Y8 အမျိုးအစား တပ်မတော်လေယာဉ် လေ့ကျင့်ပျံသန်းရန်ထွက်ခွွာစဉ် ပြေးလမ်းချော်မှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ဆင်းသက်ခြင်းများ ခေတ္တရပ်ဆိုင်းခဲ့ရ

Y8 အမျိုးအစား တပ်မတော်လေယာဉ် လေ့ကျင့်ပျံသန်းရန်ထွက်ခွွာစဉ် ပြေးလမ်းချော်မှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ဆင်းသက်ခြင်းများ ခေတ္တရပ်ဆိုင်းခဲ့ရ
ပြေးလမ်းချော်ခဲ့သည့် Y8 အမျိုးအစားလေယာဉ်ကို တွေ့ရစဉ် Photo: Myanmar Aviation Development Association Facebook
ပြေးလမ်းချော်ခဲ့သည့် Y8 အမျိုးအစားလေယာဉ်ကို တွေ့ရစဉ် Photo: Myanmar Aviation Development Association Facebook
Published 5 September 2019
ရွှန်းလဲ့ဝင်း

Y8 အမျိုးအစား တပ်မတော်လေယာဉ် လေ့ကျင့်ပျံသန်းရန် ရန်ကုန်လေဆိပ် လေယာဉ်ပြေးလမ်းမှ ထွက်ခွာစဉ်ပြေးလမ်းချော် မှုဖြစ်ပွားခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်ဆင်းသက်ခြင်းများ ခေတ္တရပ်ဆိုင်းထားခဲ့ရကြောင်း သိရသည်။

စက်တင်ဘာ ၅ရက် နံနက် ၁၀ နာရီ ၃၆ မိနစ်ခန့်က တပ်မတော်ပိုင်လေယာဉ်တစ် စင်းဖြစ်သည့် Y8 အမျိုးအစားလေယာဉ်မှာ ရန်ကုန်လေဆိပ်အတက်တွင် လေယာဉ်၏ အင်ဂျင်တစ်လုံးအားနည်းမှုကြောင့် လေ ယာဉ်မှာပြေးလမ်းမှ လမ်းချော်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ လေယာဉ်လမ်းချော်မှုကြောင့် လေယာဉ်ပြေးလမ်းရှင်းလင်းချိန် သုံးနာရီ ခန့် အချိန်ယူရဖွယ်ရှိပြီး မွန်းလွဲ ၂ နာရီခန့် တွင်သာ လေယာဉ်ကွင်းကို ပြန်လည်ဖွင့်နိုင် မည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်မှ သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း စက်တင်ဘာ ၅ ရက် ညနေ ၄ နာရီခန့်ထိ လေဆိပ်အား ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘဲ လေဆိပ်ပိတ်ချိန်အား ထပ်မံ တိုးမြင့်ခဲ့ရကြောင်း သိရသည်။

“နံနက် ၁၀ နာရီ ၃၆ မိနစ်က တပ်မ တော်လေယာဉ် Y8 မှာ ရန်ကုန်လေဆိပ်က နေအတက်မှာ ဘယ်ဘက်အင်ဂျင် Fail ဖြစ် လို့ ပြေးလမ်းကနေ ချော်သွားတာပါ။ အဆင်းကို ခဏပိတ်ထားတယ်။ သုံးနာရီလောက် တော့ကြာမယ်။ လေယာဉ်တွေ အတက်ကိုတော့ ပေ ၈၀၀၀ အထိ ခွင့်ပြုထားပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦး စီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲ ထွဋ်အောင်က ပြောကြားသည်။

ယင်းသို့ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သည့် တပ်မတော်လေယာဉ်အား ပြန်လည် ဖယ်ရှားချိန်မှာ ခန့်မှန်းချိန်ထက် ပိုမိုကြာမြင့်ခဲ့သဖြင့် လေယာဉ်ဆင်းသက်ခွင့် ရပ်ဆိုင်း ထားရခြင်းကို အချိန်တိုးမြှင့်ခဲ့ရကြောင်း သိရသည်။

“ရန်ကုန်လေဆိပ်မှာ တပ်မတော်က လေ့ကျင့်ပျံသန်းနေတဲ့  အလတ်စားသယ်ယူ ပို့ဆောင်ရေးလေယာဉ်ဖြစ်တဲ့ Y8 လေယာဉ်က ပြေးလမ်းပေါ်ကနေ အားယူပျံ တက်နေတဲ့အချိန်မှာ အင်ဂျင်တစ်လုံးအား နည်းသွားတဲ့အတွက် ပြေးလမ်းချော်သွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပြေးလမ်းရဲ့ ဘယ်ဘက် လေယာဉ်ဘီးကတော့နစ်သွားပါတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ လေယာဉ်ကို မဖယ်ရှားနိုင်ခင်မှာတော့ လေ ဆိပ်ကို ခေတ္တပိတ်ထားခဲ့ရတယ်”ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေး မှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

 

တပ်မတော်လေယာဉ် ပြေးလမ်းချော် မှုဖြစ်ပွားခြင်းကြောင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆင်းသက်မည့် ပြည်တွင်း လေကြောင်းလိုင်းအချို့ဖြစ်သည့် မြန်မာအ မျိုးသားလေကြောင်းလိုင်းနှင့် AIR KBZ လေကြောင်းလိုင်းလေယာဉ်များမှာ နေပြည် တော်လေဆိပ်သို့ သွားရောက်ဆင်းသက်ခဲ့ ရပြီး နိုင်ငံတကာလေကြောင်းလိုင်းများမှ လေယာဉ်များမှာ နီးစပ်ရာနိုင်ငံများရှိ လေ ဆိပ်များသို့ ဆင်းသက်ခဲ့ရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်ပြေးလမ်းတစ်ခုတည်းသာရှိသဖြင့် ယင်းသို့အခြားလေဆိပ်များတွင်ဆင်း သက်ရပ်နားခဲ့ရခြင်းဖြစ်သည်။

တပ်မတော်လေယာဉ် ပြေးလမ်းချော် မှုကြောင့် လေယာဉ်ပြေးလမ်းပိတ်ချိန်အား ထပ်မံတိုးမြှင့်လိုက်ကြောင်း ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်က စက်တင်ဘာ ၅ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယခင်က ပြေးလမ်းဖွင့်ချိန်ကို စက်တင်ဘာ ၅ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်မှ ည ၁၁ နာရီအထိ ပိတ်ထားမည်ဟု ကြေညာခဲ့ သော်လည်း စက်တင်ဘာ  ၆ ရက် နံနက် ၂ နာရီအထိ ထပ်မံတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ပြေးလမ်းပိတ်ချိန်တိုးမြှင့်လိုက်ရခြင်းမှာ လေယာဉ်ပြေးလမ်းရှင်းလင်းရေး လုပ် ငန်းစဉ်များ ဆောင်ရွက်ဆဲဖြစ်သောကြောင့် ဖြစ်ကြောင်း၊ လေယာဉ်ပြေးလမ်းပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံကြေညာပေး မည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်က သတင်းထုတ်ပြန်သည်။

Y8 အမျိုးအစားလေယာဉ်မှာ ၂၀၁၇ ခုုနှစ်တွင် ပျက်ကျမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု များလည်း ရှိခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent