မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အင်စတီကျု (MIPS) နှင့် Plan International တို့၏ အကူအညီဖြင့် ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ တောင်ငူတက္ကသိုလ်နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်များမှ ငြိမ်းချမ်းရေး လိုလားသော ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (အသွင်တူဆောင်ရွက်ခြင်း) ကို နိုဝင်ဘာတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံအစည်းအဝေးများကို ကျင်းပနေပြီး ထိုညီလာခံနှင့် အလားသဏ္ဌာန်တူညီသည့် ညီလာခံတစ်ခုကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (အသွင်တူဆောင်ရွက်ခြင်း) အမည်ဖြင့် ပြုလုပ်မည်ဖြစ်ကာ ယင်းနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်ခဲ့သည်။
“ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ သဘောတရားကတော့ ငြိမ်းချမ်းရေးဖြစ်စဉ် တကယ်အကောင်အထည်ဖော်ပြီးတော့ အသီးအပွင့်တွေ ပွင့်လာတဲ့အချိန်မှာ လုပ်ခဲ့တဲ့လူ၊ ပါခဲ့တဲ့ လူတွေကလည်း ရှိချင်မှလည်းရှိတော့မှာ။ တကယ်တမ်း ဒီငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်ပြီးတော့ အကောင်အထည် ဖော်သွားရမယ့် ဆက်လက်ပြီးတော့ ဆောင်ရွက်သွားရမယ့်သူတွေကတော့ ဒီနေ့လူငယ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူငယ်တွေအနေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ် ဆောင်ရွက်နေတဲ့ အချိန်မှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုမျိုး အခက်အခဲတွေ ရှိတယ်။ ဘယ်လိုစိန်ခေါ်မှုတွေ ရှိတယ်။ ဘာကြောင့် လုပ်ရတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တဲ့ အစုအဖွဲ့ အသီးသီးက ဘယ်လိုတွေ စဉ်းစားကြတယ်ဆိုတဲ့ ဒီစဉ်းစားချက်တွေ၊ တွေးခေါ်မှုတွေ၊ ယူဆချက်တွေ၊ စိန်ခေါ်ချက်တွေ၊ ဘာကြောင့်မို့လို့ ဘယ်လိုညှိရတယ်။ ဘယ်နေရာမှာတော့ ဘယ်လိုအလျှော့ပေးခဲ့ရတယ်။ ဘယ်လိုနေရာမှာတော့ လျှော့လို့မရဘူးစတဲ့ ဒါတွေကို နားလည်ခြင်းအားဖြင့် တစ်ချိန်မှာ လူငယ်တွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သူတို့ကိုယ်တိုင် အကောင်အထည် ဖော်ရတော့မယ့် အနေအထား ရောက်လာရင် ဒီလုပ်ငန်းတွေနဲ့ ပိုပြီးတော့လည်း သူတို့ရင်းနှီးကျွမ်းဝင်မှု ရှိလာမယ်။ ပိုပြီးတော့ နားလည်လာနိုင်တယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့လည်း ကျွန်တော်တို့အနေနဲ့ လူငယ်တွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာရေးဆိုတာကို အားပေးကူညီခဲ့တာ ဖြစ်ပါတယ်” ဟု MIPS ၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံသား လူငယ်လူရွယ်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် နားလည်သိရှိမှုကို မြှင့်တင်ပေးရန်၊ လူငယ်လူရွယ်များ အနေဖြင့် ညှိနှိုင်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ မတူကွဲပြားသော ရပ်တည်ချက်များ၊ အကျိုးစီးပွား မျှော်မှန်းချက်များ၊ လိုအပ်ချက်များကို သိမြင်နားလည်မှု ရရှိလာစေရန် ရည်ရွယ်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (အသွင်တူဆောင်ရွက်ခြင်း) ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ညီလာခံကျင်းပခြင်းဖြင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ ဒေသအသီးသီးတွင် နေထိုင်ပြီး မတူကွဲပြားသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်း အသီးသီးကို ကျင့်သုံးကြသည့် တိုင်းရင်းသား လူငယ်လူရွယ်များအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်မှု မြင့်မားလာစေရန် မျှော်မှန်းထားကြောင်းလည်း တော်ဝင်နှင်းဆီတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
ညီလာခံသို့ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်နှင့် ကောလိပ်အသီးသီးတွင် ပညာသင်ယူနေသော အသက် (၁၇) နှစ်မှ (၂၄) နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်၍ အရည်အချင်းပြည့်မီသည့် ကျောင်းသား၊ ကျောင်းသူများကို စည်းမျဉ်းစည်းကမ်းနှင့်အညီ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
အရည်အချင်း သတ်မှတ်ချက်များအဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိတ်ပါဝင်စားမှု၊ ညီလာခံတွင် ကျရာအခန်းကဏ္ဍမှ ကိုယ်စားပြုဆွေးနွေးနိုင်မှု စသည့်အချက်များ ပါဝင်ပြီး ရွေးချယ်ခံရသူများကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (အသွင်တူဆောင်ရွက်ခြင်း) ကျင်းပရေးကော်မတီက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ပဋိပက္ခဖြေရှင်းခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး သင်တန်းများ ကြိုတင်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (အသွင်တူဆောင်ရွက်ခြင်း) အား လာမည့်နိုဝင်ဘာတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်ရန် လျာထားပြီး ယင်းညီလာခံသို့ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။















