'ဒီဒေသရဲ့ တရားဥပဒေ စိုးမိုးရေးအခြေအနေက စိုးရိမ်စရာ အနေအထားရောက်နေပြီ ...'
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ ဇွန် ၂၀ ရက်က အကြမ်းဖက်သင်တန်းပေးနေတဲ့ စခန်းတစ်ခုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ် မတိုင်မီကလည်း မောင်တောမှာ လမ်းလျှောက်စကားပြောစက် အလုံး ၄၀ မိတာတွေ၊ လက်လုပ်မိုင်းသင်တန်းပေးနေချိန် မိုင်းပေါက်ကွဲမှုဖြစ်ပွားတဲ့ ဖြစ်စဉ်မှာ နိုင်ငံခြားသားတွေအပြင် မော်လဝီဆရာတွေလည်း ပါနေတဲ့အတွက် စိုးရိမ်စရာအနေအထားကို ရောက်လာပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ် အောက်တိုဘာ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်း မောင်တောမှာ ဆက်တိုက်ဆိုသလို သတ်ဖြတ်ခံရမှု၊ ဖမ်းဆီး ခေါ်ဆောင်သွားမှုတွေကြောင့် ပျောက်ဆုံးသူတွေ ရှိလာပါတယ်။ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ ၂၀၁၆ ခုနစ် အောက်တိုဘာကနေ ၂၀၁၇ ခုနစ် ဇွန် ၃၀ ရက်အထိ အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့် အပြစ်မဲ့ပြည်သူ ၄၁ ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သူတွေရဲ့ ဖမ်းဆီးခေါ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂၃ ဦး ပျောက်ဆုံးနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကနေ ဇူလိုင် ၁ ရက်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် မောင်တောဒေသမှာ အကြမ်းဖက် ဖြစ်ပွားလာမှုတွေနဲ့ ပတ်သက်လို့ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာ အကြမ်းဖက်မှုတွေကို လေ့လာနေတဲ့ သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့ တည်ထောင်သူနဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဆွေဦးနဲ့ ဆက်သွယ် မေးမြန်းခဲ့တာတွေကို ကောက်နုတ် ဖော်ပြလိုပါတယ်။
■ မေး - ပြီးခဲ့တဲ့ မေလတုန်းက ဖိလစ်ပိုင်တောင်ပိုင်းက မာရာဝီမြို့ကို IS စစ်သွေးကြွတွေက သိမ်းပိုက်ပြီး နောက်ပိုင်း အရှေ့တောင်အာရှဒေသကို IS တွေက ပစ်မှတ်ထားလာတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒီအပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ - အရှေ့တောင်အာရှဒေသကို IS တွေက ပစ်မှတ်ထားလာတယ်ဆိုတာ မှန်ပါတယ်။ ၂၀၁၆ ထဲမှာ IS တွေက အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ ဆီးရီးယား၊ အီရတ်၊ အီဂျစ်၊ အာဖကန်နစ္စတန်စတဲ့ နေရာတွေမှာ သူတို့က တော် တော်များများ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်။ သူတို့က အဲဒီမြေပြင်တွေကို လက်လွှတ်ဆုံးရှုံး ခဲ့ရပေမယ့်လည်း အာဖရိကရယ်၊ တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတွေရယ် နောက်ပြီးကျတော့ ဥရောပတိုက်မှာရှိတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ သူတို့က နယ်မြေသစ်တွေကို တွေ့ထားတယ်လို့ ကျွန်တော်တို့ လေ့လာမိပါတယ်။ IS တွေက အင်အားနည်းတဲ့ နိုင်ငံတွေအပေါ် အုပ်စုတူတဲ့ နေရာတွေကို ဝင်ရောက်ရှာဖွေတယ်။ အဲဒီ ဒေသတွေမှာရှိတဲ့ ဒေသတွင်း ပဋိပက္ခတွေမှာ သူတို့က ဝင်ရောက်အမြစ်တွယ်ပြီးတော့မှ အကြမ်းဖက် လုပ်ရပ်တွေကို လုပ်ဆောင်လေ့ရှိတယ်။ အရှေ့အလယ်ပိုင်းမှာ IS တွေ ပြိုကွဲပြီးတော့မှ စစ်ရှိန်လျော့လာတဲ့အခါ အဲဒီမှာ သွားရောက် တိုက်ခိုက်နေတဲ့ အရှေ့တောင်အာရှက စစ်သွေးကြွ တိုက်ခိုက်ရေးသမားတွေရှိတယ်။ သူတို့ကလည်း သူတို့ရဲ့ မူရင်းဒေသတွေကို ပြန်လာနေတယ်။ အခုဆိုရင် ဖိလစ်ပိုင်နိုင်ငံ မက်ဒါနာအို ဒေသဟာဆိုရင်လည်း အာရှပစိ ဖိတ်ဒေသရဲ့ အကြမ်းဖက်မှုတွေရဲ့ ဗဟိုချက်တစ်ခုတော့ ဖြစ်လာနေတယ်။ မေ ၂၄ ရက်မှာလည်း IS တွေက ဖိလစ်ပိုင်နိုင်ငံ မက်ဒါနာအို ပြည်နယ်မှာရှိတဲ့ မာရာဝီမြို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့တာ တွေ့ရတယ်။ မာရာဝီဆိုတာ ကလည်း လူဦးရေ နှစ်သိန်းလောက်နေထိုင်တဲ့ မြို့ကြီးပေါ့။ အခုချိန်ထိလည်း ဖိလစ်ပိုင် တပ်မတော်ကပြန်ပြီးတော့ သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေဆဲဆိုတာကို ကျွန်တော်တို့ သိရှိရပါတယ်။ အဲဒီအတွက် ဒီအချက်တွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် အရှေ့တောင်အာရှဒေသမှာ IS တွေက ခြေကုပ်ရဖို့အတွက် ပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်ဆိုတာကို ကျွန်တော်တို့ သုံးသပ်မိပါတယ်။















