
သြဂုတ် ၂၄ ရက်က ဖူဂျီတောင်အနီးတွင် ကျည်ဆန်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသည့် ဂျပန်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo: AFP)
အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား စကားလုံးစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းတင်းမာမှု မြင့်တက်နေချိန်တွင် ဂျပန်က ဖူဂျီတောင်အနီး၌ ကျည်ဆန်အစစ်ဖြင့် သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၄ ရက်က စတင်ခဲ့သည်။ စစ်သား ၂၄၀၀ ခန့်အပြင် တင့်ကားများ၊ အမြောက်များနှင့် ရဟတ်ယာဉ်များသည် တိုကျို အနောက်ဘက် မိုင် ၅၀ ခန့်အကွာရှိ ဖူဂျီတောင်ခြေတွင် စစ်ရေးလေ့ကျင့်ခဲ့ကြသည်။
လေယာဉ်များမှ လေထီးဖြင့် ဆင်းသက်လာသော စစ်သားများ၊ လေယာဉ်ပစ်အမြောက်များဖြင့် ပစ်ခတ်မှုများ၊ F-2 တိုက်လေယာဉ်များက မီးကျည်များ ပစ်ချမှုများကို လေ့ကျင့်ခဲ့ကြသည်။
ဂျပန်၏ အစွန်အဖျားကျွန်းများသို့ တိုက်ခိုက်မှု တစ်ခုအား တန်ပြန်သည့်အသွင်ဖြင့် စစ်ရေးလေ့ကျင့်မှုကို ဂျပန်ကာကွယ်ရေးတပ်ဖွဲ့များက ပြင်ဆင်လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားက အမေရိကန်ပိုင်နက်နယ်မြေ ဂူအမ်သို့ ဒုံးပစ်ရန် ခြိမ်းခြောက်မှုများ၊ တရုတ်၊ ရုရှားတို့နှင့် ပိုင်နက်အငြင်းပွားမှုများကြောင့် ဂျပန်က စိုးရိမ်နေရသည်။ တရုတ်က အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် လက်ရှိအနေအထားကို ပြောင်းလဲရန် အင်အားသုံး ကြိုးပမ်းမှု၊ မြောက်ကိုရီးယားက နျူကလီးယားလက်နက် နှင့် တိုက်ချင်းပစ် ဒုံးများ ထုတ်လုပ်နေမှု၊ ရုရှား အင်အားပြသမှုစသည့် အခြေအနေများကို ကြုံတွေ့နေရကြောင်း ဂျပန်ကာကွယ်ရေးတပ်ဖွဲ့၏ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကိုဂျီယာ မာဇာကီက ပြောကြားခဲ့သည်။
ဂျပန်ကို ဝန်းရံထားသော လုံခြုံရေးအခြေအနေက စိုးရိမ်ရမှု မြင့်မားလာနေကြောင်းလည်း သူက ထည့်သွင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားက ဂျပန်ကိုကျော်၍ ဂူအမ် ကို ဒုံးဖြင့်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ဂျပန်က ၎င်း၏ ပက်ထရိရော့ ဒုံးကာကွယ်ရေးစနစ်ကို တပ်ဖြန့်ထားခဲ့သည်။
ဂျပန်ပိုင်နက် နယ်မြေကို ထိမှန်ရန် ခြိမ်းခြောက်သည့် မြောက်ကိုရီးယားဒုံးများကို ပစ်ချမည်ဟု ဂျပန်က ပြောကြားထားခဲ့ဖူးသည်။ ဂျပန်သည် မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်း၌ ကျည်ဆန်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှု တစ်ခုကိုလည်း အမေရိကန်နှင့် ဆောင်ရွက်နေသည်။ မြောက်ကိုရီးယားသည် အမေရိကန် စစ်စခန်းများရှိသည့် အမေရိကန်၏ အဓိက မဟာမိတ် ဂျပန်ကို တိုက်ခိုက်မည်ဟု ယခင်ကလည်း ခြိမ်းခြောက်ခဲ့ဖူးသည်။