ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြု

ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြု
Published 25 May 2018

ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား မေ ၂၄ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၃၂ ရက်မြောက်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

“၁၉၁၇ ခုနှစ် မြန်မာနိုင်ငံယစ်မျိုးဥပဒေ ဆွဲခဲ့တဲ့အချိန်က နှစ်တစ်ရာလောက် ကြာမြင့်သွားတာဖြစ်တယ်။ ခေတ်ကာလနဲ့ ပြောင်းလဲလာမှုအရ စီးပွားရေးဆောင်ရွက်မှုပုံစံတွေ၊ ယနေ့ခေတ်ကာလနဲ့ မလျော်ညီတဲ့အချက်အလက်တွေ ပါဝင်နေတယ်။ ဥပဒေမှာပါတဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးဆွဲထားတဲ့အတွက် ဘာသာပြန်ဆိုရာမှာ အဓိပ္ပာယ်ကောက်ယူမှု လွဲမှားခြင်း၊ ပြည့်စုံတိကျစွာ အနက်အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခြင်း မရှိမှုတို့ခြင်းတို့ကြောင့် ခေတ်ကာလနဲ့ လျော်ညီတဲ့ယစ်မျိုးဥပဒေကို မြန်မာဘာသာနဲ့ အသစ်ပြန်လည်ရေးဆွဲရန် လိုအပ်လာတဲ့အတွက် ၂၀၁၇ ဇန်နဝါရီ ၁၃ ရက်မှာ ပြုလုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဥပဒေရေးရာ အကြံပေးကော်မတီများရဲ့ ညှိနှိုင်းစည်းဝေး ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံ ယစ်မျိုးဥပဒေအသစ် ပြန်လည်ရေးဆွဲရေးကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနဲ့ ယစ်မျိုးဥပဒေကို ရေးဆွဲဆောင်ရွက်နေပါတယ်” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားသည်။

ယခုကဲ့သို့ ယစ်မျိုးဥပဒေအား အသစ်ပြန်လည်ရေးဆွဲရာတွင် ရိုးရှင်းလွယ်ကူပြီး အများနားလည်ရန်၊ နိုင်ငံသားများအပေါ် အကျိုးသက်ရောက်ရန်၊ ရေးဆွဲသည့်ဥပဒေသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသာမကပဲ အများပြည်သူ သိရှိနားလည်စေရန်၊ ဌာနအတွက် ကျစ်လစ်ခိုင်မာသည့် ဥပဒေဖြစ်ရန် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ယစ်မျိုးဥပဒေအား အသစ်ပြန်လည်ရေးဆွဲရာတွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အများပြည်သူနားလည်နိုင်သည့် စကားလုံးများဖြင့် ပြုစုနိုင်ရေးအကြံပြု ညှိနှိုင်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား မေ ၁၆ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက်များကို တင်ပြခဲ့ပြီး မေ ၁၅ ရက်တွင် တိုင်းဒေသကြီးလွှတ်တော်သို့ ဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းဥပဒေကြမ်းတွင် နိုင်ငံခြားအရက် လက်ကားရောင်းချခွင့် ယစ်မျိုးလိုင်စင်များဖြစ်သည့် FL-6, FL-8, D-1A, FL-11, FL-12 လိုင်စင်ငါးမျိုးကို လိုင်စင်ရနေရာမဟုတ်သည့် အခြားနေရာများတွင် သိုလှောင်ခွင့်နှုန်းထားများကို ပြည်ထောင်စုနယ်မြေတွင် သတ်မှတ်ထားသည့် နှုန်းထားများ၏ ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်။

ထို့ပြင် ဥပဒေကြမ်းတွင် FL-25 ဂုဏ်သတ္တိပျက် အရက်ပျံရောင်းချခွင့်လိုင်စင်ကို နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် လိုင်စင်နှုန်းထားများဖြစ်သော ကျပ်သုံးသိန်းဖြင့် ပြဋ္ဌာန်းထားကြောင်း သိရသည်။

အဆိုပါဥပဒေကြမ်းနှင့် ပတ်သက်ပြီး မေ ၂၃ ရက်တွင် ရွှေပြည်သာမြို့နယ်မဲဆန္ဒ မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဂေးမောင်က ဆွေးနွေးရာတွင် FL-25 ဂုဏ်သတ္တိပျက် အရက်ပြန်ဆိုသည့်နေရာမှာ အများပြည်သူနှင့် ဥပဒေပညာရှင်များ တိကျရှင်းလင်းစွာ နားလည်စေရန် အဓိပ္ပာယ်ဖွင့်ဆိုချက် တိကျစွာဖွင့်ဆိုပြီး ပြဋ္ဌာန်းသင့်ကြောင်း ပြောကြားသည်။