လို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။၂၀၂၀ ရွေးကောက်ပွဲမှာ ဂုဏ်သိက္ခာရှိတဲ့အနိုင်တစ်ခုရမယ်လို့ မျှော်လင့်ထားပါတယ်။ဂုဏ်သိက္ခာရှိ တဲ့ အနိုင်ဆိုတာက အစိုးရဖွဲ့ကြတော့မယ်ဆို ရင် အနိုင်ရရှိမှုအပေါ်မှာ ပူးပေါင်းချင်တဲ့သူက တို့ပါတီကို လာကမ်းလှမ်းလောက်တဲ့အဆင့်၊ အဲဒီလောက်အဆင့်အထိ နိုင်လိမ့်မယ်။သို့တည်းမဟုတ် တို့တစ်တွေကိုယ်တိုင် ရပ် တည်လို့ရတဲ့အနိုင်တစ်ခုပေါ့။ အဲဒီလောက် အထိမျှော်လင့်ပြီးတော့ ယုံကြည်ထားပါ တယ်။ အဓိကကတော့ ပြည်သူလူထုရဲ့ အဆုံး အဖြတ်ပါပဲ။ အဲဒီအဆုံးအဖြတ်က မှန်ကန်ဖို့ ရယ်။ ကျွန်တော်တို့ရဲ့ လုပ်အား၊ ကျွန်တော် တို့ရဲ့ စေတနာစွမ်းအား၊ ကျွန်တော်တို့ရဲ့ အ မျိုးကိုချစ်တဲ့စိတ်အပေါ်မှာ အသိအမှတ်ပြုလိမ့်မယ်လို့ ခံယူထားပါတယ်။ ကိုယ့်ပါတီတစ် ခုတည်းနဲ့အစိုးရဖွဲ့နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ တကယ်လို့ ညွန့်ပေါင်းအစိုးရဖွဲ့ရ မယ်ဆိုရင်တောင် ပြည်ခိုင်ဖြိုးပါတီကို လာပြီး ကမ်းလှမ်းမယ့်အဆင့်မျိုးအထိ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြား ခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲအတွက် ကိုယ်စား လှယ်လောင်းများ ရွေးချယ်ရာတွင် ဒေသဆိုင် ရာ ပြည်သူလူထုက လက်ခံသည့်ကိုယ်စား လှယ်များကို အဓိကရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ရွေးချယ်မှုအပိုင်းအနေဖြင့် စိစစ်နေ ကြောင်း၊ အဓိကကတော့ အောက်ခြေနယ် မြေကနေ ရွေးချယ်ထားသည့်အတိုင်း ရွေးချယ် ပေးသွားမည်ဖြစ်ကြောင်း၊ ပါတီအနေဖြင့် ကိုယ့်ဒေသအကျိုး၊ ကိုယ့်နိုင်ငံအကျိုးကို ဆောင်ရွက်မည်၊ အရည်အချင်းလည်းရှိမည်၊ ဒေသဆိုင်ရာကလည်း လက်ခံသည်၊ ထောက် ခံသည်ဆိုပါက အမျိုးသားရေးကိုနားလည်ပြီး အမှန်တကယ် ဆောင်ရွက်မည့်သူဆိုပါက အရပ်သား၊ စစ်သား မခွဲခြားကြောင်း၊ ဘာလို့လဲဆိုတော့ နိုင်ငံတော်မှာ တစ်ဦးတစ်ယောက် တည်းကနေ ဦးဆောင်ပြီးဆောင်ရွက်၍ မရ သည့်အခြေအနေဖြစ်နေကြောင်း၊ အဓိကက တော့ အရည်အသွေး၊အရည်အချင်းရှိဖို့လိုအပ်ကြောင်း၊ အောက်ခြေက ပြည်သူလူထု လက်ခံတယ်ဆိုသည့်အချက်အပေါ်မှာပဲ အခြေခံထားပြီး ရွေးမည်ဖြစ်ကြောင်း၊ အောက် ခြေက အကောင်းဆုံးဆိုပြီး ရွေးချယ်သည့်သူကို လက်ခံသွားမည်ဖြစ်ကြောင်း၊ ထို့အတွက် အရပ်သားဖြစ်ချင်ဖြစ်မယ်။ စစ်သားလည်း ဖြစ်ချင်ဖြစ်မယ်။ ဝန်ထမ်းလည်းဖြစ်ချင်ဖြစ် မယ်။ ညွှန်ချုပ် အငြိမ်းစားလည်းဖြစ်ချင်ဖြစ်နိုင်ကြောင်း၊ ပါတီထဲတွင် အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ လူငယ်ထုပါဝင်မှုလည်း များပြားကြောင်း ၎င်းကဆိုသည်။

ဦးသိန်းထွန်းဦးက “ကျွန်တော်တို့ပါတီ က ဗမာပါတီမဟုတ်ပါဘူး။ ပြည်ထောင်စုပါတီ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသား ပေါင်းစုံနဲ့ဖွဲ့စည်းထားတာပါ။ အခုညီလာခံမှာဆိုရင်လည်း တိုင်းရင်းသားတွေ ပါဝင်ပါတယ်။ ဖက်ဒရယ်ကိုသွားပြီဆိုကတည်းက ကိုယ့်ဒေသကိုယ်လုပ်ပိုင်ခွင့်ပေါ့။ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို လျှော့ချပြီးတော့ ကိုယ့်ဒေသကိုယ်ဖန်တီးတယ်လို့ အဓိပ္ပာယ် ကောက်ယူလို့ရပါတယ်။ ကျွန်တော်တို့ပါတီ အနေနဲ့ကတော့ PR စနစ်ကိုသွားမှာဖြစ်ပါ တယ်။ နိုင်သူအကုန်ယူစနစ်ကြောင့် ကျွန် တော်တို့ရဲ့ ပြည်တွင်းရေးမငြိမ်မသက်ဖြစ် တာက ဒီစနစ်ကြောင့်ဆိုတဲ့ ပုံစံမျိုးတွေ့မြင်ရပါတယ်။ ပြည်သူကသာ တာဝန်ပေးလာ မယ်ဆိုရင် PR စနစ်နဲ့သွားမယ်ဆိုတာ ပြော ကြားထားတာပါ။ ပြည်သူကတာဝန်ပေးခဲ့ရင် PR နဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံမှာ ပြင်ဆင်ရ မယ့်ဟာတွေရှိရင် လုပ်သင့်လုပ်ထိုက်တာ တွေ လုပ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

 

 

Most Read

Most Recent