စာနယ်ဇင်း လွတ်လပ်ခွင့်ဟူသည်

စာနယ်ဇင်း လွတ်လပ်ခွင့်ဟူသည်
Published 8 October 2018

စာနယ်ဇင်းလွတ်လပ်ခွင့် သို့မဟုတ် မီဒီယာ လွတ်လပ်ခွင့်ဟူသည် ပုံနှိပ် သို့မဟုတ် အီလက်ထရွန်နစ်မီဒီယာများ အထူးသဖြင့် ထုတ်ဝေဖြန့်ချိသည့်အရာများ အပါအဝင် မီဒီယာအမျိုးမျိုးမှတစ်ဆင့် ဆက်သွယ်ဖော်ပြမှုများကို လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့်ရှိကြောင်း သတ်မှတ်သင့်သည်ဟူသည့် သဘောတရားစည်းမျဉ်းဖြစ်သည်။ ယင်းကဲ့သို့သော လွတ်လပ်ခွင့်အပေါ် နိုင်ငံတော်က ဝင်ရောက်စွက်ဖက် နှောင့်ယှက်မှု ကင်းမဲ့ရေးကို ရည်ညွှန်းပြီး အဆိုပါ လွတ်လပ်ခွင့်အား ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာနှင့် အခြားဥပဒေဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများမှတစ်ဆင့် ထိန်းသိမ်းပေးရမည်ဟူ၍ ဖြစ်သည်။

သို့သော် အစိုးရအနေဖြင့် မည်သည့်အရာများကို အများပြည်သူထံသို့ ထုတ်ဖော်ရမည်ဖြစ်ပြီး မည်သည့်အရာများကို အများပြည်သူထံသို့ ထုတ်ဖော်ခြင်းမှ ကာကွယ်စောင့်ရှောက်ရမည်ဟူ၍ ခွဲခွဲခြားခြား သတ်မှတ်ထားပေးပါက အစိုးရနှင့်ဆိုင်သော အချက်အလက်များကို လေးစားရမည်ဖြစ်သည်။ နိုင်ငံတော်နှင့်ဆိုင်သော အချက်အလက်များကို အကြောင်းရင်းနှစ်ရပ်ထဲမှ တစ်ရပ်ရပ်ကြောင့် ကာကွယ် စောင့်ရှောက်သင့်ခြင်းဖြစ်သည်။ ယင်းမှာ ထိရှလွယ်သည်ဟု သတ်မှတ်ထားသော အချက်အလက်များနှင့် လျှို့ဝှက်အဆင့် သတ်မှတ်ထားသော အချက်အလက်များဖြစ်သည်။ ယင်းတို့မှာ နိုင်ငံတော်၏အကျိုးစီးပွားအား ကာကွယ် စောင့်ရှောက်ရန် လိုအပ်သည့် အချက်အလက်များ ဖြစ်သည်။ အစိုးရအဖွဲ့ များစွာတို့သည် အချက်အလက်များနှင့်ပတ်သက်၍ နိုင်ငံတော်အကျိုးစီးပွားဆိုင်ရာ သတ်မှတ်ချက်ခွင်အား ရှင်းရှင်းလင်းလင်း သတ်မှတ်ထားကြသည်။

ကုလသမဂ္ဂ၏ ၁၉၄၈ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၌လည်း “လူတိုင်း၌ လွတ်လပ်စွာ ထင်မြင်ချက်ပေးပိုင်ခွင့်နှင့် ဖော်ထုတ်ပြသပိုင်ခွင့် ရှိသည်။ ယင်းအခွင့်အရေးတွင် စွက်ဖက်နှောင့်ယှက်မှုမရှိဘဲ ထင်မြင်ချက်ကို ဆုပ်ကိုင်ထားပိုင်ခွင့်နှင့် မည်သည့်မျက်နှာစာများ၌ဖြစ်စေ မည်သည့်မီဒီယာမှတစ်ဆင့်မဆို အချက်အလက်များနှင့် စိတ်ကူးစိတ်သန်းများကို ရှာဖွေခွင့်၊ လက်ခံခွင့်နှင့် ဖန်တီးပေးအပ်ပိုင်ခွင့် ပါဝင်သည်” ဟူ၍ ဖော်ပြထားသည်။

(၁၁) ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာ ၆ ရက်တွင် NHK သတင်းဌာနက သီးသန့်တွေ့ဆုံ မေးမြန်းမှုတစ်ရပ် ပြုလုပ်ရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၌ စာနယ်ဇင်းလွတ်လပ်ခွင့် များစွာရှိသည်ဟု ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံမှာ စာနယ်ဇင်း လွတ်လပ်ခွင့်များစွာရှိတယ်လို့ ကျွန်မထင်ပါတယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အဆင့် ၁၃၇ ဖြင့် အနီရောင်အဆင့်၌သာ ရှိသေးသည်။ RSF ၏ အဆိုပါ အညွှန်းကိန်း ထုတ်ပြန်ချက်တွင် ယခုကဲ့သို့လည်း သုံးသပ်ဖော်ပြထားသည်ကို တွေ့ရသည်။ “NLD ရဲ့ ရွေးကောက်ပွဲ အနိုင်ရရှိမှုပြီးတဲ့နောက် မြန်မာဂျာနယ်လစ်တွေက သူတို့အနေနဲ့ အစိုးရ ဒါမှမဟုတ် တပ်မတော်ကို ဝေဖန်တဲ့အတွက် ဖမ်းဆီးခံရမှာ ဒါမှမဟုတ် ထောင်ချခံရမှာကို ဘယ်တော့မှထပ်ပြီး ကြောက်ရတော့မှာ မဟုတ်ဘူးလို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ မီဒီယာလွတ်လပ်ခွင့်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ် မဟုတ်ဘူးဆိုတာ ရှင်းနေတာပါပဲ။ ၂၀၁၇ ခုနှစ်အတွင်းမှာ ဂျာနယ်လစ် ၂၀ လောက် တရားစွဲခံရပြီး အများအပြားက ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) အောက်မှာပါ။ အဲဒီပုဒ်မက အွန်လိုင်းအသရေဖျက်မှုကို ရာဇဝတ်မှုဖြစ်အောင် လုပ်ထားတာပါ။ အာဏာပိုင်တွေ အထူးသဖြင့် တပ်မတော်ကို ထိခိုက်စေနိုင်တဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ကိုယ့်ဘာသာ ဆင်ဆာဖြတ်မှုကို ကျင့်သုံးရပါတယ်” ဟု RSF က သုံးသပ်ထားသည်။

မည်သို့ပင်ဆိုစေကာမူ စာနယ်ဇင်း လွတ်လပ်ခွင့်သည် အခြေခံလူ့အခွင့်အရေးတစ်ရပ် ဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုဆိုင်ရာ အညွှန်းကိန်းတစ်ရပ်လည်း ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent