ဒေသခံများ၏ စားဝတ်နေရေး အခက်အခဲကြောင့် သစ်ခိုးယူ ထုတ်လုပ်မှုများလာခြင်းကို လျှော့ချရန် တရားဝင်နှင့် တရားမဝင်သစ်များ၏ ဈေးနှုန်းကွာခြားမှုအား ပြည်သူများ နားလည်ရန် လိုအပ်ဟုဆို

 ဒေသခံများ၏ စားဝတ်နေရေး အခက်အခဲကြောင့် သစ်ခိုးယူ ထုတ်လုပ်မှုများလာခြင်းကို လျှော့ချရန် တရားဝင်နှင့် တရားမဝင်သစ်များ၏ ဈေးနှုန်းကွာခြားမှုအား ပြည်သူများ နားလည်ရန် လိုအပ်ဟုဆို
ရှမ်းပြည်မြောက်ပိုင်းတွင် သစ်တင်ယာဉ်များအား ဖမ်းဆီးထားသည်ကို ယခုနှစ်အတွင်း တွေ့ရစဉ်
ရှမ်းပြည်မြောက်ပိုင်းတွင် သစ်တင်ယာဉ်များအား ဖမ်းဆီးထားသည်ကို ယခုနှစ်အတွင်း တွေ့ရစဉ်
Published 13 October 2018
 နေရိုင်း၊ အောင်မင်းသိန်း

ဒေသခံများ၏ စားဝတ်နေရေး အခက်အခဲကြောင့် သစ်ခိုးယူထုတ်ယူမှု များလာခြင်းကို လျှော့ချနိုင်ရန်အတွက် တရားဝင် သစ်နှင့် တရားမဝင်သစ်များ၏ ဈေးကွက်အတွင်း ဈေးနှုန်းကွာခြားမှုအား ပြည်သူများ နားလည်နိုင်ရန်လိုအပ်ကြောင်း သိရသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ သစ်လုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် အောက်တိုဘာ ၁၂ ရက်ကပြုလုပ်သည့် နေပြည်တော်တိုင်းဒေသကြီး၊ ပြည်နယ် သုံးပွင့်ဆိုင်ညွန့် ပေါင်းအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲအစီအစဉ်တွင် သတင်းမီယာများ၏မေးမြန်းမှုကို နေပြည်တော် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသိန်းက အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အခုလက်ရှိအချိန်အထိတော့ အမှုပေါင်းက လျော့နည်းမသွားပါဘူး။ တဖြည်းဖြည်းလည်း များလာတဲ့ သဘောမှာရှိပါတယ်။ ဖမ်းဆီးမှုမှာ အားနည်းချက် မဟုတ်ပါဘူး။ တရားမဝင်သစ်နဲ့ပတ်သက်ပြီး ဆောင်ရွက်မှု တွေက တဖြည်းဖြည်း ဒေသခံပြည်သူလူထုက နည်းမလာဘဲနဲ့ များလာတဲ့သဘောမှာ ရှိပါတယ်။ အဓိက,ကတော့ စားဝတ်နေရေး အခက်အခဲကြောင့် ပိုလုပ်ကြတယ်လို့ပဲ ယူဆပါတယ်” ဟု ဦးကျော်မင်းသိန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် တရားမဝင် သစ်ထုတ်ယူများသည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်ပတ်သက်၍လည်း ဖြစ်ပွားနေခြင်းကြောင့်  ယင်းလုပ်ငန်းများ ပပျောက်စေရန်၊ ဥရောပဈေးကွက်သို့ တရားဝင်သစ်များတင်ပို့ပြီး  မှန်ကန်သည့် ကုန်သွယ်မှုမှ သင့်လျော်သည့် ဈေးနှုန်းရရှိနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဂေဟစနစ်များ ပြန်လည်တိုးတက်လာစေရန်၊ စဉ်ဆက်မပြတ် သစ်တောများ ဖြစ်ပေါ်လာစေရန် သစ်တောဦးစီးဌာန က ကြိုးပမ်းဆောင်ရွက်နေကြောင်း ဦးကျော်မင်းသိန်းက ဆိုသည်။

