ကျွန်တော်တို့ မှီတင်းနေထိုင်ရာ ဤကမ္ဘာကြီးပေါ်မှာ တစ်ခုသော အချိန်ကာလက ကြည်ညိုဖွယ်ကောင်းလှသော မင်းကောင်းမင်းမြတ်တစ်ပါး ပေါ်ထွက်လာခဲ့ဖူးပါသည်။ အဆိုပါမင်းသည် ဒဏ္ဍာရီပုံပြင်များထဲမှ စိတ်ကူးပေါ်ထွက်လာသော စံပြဘုရင်တစ်ပါး မဟုတ်ပါ။ အိန္ဒိယပြည်ဝယ် ‘အသောက’ ဟူ၍လည်းကောင်း၊ ‘ဓမ္မာသောက’ ဟူ၍လည်းကောင်း၊ ကျောင်းတိုက်ပေါင်းရှစ်သောင်း လေးထောင်၊ စေတီတော်ပေါင်းရှစ်သောင်းလေးထောင် တည်ခဲ့သော ‘သာသနာပြုမင်း’ ဟူ၍လည်းကောင်း ထင်ပေါ်ကျော်ကြား ဂုဏ်ရှိန်ကြီးမားစွာ အဟုတ်တကယ် ပေါ်ထွက်လာခဲ့ဖူးသည် ဘုရင်တစ်ပါးပင် ဖြစ်ပါသည်။
အသောကမင်း၏ ဘိုးတော်မှာ ‘စန္ဒဂုတ္တမင်း’ ဖြစ်ပြီး ခမည်းတော်မှာ ‘ဗိန္ဒုသာရမင်း’ ဖြစ်ပါသည်။ ခမည်းတော် နတ်ရွာစံသည့်အခါ အသောကသည် အဖေတူ အမေကွဲညီတော် နောင်တော် ၉၉ ယောက်ကို လုပ်ကြံသတ်ဖြတ်ပြီး ဘီစီ ၂၇၃ တွင် မာဂတိုင်းထီးနန်းကို စိုးစံတော်မူခဲ့ပါသည်။ အသောကသည် အိန္ဒိယတိုင်းကြီး တစ်ခုလုံးကို သူ့လက်အောက်အတွင်းသို့ သိမ်းသွင်းကာ ဧကရာဇ်မင်းဖြစ်လိုသော ဆန္ဒပြင်းပြသူဖြစ်သည်။ ဤသို့ဖြင့် ပြည်နယ်တွေ တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်လာခဲ့ရာ နန်းစံသက် ရှစ်နှစ်ပြည့်ချိန်တွင် ကလင်္ဂတိုင်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါသည်။ သို့သော် ကလင်္ဂစစ်ပွဲသည် နှစ်ဖက်အသေအကျေအများဆုံး စစ်ပွဲတစ်ခုဖြစ်ခဲ့ပြီး လူတစ်သိန်းငါးသောင်းကို သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သလို လူတစ်သိန်းနီးပါး စစ်မြေပြင်မှာ အသတ်ခံခဲ့ရသည်။ ထိုမျှ လူပေါင်းမြောက်မြားစွာ သေကြေပျက်စီးဆုံးရှုံးရသည်ကို အသောကမင်း ကြားသိလိုက်ရသောအခါ များစွာစိတ်မချမ်းမသာဖြစ်ကာ သတိသံဝေဂရသွားလေသည်။ ‘စစ်’ ဆိုသော အရာကို အမုန်းကြီးမုန်းကာ သိမ်းပိုက်စရာ ကျန်သေးသည့် အိန္ဒိယတောင်ပိုင်းမှ ပြည်ငယ်ကလေးကိုပင် ဆက်မတိုက်တော့ဘဲ ချန်ထားရစ်ခဲ့သည်။