အကြိုလူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် ကျန်ရှိနေသည့် နေရာများတွင် ပြုလုပ်ခွင့်ရရှိပါက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း RCSS ပြောကြား

အကြိုလူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် ကျန်ရှိနေသည့် နေရာများတွင် ပြုလုပ်ခွင့်ရရှိပါက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း RCSS ပြောကြား
Published 13 May 2018

အကြိုလူထုတွေ့ဆုံပွဲများ ပြုလုပ်ရန် ကျန်ရှိနေသေးသည့် နေရာများတွင် ပြုလုပ်ခွင့်ရရှိပါက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောကြားသည်။

ငြိမ်းချမ်းရေးသတင်းများကို ဖော်ပြနေသည့် Network Media Group နှင့် ပြုလုပ်သော သီးသန့်အင်တာဗျူးတွင် ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ယင်းကဲ့သို့ ဖြေကြားထားခြင်းဖြစ်သည်။ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရေးနှင့် ပတ်သက်၍ RCSS တာဝန်ရှိသူများထံ The Daily Eleven သတင်းစာက ကြိမ်ဖန်များစွာ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

“ကျွန်တော်တို့အနေနဲ့ကတော့ (တပ်မတော်နှင့်) ညှိထားတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ပြည်သူတွေကို ပြန်လည်ပြီးတော့ တွေ့ဆုံခွင့်ပေးဖို့ပေါ့နော်။ ကျန်နေသေးတဲ့ ငါးနေရာမှာလည်း ကျွန်တော်တို့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးဖို့ အဲဒီလိုမျိုးရရှိမယ်ဆိုရင် ကျွန်တော်တို့ကလည်း လင်းခေးမှာကျင်းပမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျွန်တော်တို့လုပ်ဆောင်သွားမယ်ဆိုတဲ့ အနေအထားမှာလည်း ရှိပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောကြားသည်။

လက်ရှိ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ တပ်မတော်နှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောကြားသည်။ “ကျွန်တော်တို့ Option (ရွေးချယ်နိုင်ခွင့်) တွေ အပြန်အလှန် ဆွေးနွေးတာပေါ့နော်။ သူတို့အနေနဲ့ကတော့ တောင်ကြီးမှာကျင်းပမယ့် အကြိုပေါ့။ အဲဒီအကြိုကို အကြိုဆိုတဲ့ပုံစံမျိုးနဲ့လည်း မလုပ်ခိုင်းဘဲနဲ့ ကျွန်တော်တို့ကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီ အစည်းအဝေးသဘောမျိုးနဲ့ ပြန်ပြီးလုပ်ဆောင်ခိုင်းတယ်။ ပြည်သူလူထုတွေကိုလည်း လင်းခေးမှာစုပြီးတော့ သွားပြီးတော့ ဆွေးနွေးဖို့ အဲဒီလိုမျိုး ပြောလာတာရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ကျတော့ တောင်ကြီးမှာလည်း ရပါတယ်။ ကျွန်တော်တို့အကြိုအနေနဲ့ ဆွေးနွေးဖို့ ကျွန်တော်တို့ တောင်းဆိုထားတာရှိတယ်။ ဒါပေမဲ့ အပြန်အလှန်တော့ တောင်းဆိုနေတုန်းပဲပေါ့” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက ဆိုသည်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲများကို ရှမ်းတိုင်းရင်းသားများ နေထိုင်ရာ မြို့နယ်များတွင် NCA ရေးထိုးထားသည့် RCSS က ဦးဆောင်ပြီး ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းအဖွဲ့အစည်းများ ပူးပေါင်း၍ အဖွဲ့များခွဲပြီး လိုက်လံပြုလုပ်ရာတွင် တပ်မတော်၏ တားမြစ်မှုကိုခံခဲ့ရပြီး နောက်ပိုင်းတွင် အုပ်ချုပ်ရေးပိုင်းကပါ တားမြစ်ခဲ့သည်။

Most Read

Most Recent