ဦးကျော်မင်းသိန်းက “အဓိက,ကတော့ တရားမဝင်သစ်နဲ့ တရားဝင်သစ်ဆိုပြီးတော့ ပြည်သူတွေက နားလည်သွားပြီးတော့ တရားဝင်သစ်ရဲ့ ဈေးကွက်အနှိမ်ခံရမှုတွေ၊ တရားမဝင်သစ်ရဲ့ လုပ်ဆောင်ရတဲ့ အခက်အခဲတွေကို သိလာပြီးတော့ တရားဝင်သစ် ဖြစ်လာအောင်လုပ်မယ်။ တရားဝင်သစ်ရဲ့ ဈေးကွက်တွေ အဓိက,ကတော့ ရရှိမယ့်တန်ဖိုးကို အထိရောက်ဆုံးဖြစ်အောင်၊ သဘာဝဂေဟ စနစ်တွေလည်း ပျက်စီးမှုမဖြစ်အောင် ထိန်းသိမ်းနိုင်မယ့် ရည်ရွယ်ချက်တွေရှိဖို့ ဖြစ်ပါတယ် ” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂအစီအစဉ်ဖြင့် ဆောင်ရွက်သည့် သစ်တော ဥပဒေစိုးမိုးရေး၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်ကို ရေးထိုးနိုင်ရန် ဆောင်ရွက်နေခြင်းကြောင့် အစိုးရအဖွဲ့၊ ပုဂ္ဂလိကအဖွဲ့နှင့် CSO အဖွဲ့ အစည်းအဝေး ပြုလုပ်ခြင်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်လည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဦးကျော်မင်းသိန်းက “မြို့နယ်ပိုင်းကတော့ ခုထက်ထိ အစီအစဉ်မရှိသေးပါဘူး။ အခုတော့ တိုင်းအဆင့်ပေါ့။ တိုင်းပြည်နယ် ၁၅ ခုစလုံးမှာ ကျွန်တော်တို့ လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ သစ်တောရဲ့ အဓိကရည်ရွယ်ချက် ကတော့ တရားမဝင်သစ်တွေ ထုတ်လုပ်မှုတွေကို လျော့ပါးသွားဖို့ရယ်၊ နောက် ပြည်သူလူထုကလည်း တရားမဝင်သစ်တွေ မထုတ်လုပ်ဘဲနဲ့ တရားဝင်သစ်တွေကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ်ပြီးတော့ ဈေးကွက်တစ်ခု ပိုင်ပိုင်နိုင်နိုင်ရရှိဖို့ အတွက် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ အဓိကçက ကျွန်တော်တို့ရဲ့ FLEGT လုပ်ငန်းစဉ်တစ်ခု ကို ဒေသခံပြည်သူတွေ သိရှိလိုက်နာပြီးတော့ ဒီလုပ်ငန်းစဉ်တွေကိုလည်း လိုက်နာဆောင်ရွက်ဖို့၊ တရားမဝင်ပပျောက်ရေးအတွက် ဝိုင်းဝန်းကူညီဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါ တယ်” ဟု ပြောကြားသည်။

လက်ရှိတွင် တရားမဝင် သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ခြင်းဆိုင်ရာ ကောင်းမွန်သော သစ်တော စီမံ အုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်း (FLEGT) အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ပြီး ဒေသခံပြည်သူများ သစ်တောဥပဒေနှင့် ဥပဒေ၏ ပြစ်မှု၊ ပြစ်ဒဏ်များအား နားလည်နိုင်ရန် ရှင်းပြမည်ဖြစ်ကြောင်း ဦးကျော်မင်းသိန်းက ဆိုသည်။

ဦးကျော်မင်းသိန်းက “ကျွန်တော်တို့ သစ်တောဥပဒေက ၂၀၁၈ ခုနှစ်မှာ ပြန်လည် ပြီးတော့ အသစ်ပြန်လုပ်ခဲ့ပါတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ ဒေသခံပြည်သူတွေ နားလည်မှုရှိဖို့ရယ်၊ ဥပဒေရဲ့ ပြစ်မှုပြစ်ဒဏ်တွေ ကိုလည်း သေချာနားလည်ဖို့အတွက် ရှင်းလင်းပြသွားမှာ ဖြစ်ပါတယ်။ တရားမဝင်သစ် တွေကို ထုတ်တဲ့၊ ထွက်ရှိတဲ့ လမ်းကြောင်း တစ်လျှောက်မှာ တရားမဝင်သစ် ပပျောက်ဖို့ အတွက် အဖွဲ့အစည်းအသီးသီးကနေ ဝိုင်းဝန်းကူညီပြီးတော့ ဆောင်ရွက်ပေးမှသာ အောင်မြင်မယ့်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အဓိက,ကတော့ ဒေသခံပြည်သူလူထု ပါဝင်ပူးပေါင်းမှသာ အောင်မြင်မယ့်လုပ်ငန်းတစ်ခု ဖြစ်တဲ့အတွက် ဒီလိုဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြင်ဆင်ထားသည့် သစ်တောဥပဒေတွင် တရားမဝင် ဖမ်းဆီးရမိမှုများတွင် သစ်တန်အလိုက် ပြစ်ဒဏ်များတိုးမြှင့်ခြင်းနှင့် သစ်တောကြိုးဝိုင်း ကျူးကျော်မှုများအတွက်လည်း ပြစ်ဒဏ်များတိုးမြှင့်လာခြင်းကြောင့် ထိရောက်သည့်တားဆီးမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent