မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက်သို့ တစ်နေ့လျှင် သရက်သီးတင်ယာဉ် စီးရေ ၂၀၀ နီးပါး ပုံမှန်ဝင်ရောက်

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက်သို့ တစ်နေ့လျှင် သရက်သီးတင်ယာဉ် စီးရေ ၂၀၀ နီးပါး ပုံမှန်ဝင်ရောက်
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်
Published 2 June 2019
ထွန်းနေလှိုင် (နောင်ပိန်)

မြန်မာပြည်အလယ်ပိုင်း ဒေသ ထွက် သရက်သီးများ တရုတ်စျေးကွက် အတွင်းသို့ တင်ပို့မှုမှာ စျေးကောင်းရနေပြီး နယ်စပ်ကုန်စည်စျေးကွက် တစ်ခုဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အတွင်းသို့ တစ်နေ့လျှင် သရက်သီးတင်ယာဉ်စီးရေ ၂၀၀ ဝန်းကျင် နေ့စဉ်ပုံမှန် ဝင်ရောက်လျက် ရှိနေကြောင်း သိရသည်။

“လက်ရှိအချိန်မှာတော့ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ် ရေးစျေးကွက်အတွင်းက သစ်သီးစျေးကွက်ထဲကို မန္တလေးဘက်က သရက်သီးတွေ အဝင်များနေဆဲပါ။ သရက်သီးတင်ယာဉ်က တစ်ရက် တစ်ရက်ဝင်တဲ့ ယာဉ်စီးရေက အရင်လကထက်ကို ပိုများပါတယ်။ အရင်လက တစ်ရက်ကို ယာဉ်စီးရေ တစ် ာကျော်ဝင်တယ်။ ဒီလအတွင်းမှာတော့ တစ်ရက်ကိုယာဉ်စီးရေ နှစ်ရာနီးပါး ပုံမှန်ဝင်ရောက်ပါတယ်” ဟု မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အရှေ့မြောက်တံခါးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဦးကျော်ကျော်လှိုင်က ပြောကြားသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်ရှိ သရက်သီးစျေးကွက်အတွင်းသို့ ရှမ်းပြည်ဒေသထွက် စိန်တစ်လုံး သရက်သီးများ စတင်ဝင်ရောက်လာပြီး မြန်မာပြည် အလယ်ပိုင်းဒေသထွက် ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြား ငမောက်၊ ရွှေတောင်၊ ရွှေဖလား သရက်မျိုးများ ဝင်ရောက်ကြောင်း သိရသည်။

“ဒီတစ်နှစ် သရက်သီးစျေးတွေ ကောင်းနေပါတယ်။ လောလောဆယ် သရက်သီးထည့်တဲ့ခြင်းတွေ ပြတ်လပ်မှုက သရက်သီးအဝင်ကို ထိန်းပေးလိုက်သလိုပါပဲ။ သရက်သီးစျေးတွေ နည်းနည်းပြန်တက်လာတယ်။ စိန်တစ်လုံး အိတ်စွပ်ဆိုရင် အနိမ့်စျေး ၈၀ ယွမ်ကနေ အမြင့်စျေး ၁၅၀ ယွမ်၊ အိတ်လွတ်ဆိုရင် အနိမ့် စျေး ၇၅ ယွမ်ကနေ အမြင့်စျေး ၉၀ ယွမ်၊ရွှေဟင်္သာ အိတ်စွပ် အနိမ့်စျေး ၉၀ ယွမ်ကနေ အမြင့်စျေး ၁၇၀ ယွမ်၊ ရင်ကွဲသရက်သီးက အိတ်စွပ် အနိမ့် စျေး ၆၀ ယွမ်ကနေ အမြင့်စျေး ၈၀ ယွမ်အထိ စျေးရနေပါတယ်” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည် စျေးကွက် အတွင်းရှိ ခွာညိုသစ်သီးပွဲရုံမှာ ဦးစိုင်းခင်မောင်က ပြောကြားသည်။

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးကုန်စည်စျေးကွက် အတွင်းသို့ မေလအတွင်း သရက်သီးကား ၄၅၀၂ စီးမှ သရက်သီးတန် ချိန် ၂၇၀၂၄ တန်၊ ဖရဲသီးကား ၈၅၇ စီးမှ ဖရဲသီးတန်ချိန် ၁၀၁၃၇ ဒသမ ၅ တန်၊ သခွားမွှေးကား ခြောက်စီးမှ သခွားမွှေးတန်ချိန် ၅၈ တန်၊ ကန်စွန်းဥ ကားသုံးစီးမှ ကန်စွန်းဥ ၄၈၀ တန် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent