ပရီးမီးယားလိဂ်ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်
Published 14 September 2019

လီဗာပူးလ် နှင့် နယူးကာဆယ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ညနေ ၆းဝ၀ နာရီ)

လီဗာပူးလ်အသင်းက အန်ဖီးလ်မှာကစားမယ့် နယူးကာဆယ်နဲ့ပွဲမှာ သူတို့ရဲ့ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ထိန်းထားနိုင်ဖို့ ကြိုးစားလိမ့်မယ်။ ၁၉၉၀ ခုနှစ်ကတည်းက ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ဒီရာသီမှာ ရယူနိုင်ဖို့ အခြေအနေအကောင်းဆုံးအနေအထားဖြစ်နေပြီး အသင်းရဲ့ကဏ္ဍပေါင်းစုံမှာ အပေါင်းလက္ခဏာဆောင်နေတာလည်း တွေ့ရတယ်။ ဆာလာ၊ မာနေအတွဲလည်း သွင်းဂိုးတွေနဲ့အတူ ပြန်ပြေလည်သွားလိမ့်မယ်။

မန်ယူ နှင့် လက်စတာ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ည ၈း၃၀ နာရီ)

လက်စတာနဲ့ အိမ်ကွင်းပွဲစဉ်က မန်ယူအတွက်တော့ ပရီးမီးယားလိဂ် (၃)ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့တာကို အိမ်ကွင်းမှာ အဆုံးသတ်ဖို့ ကြိုးစားရမယ့်ပွဲဖြစ်တယ်။ ဒါ့အပြင် မန်ယူအသင်းက နောက်ခံလူတွေထဲမှာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ မက်ဂွိုင်းရားအတွက်လည်း အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမှာဖြစ်တယ်။ တိုက်စစ်ဦးစားပေးကစားဟန်နဲ့ လက်စတာ ကို ကစားရမယ့်ပွဲက မန်ယူအတွက်တော့ ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ လက်စတာအသင်းက နောက်ဆုံး(၂)ပွဲမှာ ရှက်ဖီးယူနိုက်တက်နဲ့ ဘုန်းမောက်တို့ကို ဆက်တိုက်အနိုင်ကစားထားခဲ့ပြီး ဗာဒီကလည်း တောက်လျှောက်ဂိုးတွေသွင်းခဲ့တာ တွေ့ရတယ်။ ပွဲကြီးတွေမှာ ဂိုးမြူးလေ့ရှိပြီး အတွေ့အကြုံရင့်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဗာဒီကို ဝိုင်းရံထားတဲ့ တီလေမန်းစ်၊ မတ်ဒီဆန်တို့ကလည်း ရာသီစကတည်းက တောက်လျှောက်ခြေစွမ်းပြနေတယ်။ ဒါကြောင့် မန်ယူအတွက် မလွယ်ကူတဲ့ပွဲတစ် ပွဲလို့ ဆိုနိုင်တယ်။ လက်ရှိအနေအထားကလည်း Poor Form ဖြစ်နေလို့ မန်ယူအိမ်ကွင်းဆိုပေမယ့် သရေကျသွားနိုင်တယ်။

ဝုလ်ဗ် နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ည ၈း၃၀ နာရီ)

ဝုလ်ဗ်အသင်းက အိမ်ကွင်းမှာ ချယ်လ်ဆီးနဲ့ ကစားရမှာဖြစ်ပြီး (၂)သင်းစလုံးအတွက် ပွဲကျပ်တစ်ပွဲလို့ပြောနိုုင်တယ်။ (၂)သင်းစလုံးက အထင်ကြီးလောက်စရာ အသင်းတွေဖြစ်ပေမယ့် ဒီပွဲမတိုင်ခင်မှာတော့ အမှတ်ပေးဇယား (၁၀)အောက်ကို ရောက်နေတဲ့အသင်းတွေလည်းဖြစ်တယ်။ ဝုလ်ဗ်က ဒီရာသီ သူတို့အသင်းရဲ့ ပထမဆုံးနိုင်ပွဲအတွက် ရုန်းကန်မှာ သံသယဖြစ် ဖွယ်မရှိသလို၊ တာထွက်နှေးနေပြီး ခံစစ်အားနည်းနေတဲ့ ချယ်လ်ဆီးအတွက်လည်း ဒီပွဲကို Turning Point လို့ ပြောလို့ရနိုင်တယ်။ ဒါပေမဲ့ ချယ်လ်ဆီးရဲ့ အဓိကပြဿနာက ခံစစ်ပါပဲ။ တိုက်စစ်ပိုင်းရဲ့ ဂိုးသွင်းနှုန်းက အထင်ကြီးလောက်စရာဖြစ်ပေမယ့် ခံစစ်ကတော့ နောက်ဆုံး(၂)ပွဲမှာတင် (၄)ဂိုးတောင် ပေးခဲ့ရတယ်။ ဒါကြောင့်လည်း နိုင်သင့်တဲ့ပွဲတွေ သရေကျခဲ့တာဖြစ်တယ်။ ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်တိုက ပွဲကြီးတွေမှာ အမှတ်ယူနေကြ နည်းပြတစ်ဦးဖြစ်ပြီး ရှေ့၊ လယ်၊ နောက် ဟန်ချီညီတဲ့အသင်းဖြစ်အောင် တည်ဆောက်ထားနိုင်တယ်။ အိမ်ကွင်းမှာ နောက်ဆုံးတွေ့ခဲ့တုန်းက (၂-၁)ဂိုးနဲ့ နိုင်ခဲ့လို့ ဒီပွဲမှာ ဝုလ်ဗ်ကို ကြိုက်တယ်။

