၁၇ နှစ်ကြာမြင့်လာပြီဖြစ်သော အာဖဂန်စစ်ပွဲအား အဆုံးသတ်နိုင်ရန်အတွက် နည်းလမ်းများကို ဆွေးနွေးရန် အမေရိကန် ချမ်းငြိမ်းရေးသံတမန် ဇယ်မေခါလီဇက်က အာဖဂန်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့စဉ် လာမည့်ပါလီမန် ရွေးကောက်ပွဲကာလအတွင်း အာဖဂန်အစိုးရလုံခြုံရေးတပ်များကို ပစ်မှတ်ထား တိုက်ခိုက်မည်ဟု တာလီဘန်အဖွဲ့က အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုရွေးကောက်ပွဲသည် ယုတ်မာသော အမေရိကန် လျှို့ဝှက်ပူးပေါင်းကြံစည်မှုဖြစ်ကြောင်း ခိုင်းနှိုင်းလျက် စစ်သွေးကြွများသည် အောက်တိုဘာ ၂၀ ရက်တွင် ကျင်းပရန် စီစဉ်ထားသော ကာလရှည်ကြာ နှောင့်နှေးခဲ့သည့် ရွေးကောက်ပွဲများကို နှောင့်ယှက်ရန် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟူလာမူဂျာဟစ်က ပြောကြားခဲ့သည်။ ထိုရွေးကောက်ပွဲ လုပ်ငန်းစဉ်အား အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် လုံခြုံရေး ထောက်ပံ့ပေးရန် ကြိုးပမ်းသူများသည် ပစ်မှတ်ထားခံရမည်ဖြစ်ပြီး ရွေးကောက်ပွဲအား ဟန့်တားရန်နှင့် ပျက်ပြားစေရန်အတွက် မဖြစ်မနေ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မူဂျာဟစ်က အင်္ဂလိပ်ဘာသာဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
၂၀၀၁ ခုနှစ်တွင် အမေရိကန် ဦးဆောင်သော ကျူးကျော်မှုဖြင့် ရာထူးမှ ဖြုတ်ချခံခဲ့ရသည့် အာဖဂန်၏ အကြီးဆုံး စစ်သွေးကြွအဖွဲ့ တာလီဘန်သည် အာဖဂန်အစိုးရနှင့် ၎င်း၏ အပြည်ပြည်ဆိုင်ရာ ထောက်ပ့ံသူများကို ပုံမှန်အားဖြင့် လှုံ့ဆော်ပြီး အတိသယဝုတ္တိဆန်သော ကြေညာချက်များ ထုတ်ပြန်လေ့ရှိသည်။ သို့သော် လာမည့်နှစ် သမ္မတရွေးကောက်ပွဲအတွက် အရေးပါသော ကြိုတင်ပြင်ဆင်မှုဟု ရှုမြင်ခံရသည့် ပါလီမန် ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာအလိုတွင် ထိုကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သောလတွင် ငြိမ်းချမ်းရေ သံတမန်အဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ခါလီဇက်သည် အာဖဂန် ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးစဉ် တာလီဘန်တို့က ယင်းကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။ အာဖဂန်ဖွား ခါလီဇက်အား ကြိုဆိုခဲ့သော အာဖဂန်ဝန်ကြီးချုပ်ရာထူးနှင့် ညီမျှသည့် အမှုဆောင်ချုပ် အဗ္ဗဒူလာ အဗ္ဗဒူလာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပိုမိုအာရုံစိုက်လျှင် အောင်မြင်မှုရရှိရန် အခွင့်အလမ်း ပိုမိုကောင်းမွန်သည်ဟု ယုံကြည်ကြောင်း အောက်တိုဘာ ၈ ရက်တွင် ရုပ်သံမှတစ်ဆင် ပြောကြားခဲ့သည်။
အာဖဂန်၊ အီရတ်နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ထမ်းဆောင်ခဲ့ဖူးသည့် ခါလီဇက်သည် ပါကစ္စတန်၊ ယူအေအီး၊ ဆော်ဒီအာရေဗျနှင့် ကာတာတို့လည်း ပါဝင်သည့် ၁၀ ရက်ကြာ ဒေသတွင်း ခရီးစဉ်ကို ထွက်ခွာနေခြင်းဖြစ်သည်။ အာဖဂန်ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆွေးနွေးရန်အတွက် ခါလီဇက်သည် အာဖဂန်သမ္မတ အက်ရှ်ရစ်ဂါနီနှင့် အခြားထိပ်တန်းခေါင်းဆောင်များကို အောက်တိုဘာ ၇ ရက်ညတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဂါနီ၏ရုံးက ထုတ်ပြန်ခဲ့သည်။
တာလီဘန်နှင့် ဆွေးနွေးနိုင်ရန် အာဖဂန်အစိုးရနှင့် နိုင်ငံတကာက အရှိန်မြှင့် ကြိုးပမ်းနေသည်။















