၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကဏ္ဍအလိုက် စီးပွားရေးတိုးတက်မှု ရည်မှန်းချက်တွင် စက်မှုကဏ္ဍ၌ တိုယိုတာ ကားကုမ္ပဏီက ပြည်တွင်း၌ ထုတ်လုပ် တပ်ဆင်ရန်၊ ဆောက်လုပ်မှုကဏ္ဍ၌ ရန်ကုန် မိုးပျံလမ်းမကြီးနှင့် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် အငှားအိမ်ရာစီမံကိန်းများ ဆက်လက် တည်ဆောက်ရန် ရည်မှန်းထားကြောင်း သိရ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကဏ္ဍအလိုက် စီးပွားရေးတိုးတက်မှု ရည်မှန်းချက်တွင် စက်မှုကဏ္ဍ၌ တိုယိုတာ ကားကုမ္ပဏီက ပြည်တွင်း၌ ထုတ်လုပ် တပ်ဆင်ရန်၊ ဆောက်လုပ်မှုကဏ္ဍ၌ ရန်ကုန် မိုးပျံလမ်းမကြီးနှင့် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် အငှားအိမ်ရာစီမံကိန်းများ ဆက်လက် တည်ဆောက်ရန် ရည်မှန်းထားကြောင်း သိရ
Published 31 July 2019
နီလာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကဏ္ဍကြီးများအလိုက် စီးပွားရေး တိုးတက်မှုတွင် စက်မှုကဏ္ဍကြီး၌ တိုယိုတာ ကားကုမ္ပဏီက ပြည်တွင်း၌ ထုတ်လုပ် တပ်ဆင်ရန်၊ ကမ်းလွန် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်ရန်၊ ဆောက်လုပ်မှုကဏ္ဍတွင် ရန်ကုန်မိုးပျံလမ်းမကြီး တည်ဆောက်ရန်နှင့် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် အငှားအိမ်ရာများ ဆက်လက် တည်ဆောက်ရန် ရည်မှန်းထားကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက် စျေးနှုန်းအရ ကျပ် ၁၀၆ ဒသမ ၀၉၆ ထရီလီယံ နှင့် ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းခဲ့ရာ ပထမ ခြောက်လပတ်အတွင်း ကျပ် ၆၇ ဒသမ ၁၈၆ ထရီလီယံ ရရှိခဲ့သဖြင့် စီမံကိန်း ရည်မှန်းချက်အပေါ် ၆၃ ဒသမ ၃ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ ပုံမှန်စျေးနှုန်းအရ ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နှစ်ကုန်တွင် စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း ရရှိရန် ရည်မှန်းထားကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြောကြားခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တစ်မျိုးသားလုံး၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို နှစ်အလိုက် စျေးနှုန်းအရ ကျပ် ၁၁၉ ဒသမ ၀၂၃ ထရီလီယံရရှိရန် ခန့်မှန်းထားပြီး GDP တိုးတက်မှုနှုန်းကို ခုနစ်ရာခိုင်နှုန်း ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကဏ္ဍကြီးများအလိုက် စီးပွားရေး တိုးတက်မှုကို လယ်ယာကဏ္ဍမှ ၂ ဒသမ ၅ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှ ၈ ဒသမ ၆ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍမှ ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ဖြစ်ပေါ်ရန် ရည်မှန်းထားကြောင်း သိရသည်။

လယ်ယာကဏ္ဍတွင် ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့ တင်ပို့နိုင်ရန်၊ စျေးကွက်ဝင် အထွက်ကောင်းမျိုးစေ့ အဆင့်ဆင့် ထုတ်လုပ်ရန် ငါး၊ ပုစွန် တိုးချဲ့မွေးမြူနိုင်ရန်နှင့် နည်းပညာ အဆင့်မြှင့်တင်ရန်တို့ကို  မျှော်မှန်းထားကြောင်း သိရသည်။

စက်မှုကဏ္ဍကြီးတွင် တိုယိုတာ ကားကုမ္ပဏီမှ ပြည်တွင်း၌ ထုတ်လုပ် တပ်ဆင်ရန်၊ အထည်ချုပ်လုပ်ငန်း (CMP) နှင့် အသေးစား လုပ်ငန်းများမှ ထုတ်လုပ်မှု တိုးတက်လာရန်၊ နိုင်ငံပိုင်စက်ရုံများကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်၍ ပြည်တွင်း လုပ်ငန်းရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရန်၊ ကမ်းလွန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုများ တိုးတက်ရန်၊ ဆောက်လုပ်မှုကဏ္ဍတွင် ရန်ကုန် မိုးပျံလမ်းမကြီး တည်ဆောက်ရန်၊ သံတွဲလေဆိပ်၊ နိုင်ငံတကာနှင့် ဆက်သွယ်သော လမ်းများ၊ ပြည်ထောင်စုလမ်းများ၊ ခရိုင်ချင်းဆက် လမ်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလမ်းများ အဆင့်မြှင့်တင်ရန်နှင့် အသစ်ဖောက်လုပ်ရန်၊ တန်ဖိုးနည်း အိမ်ရာများ၊ တန်ဖိုးသင့် အိမ်ရာများ၊ အငှားအိမ်ရာ စီမံကိန်းများ ဆက်လက် ဆောင်ရွက်ရန်တို့ကို ရည်မှန်းထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဝန်ဆောင်မှုကဏ္ဍကြီးတွင် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေး ဝန်ဆောင်မှု တိုးတက်ရန်နှင့် ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းထားကြောင်းနှင့် ငွေရေးကြေးရေးကဏ္ဍတွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်း ဆောင်ရွက်ရန် ၊ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းသိမ်းနိုင်ရန် ပြည်သူတို့ လိုအပ်နေသည့် ကုန်စည်များ ထုတ်လုပ်မှု၊ စားသုံးမှု၊ ကုန်စည်စီးဆင်းမှု စသည့် နယ်ပယ်အသီးသီးက ပူးပေါင်းဆောင်ရွက်ရန် ဆောင်ရွက်မည်ဟု သိရသည်။

Most Read

Most Recent