ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ပြီး လယ်ယာမြေများနှင့် လျှပ်စစ်မီးရရှိရေးမှာလည်း အရေးပါသည်ဟု ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲကို အောက်တိုဘာ ၁၂ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ပြီး ဒုတိယသမ္မတက ရခိုင်ပြည်နယ်သို့ မိမိအနေဖြင့် ရောက်ရှိသည်မှာ ယခုအကြိမ်မှာ စတုတ္ထအကြိမ်ဖြစ်ကြောင်း၊ ယခုလာရောက်ကြည့်ရှုသည့် အခါတိုးတက်မှုများရှိနေသည်ကို မျက်ဝါးထင်ထင်မြင်တွေ့ရသဖြင့် ဝမ်းသာမိကြောင်း၊ ယခင်ကဒေသခံများနှင့်တွေ့ဆုံဆွေးနွေးရာတွင် လျှပ်စစ်မီးရရှိရေးသည် မရှိမဖြစ် လိုအပ်သော ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းသည် ဖွံ့ဖြိုးရေးအတွက် များစွာအထောက် အကူပြုကြောင်း၊ ရခိုင်ပြည်နယ်သည် ရေအားလျှပ်စစ်များထုတ်လုပ်နိုင်သည့် နေရာများစွာ ရှိသည်ဟုသိရကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော် အရင်တစ်ခေါက်ရောက်လာတော့ စစ်တွေဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တော့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိဖို့လိုအပ်တယ်ဆိုတာ သိရတယ်။ လေ့လာကြည့်တော့ ရခိုင်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်တဲ့နေရာတွေရှိတယ်လို့ သိရတယ်။ ကျောက်တော်မှာလည်း ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ နေရာရှိတယ်လို့ သိရတယ်။ တကယ်လို့သာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မယ်ဆိုရင် အထူးအကျိုးရှိမှာ ဖြစ်တယ်။ ဆက်လက်ပြီး အကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်သွားမှာပါ။ ရခိုင်ပြည်နယ်ဟာ မြေပေါ်မြေအောက်သယံဇာတတွေပေါတဲ့ နယ်မြေဖြစ်တယ်။ နောက်ပြီး နယ်မြေဒေသလုံခြုံအေးချမ်းမှုမရှိရင်လည်း ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မလွယ်ဘူး။ ဒါကြောင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့နေရာမှာ လုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးမှုဟာ အရေးကြီးပါတယ်။ ဒါကိုလည်း နိုင်ငံတော်က ဘက်ပေါင်းစုံက ကြိုးစားပေးနေတယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒေသခံတွေကလည်း ပူးပေါင်းပါဝင်မှုအားဟာ အရေးကြီးပါတယ်။ နောက်ပြီးကျောက်ဖြူ အထူးစီးပွားရေးဇုန်ဟာလည်း အရေးပါတယ်။ ကုလားတန်မြစ် ဘက်စုံစီမံကိန်းဟာ အကောင်အထည်ပေါ်လာပြီ။ အသုံးချလို့ရပြီဆိုရင် ချင်းပြည်နယ် တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်အတွက် အင်မတန်မှ အကျိုးရှိမယ့်စီမံကိန်း ဖြစ်ပါတယ်” ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ အနေဖြင့် ရခိုင်ပြည်နယ်သို့ အောက်တိုဘာ ၁၁ ရက်ကရောက်ရှိလာခဲ့ပြီး အမ်း၊ မြောက်ဦး၊ ကျောက်တော်မြို့နှင့် စစ်တွေမြို့များတွင်လည်း အရေးပါသည့်နေရာများကိုလှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် စစ်တွေမြို့တွင် အိန္ဒိယက ဆောက်လုပ်နေသည့် ESSAR ဆိပ်ကမ်း၊ စစ်တွေပြည်သူ့ဆေးရုံ၊ ဆတ်ရိုးကျတံတားဆောက်လုပ်မှု၊ ပွိုင့်ကမ်းခြေများသို့သွား ရောက်ကြည့်ရှုခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကလည်း လက်ရှိဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များ ရှင်းလင်းတင်ပြခဲ့ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုက “ရခိုင်ပြည်နယ်ဟာ ထူးခြားတဲ့အဖြစ်အပျက်တွေရှိခဲ့အတွက် နိုင်ငံတော်အနေနဲ့ ကူညီပံ့ပိုးမှုကို အလေးထားပြီး ကျေးဇူးတင်ပါတယ်။ ရခိုင်ပြည်နယ်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တာဝန်ယူဦးဆောင်ပြီး ဆောင်ရွက်ပေးခဲ့တဲ့အတွက် ဒီနေ့အခြေအနေ အထိရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ မောင်တောဒေသအကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်လာတဲ့အတွက် ကျွန်တော်တို့မှာ ခက်ခက်ခဲခဲနဲ့ ဆောင်ရွက်ခဲ့ရတဲ့ အနေအထားရှိပါတယ်။ လုံခြုံရေးကဏ္ဍကိုလည်း အထူးဂရုတစိုက်နဲ့ ဆောင်ရွက်နေပါတယ်။ သို့သော် လုံးဝလုံခြုံစိတ်ချရတဲ့ တည်ငြိမ်အေးချမ်းတယ်လို့တော့ ပြောလို့ရတဲ့ အနေအထားတော့ မဟုတ်ပါဘူး၊ အချိန်မရွေး ပြဿနာဖြစ်လာနိုင်တာတွေ ရှိတယ်’ ဟု ရှင်းလင်းတင်ပြခဲ့သည်။















