လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်အတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှုဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၈၀ ကျော်လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်အတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှုဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၈၀ ကျော်လျော့ကျ
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 14 May 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်အတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှုတန်ဖိုး ဒေါ်လာ ၂ ဒသမ၂ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၈၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“စက်သုံးဆီတင်သွင်းမှုက အရင်နှစ် ကာလတူထက် လျော့တယ်။ မနှစ်ကထက် အမေရိကန်ဒေါ်လာ ၂၈၈ ဒသမ ၈၄၅ သန်းအထိ လျော့ကျတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ မေလ ၃ရက်အထိ ခုနစ်လ ကျော်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု အမေရိကန်ဒေါ်လာ ၂ ဒသမ၂၃၅ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာတူတွင်မူ ၂ ဒသမ ၅၂၄ ဘီလျံကျော်အထိ တင်သွင်းထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်အတွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၂၈၈ ဒသမ ၈၄၅ သန်းအထိ လျော့ကျခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ မေ ၁၃ ရက်တွင် ဒီဇယ်တစ်လီတာ (လက် လီ) ၉၅၅ ကျပ်မှ ၁၀၁၀ ကျပ်၊ (လက်ကား) ၉၀၅ ကျပ်မှ ၉၁၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီလာ(လက်လီ) ၉၆၅ ကျပ်မှ ၁၀၁၀ ကျပ်၊ (လက်ကား) ၉၂၀ ကျပ်မှ ၉၃၀ ကျပ် အထိရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)  မှထုတ်ပြန်ထားသည့် စျေးနှုန်းများအရ သိရသည်။

မေ ၁၃ ရက်တွင် အောက်တိန်း 92 Ron  တစ်လီတာ (လက်လီ) ကျပ် ၈၅၀ မှ ကျပ် ၉၀၀၊ (လက်ကား) ၈၄၅ ကျပ်မှ ၈၅၀ ကျပ်နှင့် အောက်တိန်း 95 Ron တစ်လီတာ (လက်လီ) ကျပ် ၉၂၀ မှ ကျပ် ၉၇၀၊ (လက် ကား) ၈၈၅ ကျပ်မှ ကျပ် ၈၉၀ အထိရှိကြောင်း MPTA ၏ ထုတ်ပြန်ထားသည့် စျေးနှုန်းများအရ သိရသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်း ကမ္ဘာ့ရေနံစျေးနှုန်း သုံးရာခိုင်နှုန်းကျော် ပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ သိသိသာသာ လိုက်ပါကျဆင်းမှုမရှိဘဲ ယခင်ဖြစ်ပေါ်နေသော အမြင့်စျေးအတိုင်း ဆက်လက်ရှိနေခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရ သိရသည်။

ကမ္ဘာ့ရေနံစျေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့သော်လည်း မေ ၁ ရက်တွင် ၆၃ ဒေါ် လာဝန်းကျင်နှင့် မေ ၇ ရက်တွင် ၆၁ ဒေါ်လာဝန်းကျင်အထိ တစ်ပတ်အတွင်း သုံးရာခိုင်နှုန်းကျော် ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါရက်သတ္တပတ်အတွင်း ဒီဇယ်နှင့် ပရီမီယံစျေးနှုန်းကိုသာ တစ်လီတာ ၁၀ ကျပ်လျှော့ချခဲ့ပြီး 92 Ron နှင့် 95 Ron စျေးနှုန်းများကို မေလဆန်းက မြှင့်တင်ခဲ့သည့် စျေးနှုန်းများအတိုင်း မေ ၉ ရက်အထိ ရောင်းချခဲ့သည်။

ပြည်တွင်းစက်သုံးဆီစျေးသည် ဇန်နဝါရီလဆိုးမှ မတ်လဆန်းအထိ ငါးလဝန်းကျင်အတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ကျပ် ၂၄၀ အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီ အမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၄ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။