၂၀၁၉ ခုနှစ် ဇွန်လတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၅၄ ဒသမ ၅၆ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၉ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်

၂၀၁၉ ခုနှစ် ဇွန်လတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၅၄ ဒသမ ၅၆ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၉ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်
ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များ ရောင်းချသော စျေးဆိုင်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များ ရောင်းချသော စျေးဆိုင်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 31 July 2019
စည်သူအောင်

၂၀၁၉ ခုနှစ် ဇွန်လတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၅၄ ဒသမ ၅၆ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၉ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၉ ခုနှစ် ဇွန်လအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၇၀ ဒသမ ၆၅၊ အစားအစာ မဟုတ်သော အုပ်စုအတွက် ၁၃၁ ဒသမ ၉၂ နှင့် အုပ်စုအားလုံးအတွက် ၁၅၄ ဒသမ ၅၆ ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ယခင်နှစ် ကာလတူထက် စားသုံးသူ စျေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန် ကောက်ခံသည့် အုပ်စုအားလုံးတွင် ပါဝင်သည့် ကုန်ပစ္စည်းစျေးနှုန်းများ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်လမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ တစ်နှစ်တာ ကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် ဇွန်လတွင် ၁၄၁ ဒသမ ၁၃ ရှိရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ၁၄၈ ဒသမ ၉၅ အထိမြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ် တင်ပြထားသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်မူ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းများ ကျဆင်းလာခြင်းကြောင့် ဆက်စပ် ကုန်ပစ္စည်းစျေးနှုန်းများ ကျဆင်းလာခြင်း၊ ဆန်သစ်ပေါ်ချိန်ဖြစ်၍ စျေးနှုန်းများ ကျဆင်းခြင်း၊ ဆောင်းရာသီ ဖြစ်ခြင်းကြောင့် အသီးအနှံစျေးနှုန်းများ၊ ဟင်းသီးဟင်းရွက် စျေးနှုန်းများနှင့် ကုန်ခြောက်ပစ္စည်း စျေးနှုန်းများ ကျဆင်းလာခြင်းတို့ကြောင့် စားသုံးသူစျေးဆနှုန်းမှာ အနည်းငယ် ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ၌ နိုင်ငံခြားငွေလဲနှုန်းများ ဆက်တိုက် ကျဆင်းခဲ့သော်လည်း အသား၊ ငါးနှင့် ဥစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် ရွှေစျေးနှုန်းများ မြင့်တက်နေခြင်းတို့ကြောင့် စားသုံးသူစျေးဆနှုန်း ပြန်လည် မြင့်တက်ခဲ့ရာ ဇွန်လအထိ ဆက်လက် မြင့်တက်နေသည်ကို တွေ့ရကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ် တင်ပြထားသည်။

၂၀၁၉ ခုနှစ် ဇွန်လတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူ စျေးဆနှုန်းများကို ကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီး သုံးမြို့(ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)တွင် ယခင်လနှင့် နှိုင်းယှဉ်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် မြင့်တက်ခဲ့ပြီး  လအလိုက် ပြောင်းလဲမှု ရာခိုင်နှုန်းအနေဖြင့် မွန်ပြည်နယ်တွင် ၁ ဒသမ ၄၄ ရာခိုင်နှုန်းဖြင့် အများဆုံး မြင့်တက်ခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၀ ဒသမ ၀၃ ရာခိုင်နှုန်းဖြင့် အနည်းဆုံး မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲ တွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်း ကောက်ယူခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်း အမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအစားပေါင်း ၄၃၈ မျိုး ပါဝင်ကြောင်း သိရသည်။ စားသုံးသူ စျေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာ မဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်း အမျိုးအစား ၁၆၆ မျိုး ရွေးချယ်ခဲ့ပြီး စုစုပေါင်း  ၂၇၄ မျိုးသို့ တိုးချဲ့ ကောက်ယူ တွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ဇွန်လအထိ တစ်နှစ် ပျမ်းမျှ ၈ ဒသမ ၀၈ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၉ ဒသမ ၅၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။    

 

Most Read

Most Recent