စစ်ဘက်ဆိုင်ရာ အကူအညီပြန်ပေးရန်နှင့် အစ္စလာမ္မစ်များ၏ အင်အားအတွက် အစ္စလာမ္မာဘတ်ကို အပြစ်တင်ခြင်းအား ရပ်တန့်ရန် ပါကစ္စတန်က အမေရိကန်ကို တောင်းဆိုခဲ့ပြီးနောက် အာဖဂန်နစ္စတန်၏ ၁၇ နှစ်ကြာ စစ်ပွဲအဆုံးသတ်ရေးအတွက် တာလီဘန်နှင့် စေ့စပ်ဆွေးနွေးမှုများတွင် ကူညီမည်ဟု အောက်တိုဘာ ၃ ရက်တွင် ကတိပြုခဲ့သည်။
ဝန်ကြီးချုပ်အသစ် အီမရန်ခန်း၏ အာဖဂန်နစ္စတန်မဟာဗျူဟာကို ရှင်းပြရန်အတွက် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမက်မွတ်ကူရေရှီသည် ၀ါရှင်တန်သို့ သွားရောက်ခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ပါကစ္စတန်နှင့်ပတ်သက်ပြီး နားထောင်ပေးရန် အသင့်ရှိသည်ကို သိရှိခဲ့ကြောင်း ၀ါရှင်တန်က စစ်ရေးအကူအညီ ဒေါ်လာသန်း ၃၀၀ ဖြတ်တောက်ခဲ့ပြီး တစ်လအကြာတွင် ကူရေရှီက ပြောကြားခဲ့သည်။
ပါကစ္စတန်သည် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုများအပြီး အမေရိကန်စစ်ဆင်ရေး မစမီအထိ အာဖဂန်နစ္စတန်နိုင်ငံ၏ နယ်မြေအများအပြားတွင် တင်းကျပ်သည့် အစ္စလာမ်စည်းကမ်း ပြဋ္ဌာန်းခဲ့သည့် တာလီဘန်အစိုးရကို အဓိက ထောက်ပံ့ပေးသူ ဖြစ်ခဲ့သည်။
အာဖဂန်နစ္စတန်တွင် ပါဝင်ပတ်သက်သည့် စစ်သွေးကြွအဖွဲ့များအပြင် ပြင်းထန်သည့် အိန္ဒိယဆန့်ကျင်ရေးအဖွဲ့များကို နှိမ်နင်းရန် အမေရိကန်က ပါကစ္စတန်ကို နှစ်ပေါင်းများစွာ ဖိအားပေးခဲ့သည်။
စစ်သွေးကြွများသည် ပါကစ္စတန်၏ နယ်စပ်ဒေသများတွင် ဘေးကင်းစွာ ခိုလှုံနေပြီး ပါကစ္စတန်၏ လျှို့ဝှက်သိုသိပ်သော စစ်တပ်အဖွဲ့အစည်းနှင့် ချိတ်ဆက်မှုရှိသည်ဟု အမေရိကန်က ပြောကြားခဲ့သော်လည်း ပါကစ္စတန်ကမူ ယင်းစွပ်စွဲချက်များကို အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။ ပါကစ္စတန်သည် လှည့်စားနေခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စွပ်စွဲခဲ့သည်။
တာလီဘန်နှင့် သံတမန်ဆက်ဆံရေး တွန်းအားပေးရန် ပါကစ္စတန်က ဆောင်ရွက်ပေးမည်ဟု ကူရေရှီက ပြောကြားခဲ့သည်။
“ပါကစ္စတန်အစိုးရမှာ ဆန္ဒရှိတယ်။ ဒီလိုလုပ်ပေးဖို့ ရှိသမျှ အရှိန်အဝါအားလုံးကို အသုံးပြုသွားမှာပါ။ အာဖဂန်နစ္စတန်ရဲ့ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးက ကျွန်တော်တို့နဲ့ ဆက်စပ်မှုရှိတယ်လို့ ခံစားရတယ်” ဟု ကူရေရှီက ပွန်ပီယိုနှင့် တွေ့ဆုံခဲ့ပြီးနောက် တစ်ရက်အကြာတွင် အမေရိကန်ငြိမ်းချမ်းရေးသိပ္ပံတွင် ပြောကြားခဲ့သည်။
စေ့စပ်ဆွေးနွေးပွဲများအတွက် တာလီဘန်၏ သဘောထားပြောင်းလဲမှုနှင့် ယာယီအပစ်အခတ် ရပ်စဲရေးကဲ့သို့သော မကြုံစဖူးဖြစ်စဉ်တို့က စစ်သွေးကြွများက ကိုယ်ပိုင်တွက်ချက်မှုဖြင့် လုပ်ဆောင်ခဲ့သည်ဟု ယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကဘူးအစိုးရအဖွဲ့အတွင်း ညီညွတ်မှု မရှိခြင်းနှင့် ခြစားမှုကို ကူရေရှီက ထောက်ပြခဲ့ပြီး အာဖဂန်နစ္စတန်တွင် မအောင်မြင်မှုအတွက် ပါကစ္စတန်တွင် တာဝန်မရှိကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန် စေ့စပ်ဆွေးနွေးမှုတွင် ပါကစ္စတန်က အရေးပါသည့်ကဏ္ဍတစ်ခုမှ ပါဝင်သည်ဟု ပွန်ပီယိုက ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဟဲသာနော်ဝပ်က ပြောကြားခဲ့သည်။