စပါး နှင့် ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ည ၈း၃၀ နာရီ)

စပါးက ဒီရာသီအစမှာ သူတို့ရဲ့အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ ရုန်းကန်နေရပြီး အခု ချိန်ထိ (၇)မှတ်လျော့ထားတယ်။ ပဲလေ့စ်ကလည်း အောက်ပွဲတွေမှာ ခြေစွမ်းညံ့တတ်ပေမယ့် အသင်းကြီးတွေအားလုံးလိုလိုကို နောက်ဆုံးအနိုင်ယူထားတာ သူတို့ဖြစ်တယ်။ အင်္ဂလန်အသင်းမှာ ရရှိခဲ့တဲ့ ဂိုးသွင်း Form ကို ဟာရီကိန်း ပြန်ပြနိုင်ရင်တော့ စပါး အခြေအနေကောင်းမှာပါ။ စပါး (၂-၀)ဂိုးလောက် ဖြစ်နိုင်တယ်။

ဘရိုက်တန် နှင့် ဘန်လေ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ည ၈း၃၀ နာရီ)

ဆောက်သမ်တန်နဲ့ မန်စီးတီးတို့ကို (၂)ပွဲဆက် ရှုံးခဲ့တဲ့ ဘရိုက်တန်က အခုအိမ်ကွင်း ပွဲစဉ်မှာ ဘန်လေဆီက (၃)မှတ်ယူဖို့ ကြိုးစားမှာပါ။ ပရီးမီးယားလိဂ်အန္တရာယ်ဇုန်ထဲက လွတ်ဖို့ဆိုရင် ဒီလိုပွဲမျိုးတွေမှာ အမှတ်ယူနိုင်ရမယ်။ အခြားတစ်ဖက်မှာ ဘန်လေကလည်း အဝေးကွင်းခြေစွမ်းနဲ့ရလဒ်က အားရစရာမရှိဘူး။ ဘရိုက်တန် အနိုင်ရဖို့များပြီး (၁-၀)ဂိုး လောက် ဖြစ်လိမ့်မယ်။

ရှက်ဖီးယူနိုက်တက် နှင့် ဆောက်သမ်တန် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ည ၈း၃၀ နာရီ)

ရှက်ဖီးယူနိုက်တက်က ပွဲစဉ် (၂)တုန်းက ပဲလေ့စ်ကို အိမ်ကွင်းမှာ အနိုင်ကစားခဲ့ပြီး ဒီပွဲမှာတော့ ဒီရာသီဒုတိယမြောက်နိုင်ပွဲကို ရှာဖွေရမှာပါ။ ဆောက်သမ်တန်က တန်းဆင်းဇုန်ကို ဦးတည်နေတဲ့ အရိပ်အယောင်တွေ တွေ့ရပြီး ဒီရာသီမှာ အနိမ့်ဆုံးရနိုင်တဲ့ (၁၂)မှတ် မှာ(၄)မှတ်ပဲယူထားနိုင်တယ်။ ရှက်ဖီးကိုကြည့်ရတာ အိမ်ကွင်းမှာ ကစားရခက်တဲ့အသင်းဖြစ်ပြီး အဝေးကွင်းနိုင်ပွဲက စဉ်းစားဖို့မလွယ်ဘူး။ ဒီပွဲမှာလည်း ရှက်ဖီး သရေနဲ့ အနိုင်ပဲ။

နောဝစ်ချ် နှင့် မန်စီးတီး (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ည ၁၁းဝ၀ နာရီ)

ပွတ်ကီနဲ့အတူ ပုံစံကောင်းပြနေတဲ့ နောဝစ်ချ်တို့ ဒီပွဲမှာတော့ ရုန်းကန်ရမှာပါ။ မန်စီးတီးက အနိုင်ရတဲ့ပွဲတိုင်းလိုလို ဂိုးပြတ်သွင်းနေပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်ရဖို့မှန်းနေတဲ့အသင်းတစ်သင်းအနေနဲ့ ဒီလိုပွဲမျိုးကို အမှားခံမှာမဟုတ်ဘူး။ အဂွဲရိုးနဲ့ စတာလင်တို့ရဲ့ဂိုးသွင်းစွမ်းရည်ကလည်း အမြင့်ဆုံးရောက်နေတယ်။ မန်စီးတီး နိုင်မယ်။ (၁-၃) ဂိုးလောက် ဖြစ်မယ်။

Most Read

Most Recent