ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအတွက် တည်ဆောက်သည့် BH 101 သင်္ဘောသည် မြစ်ကြောင်းအတွင်း ၂၄ နာရီ ရေလမ်းပြအမှတ်အသားများ တပ်ဆင်ရေး၊ မီးငြိှမ်းသတ်ရေးနှင့် ကူးတို့ရေယာဉ်အနေဖြင့်ပါ ဘက်စုံအသုံးပြုနိုင်မည်ဟု သိရ

ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအတွက် တည်ဆောက်သည့် BH 101 သင်္ဘောသည် မြစ်ကြောင်းအတွင်း ၂၄ နာရီ ရေလမ်းပြအမှတ်အသားများ တပ်ဆင်ရေး၊ မီးငြိှမ်းသတ်ရေးနှင့် ကူးတို့ရေယာဉ်အနေဖြင့်ပါ ဘက်စုံအသုံးပြုနိုင်မည်ဟု သိရ
Published 28 July 2019
ရွှန်းလဲ့ဝင်း

ဧရာဝတီမြစ်ဝှမ်းဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအတွက် တည်ဆောက်သည့် BH 101 သင်္ဘောသည် မြစ်ကြောင်းအတွင်း ၂၄နာရီ ရေလမ်းပြအမှတ်အသားများ တပ်ဆင်ရေး၊ မီးငြိှမ်းသတ်ရေးနှင့် ကူးတို့ရေယာဉ်အနေဖြင့်ပါ ဘက်စုံအသုံးပြုနိုင်မည်ဖြစ်ကြောင်း အဆိုပါရေယာဉ်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားမှ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီသို့ တည်ဆောက်ရန်လုပ်ငန်း အပ်နှံသည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံသုံးရေယာဉ်သစ် BH 101 ရေယာဉ်လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို့ ဘုရင့်နောင်လမ်းရှိ မြန်မာ့သင်္ဘောကျင်း ဖက်စပ်ကုမ္ပဏီ၌ ပြုလုပ်ခဲ့သည်။

Myanmar Shipyards- AMECC Joint Venture Company Limited က တာဝန်ယူ တည်ဆောက်ခဲ့သော ဧရာဝတီမြစ်ဝှမ်းဘက်စုံသုံး ရေယာဉ်ကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအတွက် အပ်နှံတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေယာဉ်ကို အပြည်ပြည်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဂျပန်နိုင်ငံ ClassNK ၏ စစ်ဆေးမှုကို ခံယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေယာဉ်အတွင်း၌ ရေယာဉ်ဝန်ထမ်းများနှင့် ရေယာဉ်လုံခြုံရေး၊ အသက်အန္တရာယ်ကင်းရှင်းရေးတို့အတွက် အသက်ကယ်ဘောကွင်း၊ အသက်ကယ်အကျႌ၊ မီးသတ်ဆေးဘူးအမျိုးမျိုး၊ ဆက်သွယ်ရေးကိရိယာများ၊ ရေကြောင်းသွားလာမှု အချက်ပြမီးများ စုံလင်စွာ တပ်ဆင်ထားပြီး ယင်းသင်္ဘောဖြင့် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ရေကြောင်းပြဗော်ယာများကို ဝန်ဆောင်မှုပေးမည့် သင်္ဘောဖြစ်သည်။

ယင်းပြင် မြစ်တစ်ဖက်ကမ်းနှင့် တစ်ဖက်ကမ်းကို ဖယ်ရီအနေဖြင့် အသုံးပြုနိုင်ပြီး မြစ်ကြောင်းတစ်လျှောက် မီးလောင်မှု ဖြစ်ပွားပါကလည်း မီးငြိှမ်းသတ်ရန် ကူးတို့ရေယာဉ်အဖြစ်လည်း အသုံးပြုနိုင်မည့် ဘက်စုံသုံးသင်္ဘောအနေဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီမှ လက်ရှိအသစ်တည်ဆောက်နေသည့် ရေယာဉ်ကိုးစင်းရှိပြီး ပြင်ဆင်ရန် လုပ်ငန်းအပ်နှံထားသည့် သင်္ဘောလေးစင်းရှိကြောင်း မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ သတင်းရရှိသည်။

မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသည် ၁၉၇၀ ပြည့်နှစ်မှစ၍ နိုင်ငံပိုင် သင်္ဘောကျင်းတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ကာ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေပြင်ပမှ ရပ်တည်ဆောင်ရွက်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိသည်။  ယင်းနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဗီယက်နမ်နိုင်ငံ Dong A Shipbuilding Industry JSC နှင့် အကျိုးတူပူးပေါင်း၍ Myanmar Shipyards Dong A Joint Venture Company ထူထောင်နိုင်ရေးအတွက် ဖက်စပ်သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ အောက်တိုဘာမှစ၍ အဆိုပါ Myanmar Shipyards Dong A Joint Venture Company က လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် Steel Structure ထုတ်လုပ်ရေးလုပ်ငန်းများပါ တိုးချဲ့ဆောင်ရွက်နိုင်ရန် ဗီယက်နမ်နိုင်ငံ AMECC Mechanical Construction JSC က ပါဝင်ထည့်ဝင်ရင်းနှီးမြှုပ်နှံခွင့်ပြုရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြဆောင်ရွက်ခဲ့ပြီး ဖက်စပ်ကုမ္ပဏီအမည်ကိုလည်းMyanmar Shipyards- AMECC Joint Venture Company Limited ဟု ပြောင်းလဲကာ ရေယာဉ်တည်ဆောက်ရေး၊ မြစ်ကူးတံတားတည်ဆောက်ရေး၊ ရထားတံတားတည်ဆောက်ရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent