ယီမင်တွင် ရှီအိုက်ဟူသီသူပုန်များ ထိန်းချုပ်ထားသော ဟိုဒေးဒါမြို့၌ သူပုန်အဖွဲ့ ထိပ်တန်းတာဝန်ရှိသူတစ်ဦး လိုက်ပါလာသော SUV ကားတစ်စီးသည် လမ်းမငယ်တစ်ခု ပေါ်ထွက်ပေါ်လာပြီး ရပ်တန့်ကာ ယာဉ်တန်းမှ နောက်ထပ်ယာဉ်တစ်စီးကို စောင့်ဆိုင်းနေစဉ် ဝေဟင်ပေါ်၌မူ ယူအေအီးတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားသော မောင်းသူမဲ့ လေယာဉ်တစ်စင်းက ပျံဝဲနေသည်။
စက္ကန့်ပိုင်း အကြာတွင်မူ ထို SUV ကားသည် ပေါက်ကွဲမီးလောင်သွားခဲ့ပြီး သူပုန်အဖွဲ့၏ ထိပ်တန်းနိုင်ငံရေးသမား ဆာလာအယ်ဆာမတ် သေဆုံးခဲ့သည်။ ပြီးခဲ့သောဧပြီတွင် ထိုကားကို ဒုံးဖြင့်ပစ်ခတ်ခဲ့သော ယင်းမောင်းသူမဲ့လေယာဉ်သည် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အပြီး ယီမင်၊ အီရတ်နှင့် အာဖဂန်နစ္စ တန်တို့၏ ဝေဟင်များတွင် ပျံသန်းနေသော အမေရိကန်လုပ် မောင်းသူမဲ့လေယာဉ် အများအပြားထဲ၌ ပါဝင်သည့် လေယာဉ်မဟုတ်ပေ။ ထိုမောင်းသူမဲ့ လေယာဉ်သည် တရုတ်လုပ်ဖြစ်သည်။
အရပ်သားသေဆုံးမှု မြင့်တက် လာခြင်းအတွက် စည်းမျဉ်းများ တင်းကျပ်လာသောကြောင့် အမေရိကန် လုပ် မောင်းသူမဲ့လေယာဉ်များအား ဝယ်ယူမှုတွင် အကျပ်တွေ့နေစဉ် အရှေ့အလယ်ပိုင်းတစ်ဝန်းရှိ နိုင်ငံ များသည် ကမ္ဘာတွင် မောင်းသူမဲ့ လေယာဉ်များကို အဓိကဖြန့်ဖြူးသူ ဖြစ်သော တရုတ်လက်နက်ကုန်သည်များ၏ ဆွဲဆောင်မှု ခံနေရသည်။
“တရုတ်ကုန်ပစ္စည်းတွေက အခုချိန်မှာ နည်းပညာတွေ မရှိတာ မဟုတ်တော့ဘူး။ စျေးကွက်ဝေစုပဲ မရကြသေးတာ” ဟု တရုတ်စစ်ဘက် သုံးသပ်သူနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ၏ Rocket Force University of Engineering ၌ ကထိကဟောင်း တစ်ဦးဖြစ်သူ Song Zhongping က ပြောကြားခဲ့သည်။ “ပြီးတော့ အမေရိကန်က လက်နက်တင်ပို့မှုတွေကို ကန့်သတ်နေတဲ့ အချိန်မှာ တရုတ်အတွက် ဧရာမအခွင့်အလမ်းရရှိဖို့ ဖြစ်လာတာပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
ထိုရောင်းချမှုကြောင့် အမေရိကန်လုံခြုံရေး အကျိုးစီးပွားအတွက် အလွန်အမင်း အရေးပါသော အရှေ့အလယ်ပိုင်းဒေသ တစ်ဝန်းတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို တိုးချဲ့ရန် ကူညီပေးနေသည်။
ယခုနှစ်အစောပိုင်း၌ ဆော်ဒီအာရေဗျတောင်ပိုင်း ဝေဟင်ပေါ်မှ ဖြတ်၍ ဂြိုဟ်တုက မှတ်တမ်းတင်ခဲ့ မှုတွင် လေတပ်စခန်းတစ်ခု၌ အမေ ရိကန်လုပ် ထောက်လှမ်းရေးမောင်း သူမဲ့လေယာဉ်များကို တရုတ်လုပ် လက်နက်တပ်ဆင်ထားသော မောင်းသူမဲ့လေယာဉ်များနှင့်အတူ တွေ့ရှိ ခဲ့ရသည်။ ယင်းသည် ယီမင်စစ်ပွဲ တွင် မောင်းသူမဲ့လေယာဉ်နှစ်မျိုးကို အသုံးပြုနေကြောင်း ဖော်ပြခဲ့သည့် ပထမဆုံးမှတ်တမ်းတစ်ခု ဖြစ်ခဲ့ကြောင်း နယူးယောက်၏ Bard College မှ မောင်းသူမဲ့လေယာဉ်များအား လေ့လာသည့်စင်တာက ထုတ်ပြန်ခဲ့သည်။ ယီမင်သည် တိုက်ခိုက်မှုပြုလုပ်နိုင်သော မောင်းသူမဲ့ လေယာဉ်များအတွက် စမ်းသပ်ရန် နေရာတစ်ခု ဖြစ်လာခဲ့ကြောင်း၊ ယခင်ကမူ ထိုမောင်းသူမဲ့လေယာဉ် များအား ပေးပို့သည့်အဆင့်မှ တပ်စွဲသည့် အနေအထားသို့ အလျင်အမြန် ပြောင်းလဲသွားခဲ့ကြောင်း ထိုစင်တာမှ ပူးတွဲဒါရိုက်တာ ဒန်ဂတ်တင်ဂါက ပြောကြားခဲ့သည်။
အမေရိကန်သည် ယီမင်တွင် အယ်ကေးဒါး စစ်သွေးကြွများဟု သံသယရှိသူများအားနှိမ်နင်းရန် ၂၀၀၂ ခုနှစ်၌ မောင်းသူမဲ့လေယာဉ်များကို ပထမဆုံး အသုံးပြုခဲ့သည်။
တရုတ်၏ ပို့ကုန်များအနက် အကြီးကျယ်ဆုံးတစ်ခုမှာ တရုတ်အာကာသ စီမံကိန်းအတွက် အကြီးဆုံး ကန်ထရိုက်တာဖြစ်သော အစိုးရပိုင် တရုတ်လေကြောင်း အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) က ထုတ်လုပ်ခဲ့သော အမျိုးအစားများတွင် ပါဝင်သည့် Cai - Hong သို့မဟုတ် Rainbow ဖြစ်သည်။ CASC ၏ CH-4 နှင့် CH-5 အမျိုးအစားများသည် ဆန်ဒီယေဂို အခြေစိုက် General Atomic ၏ Predator နှင့် Reaper မောင်းသူမဲ့ လေယာဉ်များကို ယှဉ်နိုင်ပြီး စျေးနှုန်းလည်း ပိုမိုသက်သာနေသည်။
တရုတ်မောင်းသူမဲ့လေယာဉ် အမျိုးအစားများသည် အမေရိကန်နှင့် ယှဉ်ပါက နောက်တွင် ကျန်နေခဲ့သော်လည်း စျေးနှုန်းက ထက်ဝက် သို့မဟုတ် ယင်းထက်ပို၍ သက်သာနေမှုနှင့် ထိုက်တန်သည့် နည်းပညာ ရှိထားကြောင်း အမှီအခိုကင်းသော လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ အမေရိကန်ရေတပ်အတွက် ယခုနှစ်တွင် မိတ်ဆက်ခဲ့သော ဘိုရင်းကုမ္ပဏီ၏ Stingray ကဲ့သို့ အမေရိကန်၏ အဆင့်မြင့် မောင်းသူမဲ့လေယာဉ် အမျိုးအစားများသည် နည်းပညာပိုင်းအရ သာလွန်နေဆဲ ဖြစ်ကြောင်း CASC မှ အမည်မဖော်လိုသော အမှုဆောင်တစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်နောက်ပိုင်း တရုတ်သည် ဆော်ဒီနှင့် အီရတ်အပါအဝင် နိုင်ငံများသို့ ဒေါ်လာသန်း ၇၀၀ ကျော် တန်ဖိုးရှိ CH-4 အစင်း ၃၀ ကျော်ကို ရောင်းချခဲ့ပြီးဖြစ်ကြောင်း၊ CH-4 ကိုဝယ်ယူရန် နိုင်ငံ ၁၀ နိုင်ငံ ထက်မနည်းက လတ်တလောတွင် ညှိနှိုင်းနေကြောင်း CASC က ထုတ်ပြန်ခဲ့သည်။
တရုတ်သည် အမေရိကန်၏ MQ-9 Reaper မောင်းသူမဲ့လေယာဉ်နှင့် အကြမ်းဖျင်းအားဖြင့် တူညီသော လက်နက်တပ်ဆင်ထားသည့် မောင်းသူမဲ့လေယာဉ် Wing Loong II ကို ပြီးခဲ့သောနှစ်တွင် ယူအေအီးသို့ ရောင်းချခဲ့သည်။ မကြာသေးမီ နှစ်များအတွင်း မောင်းသူမဲ့ လေယာဉ်အမျိုးအစား အားလုံးသည် စစ်ပွဲများတွင် အသုံးပြုမှု မြင့်တက်လာမှုမှတစ်ဆင့် ၎င်းတို့၏ တန်ဖိုးနှင့် အရေးပါမှုတို့ကို ပြသခဲ့ပြီး စစ်ဘက်က သတိပြုမိခဲ့ကြောင်း CASC ၏ ထိပ်တန်းအမှုဆောင်က ပြောကြားခဲ့သည်။ တရုတ်အပါအဝင် နိုင်ငံအများအပြားသည် ထိုလက်နက်စနစ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုအခါအရှိန်မြှင့် လုပ်ဆောင်နေကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်သမ္မတ ရှီကျင်ပင်း လက်ထက်တွင် တရုတ်သည် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောကဲ့သို့ အဆင့်မြင့် လက်နက်များအား ပါကစ္စတန်ကဲ့သို့ အနီးကပ် မဟာမိတ်များထံ တိုးမြှင့်ရောင်းချခဲ့ပြီး ၎င်း၏စစ်တပ်အတွက် စတဲ့သ်တိုက်လေယာဉ်များနှင့် လေယာဉ်တင် သင်္ဘောများအတွက် ရင်းနှီးမြှုပ်နှံမှုကို အရှိန်မြှင့်တင်ခဲ့သည်။
တရုတ်သည် လက်နက်စုစုပေါင်း ရောင်းချရမှုတွင် အမေရိကန်၊ ရုရှား၊ ပြင်သစ်နှင့် ဂျာမနီတို့ နောက်တွင် ကျန်နေခဲ့သော်လည်း ကျော်တက်ရန် ပြင်ဆင်နေသည်။ တရုတ်လက်နက် တင်ပို့မှုများသည် ၂၀၀၈-၁၂ ခုနှစ်များနှင့် ၂၀၁၃-၁၇ ခုနှစ်များ အကြား ၃၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းချမှုများအား ခြေရာခံသော စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျုက ထုတ်ပြန်ခဲ့သည်။
ယီမင်တွင် အရပ်သားများ သေဆုံးမှုပမာဏ မြင့်တက်လာမှုအား ဝေဖန်မှု မြင့်တက်လာခြင်းကြောင့် အမေရိကန်သည် လေဆာလမ်းညွှန်စနစ်များပါသော မောင်းသူမဲ့လေယာဉ်များ အပါအဝင် လက်နက်တပ်ဆင်သည့် မောင်းသူမဲ့လေယာဉ်များအား ဝယ်ယူရာတွင် အမေရိကန်အစိုးရမှတစ်ဆင့် လုပ်ဆောင်ရန် ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ သို့သော် တရုတ်၏ မောင်းသူမဲ့လေယာဉ်များ ရောင်းအား တစ်ရှိန်ထိုး အားကောင်းလာစဉ် အမီလိုက်နိုင်ရန်အတွက် ထိုကန့်သတ်ချက်များကို ပယ်ဖျက်ပေးရန် အမေရိကန် လက်နက်ကုမ္ပဏီများက အစိုးရကို ဖိအားတိုးမြှင့်ပေးခဲ့သည်။
ထိန်းချုပ်မှုများအား ဖြေလျှော့ပေးပြီး General Atomic ၏ လက်နက်တပ်ဆင်ထားသော Reaper မောင်းသူမဲ့ လေယာဉ်များအား ဂျော်ဒန်နှင့် ယူအေအီးတို့သို့ ရောင်းချရန် အမေရိကန် ဥပဒေပြုအမတ် အချို့က သမ္မတဒေါ်နယ်ထရန့်ကို တိုက်တွန်းခဲ့ပြီးနောက် အမေရိကန် လက်နက်ကုမ္ပဏီများ အနေဖြင့် လက်နက်တပ်ဆင်ထားသော အမျိုး အစားများ အပါအဝင် မောင်းသူမဲ့ လေယာဉ်များအား တိုက်ရိုက်ရောင်းချနိုင်ကြောင်း အစိုးရက ဧပြီ ၁၉ ရက်တွင် ခွင့်ပြုပေးခဲ့သည်။
Ref : AFP















