စစ်တပ်၊ လျှို့ဝှက်ထောက်လှမ်းရေးတို့နှင့် ကာလရှည်ကြာ ဆက်နွှယ်နေကြသည့် ရုရှားဟက်ကာများ

စစ်တပ်၊ လျှို့ဝှက်ထောက်လှမ်းရေးတို့နှင့် ကာလရှည်ကြာ ဆက်နွှယ်နေကြသည့် ရုရှားဟက်ကာများ
အောက်တိုဘာ ၄ ရက်တွင် အမေရိကန် တရားရေးဌာန၌ ရုရှားဟက်ကာများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (Photo : AP)
အောက်တိုဘာ ၄ ရက်တွင် အမေရိကန် တရားရေးဌာန၌ ရုရှားဟက်ကာများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (Photo : AP)
Published 7 October 2018

ဆိုဗီယက်ခေတ်အတွင်းက နိုင်ငံ၏ ထိပ်တန်းကွန်ပျူတာ သိပ္ပံပညာရှင်များနှင့် ပရိုဂရမ်မာအများ အပြားသည် အစိုးရ၏ လျှို့ဝှက်ထောက်လှမ်းရေးတို့အတွက် အလုပ်လုပ်ပေးခဲ့ကြသည်။

ထိုထုံးစံသည် သမ္မတဗလာဒီမာပူတင် လက်ထက်တွင် ပြန်စနေဖွယ်ရပြီး လက်ရှိတွင်လည်း ရုရှားသည် ကမ္ဘာအနှံ့၌ ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသည်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်၌ရှိသော ကမ္ဘာ့ဓာတုလက်နက် စောင့်ကြည့်ရေးအဖွဲ့ကို ဆိုက်ဘာ  တိုက်ခိုက်မှုလုပ်ရန် GRU စစ်ဘက်ထောက်လှမ်းရေး အေဂျင်စီမှ ရုရှားလေးဦးက ကြိုးပမ်းခဲ့ကြသည်ဟု ဒတ်ချ်အစိုးရ အရာရှိများက အောက်တိုဘာ ၄ ရက်တွင် စွပ်စွဲခဲ့သည်။ ထိုအေဂျင်စီသည် ရုရှားနှစ်ဘက်ချွန်သူလျှို ဆာဂေးဆက်ကရီပါးကို သေစေနိုင်လောက်သည့် အဆိပ်ဖြင့် တိုက်ခိုက်ခံရမှု၊ ရုရှားမဟာမိတ် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်က ဓာတုလက်နက်ဖြင့် တိုက်ခိုက်သည်ဆိုသော စွပ်စွဲမှု နှစ်ခုစလုံးကို စုံစမ်းစစ်ဆေး နေခြင်းဖြစ်သည်။

ရုရှား၏ မြင့်တက်လာသော ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ပထမဆုံး စွပ်စွဲပြောကြား ကြသူများမှာ ဘော်လ်တစ်နိုင်ငံများ ဖြစ်ကြပြီး ၂၀၀၇ ခုနှစ်က ၎င်းတို့၏ ဝက်ဆိုက်များ ကျသွားစေရန် တိုက်ခိုက်ခံရသည်ဟု ဆိုကြသည်။ အက်စ်တိုးနီးယား၏ ပြောကြားချက်အရ ထိုကဲ့သို့ တိုက်ခိုက်မှုထဲမှ တစ်ခုကြောင့် ၎င်းတို့နိုင်ငံ၏ အဓိက အရေးပေါ် ဝန်ဆောင်မှု ဖုန်းလိုင်းသည် တစ်နာရီကျော်ကြာ ပြတ်တောက် သွားခဲ့သည်ဟု သိရသည်။

ထိုအချိန်မှစပြီး ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်သည်ဟု ရုရှားအား စွပ်စွဲမှုများသည် တစ်ဟုန်ထိုး များပြားလာခဲ့သည်။

Fancy Bear၊ APT 28၊ Sofacy အစရှိသဖြင့် အမျိုးမျိုးသော အမည်တို့ရှိကြသည့် ရုရှားဟက်ကာ အုပ်စုများသည် GRU နှင့် ဆက်စပ်နေကြသည်။ ထို့ပြင် ထိုအုပ်စုတို့သည် KGB ၏ ဆက်ခံသူဖြစ်သော FSB လျှို့ဝှက်ထောက်လှမ်းရေးနှင့် ပူးတွဲပြီး ၂၀၁၆ ခုနှစ်က အမေရိကန် ဒီမိုကရက်တစ်တို့၏ မဲဆွယ်စည်းရုံးမှု လုပ်ငန်းစဉ်အား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း စွပ်စွဲခံနေရသည်။

ယနေ့ခေတ် ရုရှားဟက်ကာတို့၏ စွမ်းရည်များသည် ကွန်ပျူတာနှင့် ပရိုဂရမ်ပိုင်းတွင် ထူးကဲပြောင်မြောက်လှသော ဆိုဗီယက်ခေတ် အစဉ်အလာမှ တိုးတက်ပြောင်းလဲ လာခြင်းဖြစ်သည်။ “ပထမဆုံး ကွန်ပျူတာတွေ အပါအဝင် ဆိုဗီယက်ခေတ် သိပ္ပံပညာရဲ့တိုးတက်အောင်မြင်မှုတွေဟာ စစ်ဘက်ကိုပဲ ရောက်သွားကြတယ်။ အထူးချွန်ဆုံး ကျောင်းသားတွေဟာလည်း စစ်တပ်နှင့် အာကာသပိုင်းဘက်ကို တွန်းပို့ခံရပါတယ်” ဟု မော်စကိုအခြေစိုက် အမှီအခိုကင်းသော သုတေသနနှင့် လေ့လာရေးအဖွဲ့မှ အတိုင်ပင်ခံ တစ်ဦးဖြစ်သည့် အိုလပ်ဒီမီဒိုဗ်က ပြောခဲ့သည်။

ဘဏ်လုပ်ငန်းဆိုင်ရာ ရာဇဝတ်မှုများ

၁၉၉၁ ခုနှစ်က ဆိုဗီယက်ယူနီ ယံ ပြိုလဲသွားပြီးနောက် ယင်း၏ လက်နက်ကိုင်အဖွဲ့များမှာ အစိတ်အမွှာမွှာ ဖြစ်ခဲ့သည်။ ထိုစဉ်က စစ်ဘက်မှ ထိပ်တန်းကျွမ်းကျင်သူများသည် ရုရှားထဲမှ အခြေတည်စ ဘဏ်လုပ်ငန်းထဲသို့ ရောက်သွားကြပြီး အချို့မှာ ထိုနေရာ၌ အလုပ်လုပ်ရန် ဖြစ်သော်လည်း အချို့မှာမူ ထိုနေရာအား ဆိုက်ဘာတိုက်ခိုက်ရန်ဖြစ်သည်။ ထိုခေတ်ကာလအတွင်းက ဘဏ်လုပ်ငန်းကို ပထမဆုံး ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပြီး ပထမဆုံး လက်ညှိုးထိုး ခံရသည်မှာ ရုရှားဟက်ကာများပင် ဖြစ်သည်။

“အခုလည်း ရုရှားဟက်ကာတွေဟာ အကောင်းဆုံး လေ့ကျင့်သင်ကြား ထားကြပြီး ကိရိယာအစုံအလင် ရှိကြကာ ဘဏ်လုပ်ငန်း ရာဇဝတ်မှုတွေမှာ ထိပ်ပိုင်းနေရာကို သိမ်းပိုက်ထားနိုင်ဆဲ ဖြစ်ပါတယ်” ဟု ဒီမီဒိုဗ်က ပြောခဲ့သည်။ ရုရှားဟက်ကာများသည် ၂၀၁၂ မှ ၂၀၁၅ ခုနှစ် ကြားကာလအတွင်း  ကမ္ဘာတစ်ဝန်းမှ ဒေါ်လာသန်းပေါင်း ၇၉၀ ထက်မနည်း ခိုးယူနိုင်ခဲ့ကြသည်ဟု ရုရှားဆိုက်ဘာလုံခြုံရေး လုပ်ငန်းကြီး Kaspersky က ခန့်မှန်းခဲ့သည်။

ရုရှားကွန်ပျူတာ သိပ္ပံပညာရှင်များသည် စိန့်ပီတာစဘတ်၊ မော်စကို၊ နိုဗိုစီဘီအက်၊ ကာဇန် သို့မဟုတ် ခရာနိုယာစ်က်တို့ရှိ အလွန်ခိုင်မာသော တက္ကသိုလ်များ၌ လေ့လာသင်ကြား ခဲ့ကြသူများ ဖြစ်သည်ဟု အထူးသုတေသလုပ်ငန်း Telecom Daily မှ ဒင်းနစ်ကူစကို့ဗ်က ပြောကြားခဲ့သည်။

“သူတို့တစ်တွေဟာ ကမ္ဘာတစ်ဝန်းက ဘယ်နေရာမဆို၊ ဘယ်လို နိုင်ငံတကာ ကုမ္ပဏီမှာမဆို ဝင်လုပ်လို့ ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref : AFP

Most Read

Most Recent